By Eleven Media Group, Shweproperty.com
Updated at 15 February 2016
ရန်ကုန်မြို့တွင် တစ်လလျှင် ပျမ်းမျှ အထပ်မြင့် အထပ်နိမ့် အဆောက်အအုံ အလုံးရေ ၅၀၀ ကျော် ခွင့်ပြုနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံ ဌာနမှ သိရသည်။ ယင်းသို့ ဆောက်လုပ်ခွင့်ပါမစ် တစ်လလျှင် အလုံးရေ ၅၀၀ ခန့် ခွင့်ပြုထားသော်လည်း မြေပြင်တွင် အမှန်တကယ် ဆောက်လုပ်ခြင်း ရှိ မရှိကိုမူ အတိအကျ မသိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုမှုကတော့ ပုံမှန်ပါပဲ။ တစ်လကို အလုံး ၅၀၀ လောက်ကို ခွင့်ပြုမိန့်ပါမစ် ထုတ်ပေးနေတာ။ ဒါပေမဲ့ မြေပြင်မှာ ဆောက်မဆောက်တော့ မသိဘူးပေါ့” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
အိမ်ခြံမြေ ဈေးကွက်တွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း တိုက်ခန်းအရောင်းများ သိသာစွာ အေးခဲ့ပြီး ရန်ကုန်မြို့တွင် တိုက်ခန်းဆောက်လုပ်မှုများလည်း လျော့နည်းခဲ့ကြောင်း၊ အထူးသဖြင့် ဆင်ခြေဖုံး မြို့နယ်များဖြစ်သော သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ စသည့် မြို့နယ်များတွင် ဆောက်လုပ်နေသည့် ကန်ထရိုက်တိုက်များ ဆက်လက် ဆောက်လုပ်ခြင်း မရှိတော့ဘဲ ရပ်ဆိုင်းခဲ့ရမှုများပင် ရှိကြောင်း သိရသည်။
ထိုထက် ပိုဆိုးသည်မှာ အချို့ ကန်ထရိုက်များ ဆက်လက် မဆောက်လုပ်တော့ဘဲ ထွက်ပြေးသွားခဲ့ခြင်းကြောင့် သက်ဆိုင်ရာ မြေရှင်က ကြီးကြပ်ကာ ဆက်လက်ဆောက်လုပ်နေရသည်လည်းရှိကြောင်း စုံစမ်း သိရသည်။
သို့သော် ယင်းသို့ ဈေးကွက်အတွင်း တိုက်ခန်း အရောင်းအဝယ် သိသာစွာ အေးနေသည့် အချိန်တွင် တစ်ဖက်တွင် ရန်ကုန်မြို့၌ အဆောက်အအုံ ဆောက်လုပ်ခွင့် ပါမစ်များကို တစ်လလျှင် အလုံး ၅၀၀ ကျော်ဖြင့် ပုံမှန်အတိုင်း ခွင့်ပြုပေးနေခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဆိုထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဇန်နဝါရီမှ သြဂုတ်ကုန်အထိ ရန်ကုန်မြို့၌ အထပ်မြင့် အထပ်နိမ့် အဆောက်အအုံ အရေအတွက် ၄၃၂၉ လုံး ဆောက်လုပ်ခွင့် ပြုခဲ့ရာမှ ၂၁၁၅ ခုနှစ် ဇန်နဝါရီမှ သြဂုတ်ကုန်အထိ အထပ်မြင့်၊ အထပ်နိမ့် အဆောက်အအုံ စုစုပေါင်း ၄၈၅၃ လုံး ဆောက်လုပ်ခွင့် ပြုခဲ့ခြင်းကြောင့် အဆောက်အအုံ ဆောက်လုပ်မှု လျော့ကျသွားခြင်း မရှိခဲ့ဟု ဆိုသော်လည်း ၂၀၁၅ နှစ်ကုန်ပိုင်းတွင် အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုမှု အရေအတွက်များ အနည်းငယ် ကျဆင်းသွားခဲ့သည်ဟု သိရသည်။
“တိုက်ခန်းဈေးကွက် တော်တော်ကို အေးနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ကတော့ ဆောက်နေတာပဲ။ ထိန်းတော့ ထိန်းရတာပေါ့။ အရင်လို ဝုန်းဒိုင်းကြဲ မဆောက်ရဲတော့ဘူး။ အခုက ဆောက်လုပ်ရေးထဲကို ပေါ်ပင်ဝင်လာတဲ့ သူတွေကတော့ ဈေးကွက် အနေအထားအရ စီမံကိန်း အသစ်တွေ ထပ်မဆောက်တော့ဘူး။ နောက်တစ်နှစ်ခွဲလောက် ဆိုရင်တော့ အစိုးရ အပြောင်းအလဲနဲ့ ပြည်ပကလည်း ဝင်လာမယ်ဆိုရင် လိုအပ်ချက် မြင့်မားပြီး ဈေးကွက်ပြန်ကောင်းလာမယ်လို့ မျှော်လင့်ထားပါတယ်” ဟု ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
Ref : Eleven Media Group
Photo Credit : Eleven Media Group
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties