By Home & Services, Shweproperty.com
Updated at 20 May 2015
ရန်ကုန်မြို့အပါအဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ တောင်ကြီးမြို့တွင် လမ်းများနှင့် အိမ်ခြံအတွင်းအပြင်များတွင် တစ်မြို့လုံးနီးပါး ကွန်ကရစ်များခင်းကျင်းထားခြင်းကြောင့် မြေနေရာများပျောက်ကွယ်ကာ မိုးရွာသည့်အချိန်တွင် မြေကြီးမှ ရေစုပ်ယူမှုနှင့် စိမ့်ဝင်ဧရိယာ ကျဉ်းမြောင်းသွားသဖြင့် မိုးနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သည်ဟု သဘာဝပတ်ဝန်းကျင်ထိမ်သိမ်းရေး ပညာရှင် (အောင်ပင်လယ် မဂ္ဂဇင်း အယ်ဒီတာချုပ်) ဒေါ်ဒေဝီသန့်စင်က ပြောသည်။
“ဘယ်လောက်ပဲ မြောင်းတွေဖော်ဖော် အဆောက်အအုံတွေများလာတာနဲ့ လမ်းတွေချဲ့ပြီးခင်းတာကြောင့် မြေကြီးကမရှိသလောက် ရှားလာတယ်။ ဥပမာ တောင်ကြီးမြို့ကိုကြည့်။ တောင်ကြီးမှာ ချမ်းသာတဲ့သူတွေက များတော့ အိမ်တိုင်းလိုလို ခြံအပြည့် ကွန်ကရစ်ခင်းထားတယ်။ တစ်ခါပိုနေတဲ့ စည်ပင်မြေနေရာမှာ အပင်မစိုက်ဘဲ ကွန်ကရစ် ခင်းပြစ်တယ်။
ရန်ကုန်မှာက ပိုဆိုးတယ်။ ကစားကွင်းတို့လို အပန်းဖြေဖို့နေရာတွေမှာ ကားတွေရပ်ဖို့ ကားပါကင်တွေဆောက်တယ်။ ကွန်ကရစ် ပလက်ဖောင်း ဖြစ်သွားတော့ မြေကြီးဆိုတော့ မရှိတော့ဘူး။ ဘယ်မှာလဲ မိုးရွာရင် ရေစုပ်ဖို့ မြေကြီး။ အရင်က ရွာတဲ့မိုးကို မျှဝေစုပ်တဲ့ မြေကြီးဧရိယာကျယ်တယ်။ ခုမြေကြီးဧရိယာက တဖြည်းဖြည်း ကျဉ်းသွားတဲ့အတွက် ရေကြီးနိုင်တယ်လို့ ပြောတာ”ဟု ၎င်းက ရှင်းပြသည်။
ထိုသို့ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရန် ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများ တူးဖော်ခြင်း၊ အမှိုက်များ စနစ်တကျ စွန့်ပစ်ခြင်း၊ သိမ်းဆည်းခြင်းဖြင့် ကာကွယ်နိုင်ကြောင်း ဒေါဒေဝီသန့်စင်က ပြောသည်။
“လမ်းတွေ၊အိမ်တွေမှာ ကွန်ကရစ်ခင်းတာ တစ်မျိုးတည်းနဲ့ ရေကြီးတာမဟုတ်ဖူး။ ရေမြောင်းတွေကို ကောင်းကောင်းလုပ်ဖို့နဲ့ အမှိုက်တွေ စည်းကမ်းတကျ ပစ်ဖို့လည်းလိုတယ်။ ရေမြောင်းတွေထဲ အမှိုက်ပစ်တာမျိုးပေါ့၊ ရေမြောင်းတွေဆိုလည်း အင်္ဂလိပ် လက်ထက်ကလို ရေမြောင်းအနက်ကြီးတွေ လုပ်ဖို့လိုတယ်။ ဒါမှရေလျှံမှုတွေ မဖြစ်နိုင်တော့မှာပေါ့”၎င်းကပြောသည်။
ထို့ကြောင့်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကလည်း နှစ်စဉ်မိုးရာသီရောက်တိုင်း ဖြစ်ပေါ်နေသောရေလျှံမှုများ လျော့နည်းစေရန်အတွက် ယခင်နှစ်မှ စကာ မြို့နယ်အသီးသီးတွင် ရေမြောင်းများတူးဖော်ခြင်း၊ အမှိုက်များ စနစ်တကျသိမ်းဆည်းခြင်းနှင့် လမ်ဘေးပလက်ဖောင်းများ ပြုပြင်ခြင်းများဆောင်ရွတ်လျက်ရှိသည်ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ လက်ထောက်ဌာနမှုး ဦးစိုးသိန်းအောင်မှ ပြောသည်။
“ရန်ကုန်မြို့မှာက လူနေထူထပ်တဲ့အတွက် အဆောက်အအုံများတယ်။ အခုဆိုကားတွေကလည်း များလာတော့ လမ်းပိတ်ဆို့မှုတွေ ဖြစ်တယ်။ ကားထားဖို့နေရာ အခက်အခဲဖြစ်လာတော့ ကားပါကင်တွေ တိုးချဲ့ ဆောက်ရတယ်။ လူနေသိပ်သည်းမှု များလာတာနဲ့ အမျှ အမှိုက်ပစ်တဲ့စည်းကမ်းကို အချိန်မီ မဆောင်ရွတ်နိုင်ခဲ့ဘူး။ ဒီနှစ်မှာအားလုံးဆောင်ရွတ်နိုင်အောင် ကြိုးစားနေတယ်။ ရေမြောင်းတူးမှုကို ဆောင်ရွတ်နေတာ (၅၀) ရာခိုင်နှုန်းလောက် ပြီးစီးနေ ပါပြီ”ဟု ၎င်းကပြောသည်။
အဆိုပါဆောင်ရွတ်ချက်များကို ရန်ကုန်မြို့တွင်းရှိ မြို့နယ်များ၊ မြို့ပြင်ရှိ မြို့နယ်များဖြစ်သော မင်္ဂလာဒုံ၊ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး မြို့နယ်များရှိ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်စည်ပင်များက ဆောင်ရွတ်လျက်ရှိသည်ဟု ၎င်းကဆိုသည်။
Ref : Home & Services
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties