By The Myanmar Times, Shweproperty.com
Updated at 13 September 2017
မကြာခင်ထုတ်ပြန်မည့် ကွန်ဒိုနည်းဥပဒေတွင် နိုင်ငံခြားသားများအနေဖြင့် ကွန်ဒိုတစ်ခုလုံး၏ စုစုပေါင်း အခန်း ၄ဝ ရာခိုင်နှုန်းထိ ဝယ်ယူခွင့်ပြုပေးမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်တည်းက ဝယ်ယူလိုလျှင် အများဆုံး ၂၅ ရာခိုင်နှုန်းအထိ ဝယ်ယူခွင့်ရမည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးနွေမှူးက ပြောသည်။
မြန်မာနိုင်ငံမှ နာမည်ပျက်စာရင်းသွင်းခံထား ရသူများမှာမူ ဝယ်ယူခွင့်ရမည်မဟုတ်ပေ။
လက်ရှိအိမ်ခြံမြေဈေးကွက်သည် အရောင်းအဝယ် အေးစက်နေရာ ယင်းအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်သော နိုင်ငံခြားသားများကိုပါ အခန်းဝယ်ခွင့် ပေးမည့် ကွန်ဒိုဥပဒေကို အများက စောင့်မျှော် နေခဲ့ကြသည်။ သို့သော် ဥပဒေ၏နောက်ဆက်တွဲဖြစ်သည့် နည်းဥပဒေမထွက်သေးသဖြင့် အသေးစိတ်လုပ်ထုံးလုပ်နည်းများ အသက်မဝင် သေးသဖြင့် ဈေးကွက်မသွက်လာသေးဘဲ နည်းဥပဒေကို ဆက်စောင့်နေခဲ့ကြရသည်။
သို့ရာတွင် နည်းဥပဒေမှာလည်း မကြာခင် ထွက်ရှိတော့မည်ဟု တာဝန်ရှိသူများကဆိုထားပြီး ယင်းနည်းဥပဒေတွင် ပါဝင်လာမည့် ပြဠာန်းချက် များအား ဦးနွေမှူးက မြန်မာတိုင်း(မ်)ကို ပြောကြားခြင်းဖြစ်သည်။
ကွန်ဒိုဥပဒေတွင် အခန်းဝယ်ယူသူတိုင်းသည် မိမိဝယ်ထားသည့် အခန်းပမာဏအတိုင်း မြေရာကိုလည်း ခွဲဝေပိုင်ဆိုင်ခွင့်ရှိသည်ဟု ပြဠာန်းထားရာ နိုင်ငံခြားသားများကလည်း မြေရာပိုင်ဆိုင်ခွင့်ရှိမည့်သဘော ဖြစ်နေသည်။
သို့ဖြစ်၍ ယင်းအချက်ကိုမူ နည်းဥပဒေဖြင့် ထပ်မံကန့်သတ်သည့်အနေဖြင့် နိုင်ငံခြားသားသည် အဆောက်အအုံ၏ သက်တမ်းကာလအတွင်းသာပိုင်ဆိုင်ခွင့်ရှိရမည်ဟူသည့် အချက်ကို ထပ်မံဖြည့်သွင်းရန် ရှေ့နေချုပ်ရုံးက အကြံပြုလာသဖြင့် ညှိနေရသေးကြောင်း ဦးနွေမှူးက ဆိုသည်။
ကွန်ဒိုဆောက်သူသည် အုတ်မြစ်ချလုပ်ငန်း ၃ဝ ရာခိုင်နှုန်းပြီးစီးမှ မှတ်ပုံတင်အရာရှိထံသို့လာရောက် အသိပေးရမည်ဖြစ်ကာ ထိုသို့အသိပေးပြီးမှသာ အခန်းများကို ကြိုပွိုင့်စနစ်ဖြင့် စတင်ရောင်းချနိုင်မည်ဖြစ်သည်။ ကြိုတင်ရောင်းချရငွေကိုလည်း ဘဏ်တွင်အပ်နှံကာ အဆောက်အအုံတည်ဆောက်မှုအတွက်သာ ထုတ်ယူသုံးစွဲရမည်ဖြစ်ပြီး ပြင်ပတွင် သုံးစွဲခွင့်မရှိကြောင်း ၎င်းက ဆိုသည်။
''တချို့က အခန်းတစ်ခန်းတည်းကို သုံးယောက်လောက် လိုက်ရောင်းထားတာမျိုးရှိတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ဝယ်ယူသူဘက်က အလိမ်အညာခံရတာမျိုးမဖြစ်အောင် ထည့်သွင်းရေးဆွဲထားတာဖြစ်ပါတယ်''ဟု ဦးနွေမှူးက ပြောသည်။
ကွန်ဒိုနည်းဥပဒေထွက်ရှိလာပါက ပိုင်ဆိုင်မှုများ သေချာခိုင်မာလာမည်ဖြစ်ပြီး ရရှိရမည့် အကျိုးခံစားခွင့်များကိုလည်း ဝယ်ယူသူများဘက်မှ သေချာပိုင်းခြား သိမြင်လာမည်ဖြစ်ကြောင်း၊ လက်ရှိ အေးစက်နေသော အိမ်ရာအရောင်းဈေးကွက်လည်း သွက်လာမည်ဟု ဦးနွေမှူးက ခန့်မှန်းသည်။
ထို့ပြင် နည်းဥပဒေတွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကစားခြင်း မပြုလုပ်စေရန် အဆောက်အအုံ၏ ၇၅ ရာခိုင်နှုန်းကို မဖြစ်မနေ ရောင်းကိုရောင်းရမည်ဟူသည့်အချက်ကို ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။
အာရှမြေဆောက်လုပ်ရေးလုပ်ငန်း အထွေထွေ မန်နေဂျာ ဦးရန်အောင်ကမူ ကွန်ဒိုနည်းဥပဒေတွင် ကွန်ဒိုတိုက်ခန်းများအတွက်သာမက အခြားအထပ်မြင့်အဆောက်အအုံများအတွက်ပါ ထည့်သွင်းရေးဆွဲစေလိုကြောင်း၊ ဘိုးဘွားစဉ်ဆက် အမွေဆက်ခံခွင့်ရရှိစေရန်၊ မြေပိုင်ခွင့်ရရှိစေရန်၊ ခိုင်မာမှုနှင့် ပိုင်ဆိုင်မှုအတွက် အာမခံချက်အခိုင်အမာရှိစေရန်၊ ဘဏ်နှင့်ချိတ်ဆက်ပြီး အရစ်ကျဝယ်ယူခွင့်ရရှိစေရန် စသည့်အချက်များ ပါဝင်လာရန် မျှော်လင့်ကြောင်း ပြောသည်။
ကွန်ဒိုဥပဒေတွင်ပါရှိသည့် နိုင်ငံခြားသား ဝယ်ယူခွင့်ပေးမည့်အချက်သည် အိမ်ခြံမြေဈေးကွက်ကို ပြန်လည် ဦးမော့လာစေနိုင်မည်ဟု မျှော်လင့်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဒုဥက္ကဠ ဦးစိုင်းခွန်နောင်က ပြောသည်။
နိုင်ငံခြားသားများအတွက် ငှားရမ်းနေထိုင် ခြင်းသည် ဈေးနှုန်းအတက်အကျ မြန်လွန်းသည့် အတွက် အဆင်မပြေမှုများရှိကြောင်း၊ အခန်းဝယ်ယူခွင့်ပြုလိုက်ပါက ကွန်ဒိုဈေးကွက်ကိုအထောက်အကူပြုနိုင်ကြောင်း၊ ကွန်ဒိုဥပဒေတွင် ပါဝင်သည့် အရည်အသွေးကန့်သတ်ချက်များကြောင့် အဆောက်အအုံများ ပိုမိုကောင်းမွန်လာမည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းကဆိုသည်။
''ဥပဒေကို လေ့လာရသလောက် တော်တော်ပြည့်စုံပြီး လက်ခံလို့ရတဲ့အချက်တွေပဲ ဖြစ်ပါတယ်။ နည်းဥပဒေကိုတော့ မြန်မြန်ထွက်လာဖို့ပဲ မျှော်လင့်ပါတယ်''ဟု ၎င်းက ဆက်ပြောသည်။
ကွန်ဒိုတစ်လုံးသည် အနည်းဆုံးမြေဧရိယာ စတုရန်း ပေ ၂ဝ,ဝဝဝ နှင့်အထက်ရှိရမည်ဖြစ်ပြီး ခြောက်လွှာနှင့်အထက်ရှိရမည်ဟု ဥပဒေတွင် ပြဠာန်းထားသည်။
နည်းဥပဒေထွက်ပြီးပါက ဥပဒေနှင့်ကိုက်ညီသော အဆောက်အအုံမှန်သမျှ သတ်မှတ်ချက်အတိုင်း အကျိုးခံစားခွင့် ရမည်ဖြစ်ကာ နည်းဥပဒေမထွက်မီဆောက်ထားသော အဆောက်အအုံများလည်း စံနှင့်ညီလျှင် အကျိုးခံစားခွင့်ရမည်ဖြစ်သည်။
Ref : The Myanmar Times
Photo Credit : Social
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties