By သီဟ(မြစ်မခ), Shweproperty.com
Updated at 18 September 2013
နိုင်ငံတော်အစိုးရက အိမ်ခြံမြေဈေးနှုန်းကြီးမြင့်မှုနှင့် ဈေးကွက်အတက်အကျကို ထိန်းချုပ်ရန် ယခုလကုန်ပိုင်း၌ တစ်ပေပတ်လည် ဈေးနှုန်းများ သတ်မှတ်မည်ဆိုသောကြောင့် ရန်ကုန်မြို့အတွင်းရှိ အိမ်ခြံမြေအရောင်းအဝယ်များ ငြိမ်သွားခဲ့ပြီး ဈေးနှုန်းများလည်း တန့်နေကြောင်း၊ ယင်းသတ်မှတ်ချက်သည် မြေဈေးအား မထိန်းချုပ်နိုင်ပါက ဈေးနှုန်းများမှာ အဆမတန်ဈေးတက်သွားနိုင်သည် ဟု ရန်ကုန်မြို့တွင်းရှိ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။
“ရန်ကုန်မှာ မြေဈေးရော၊ တိုက်ခန်း ကွန်ဒိုဈေးရောက အခု လောလောဆယ် မတရားတက်နေတယ်၊ ကန်ထရိုက်တွေကလည်း မြေဈေးကို လိုက်ပြီး ဈေးကိုမတရားတင် ရောင်းတာတွေရှိတယ်၊ ဝယ်သူဘက်က ကြည့်မယ်ဆိုရင် ဝယ်ပြီးသားကို ပိုင်တာကလွဲပြီး ဘာမှအာမခံချက်မရှိဘူး၊ ဝယ်သူတွေကပဲ အဓိက ဖြေရှင်းနေရတာဆိုတော့ နစ်နာပါတယ်” ဟု Excellent အိမ်ခြံမြေလုပ်ငန်းမှ ကိုမောင်မောင်ကြီးက ပြောသည်။
အိမ်ခြံမြေဈေးနှုန်း အတိအကျသတ်မှတ်ပြီးပါက အိမ်ခြံမြေဈေးကွက်များ သိသိသာသာ ပြောင်းလဲ သွားနိုင်ကြောင်း၊ယခုအချိန်မှာ ရောင်းသူရောဝယ်သူပါ စောင့်ကြည့်နေသည့် အချိန်ဖြစ်နေကြောင်း၊ ယခုလတ်တလော အရောင်းထိုင်းနေသည်ဟု ဒဂုံအရှေ့ပိုင်း အခြေစိုက် အိမ်ခြံမြေအကျိုးဆောင် ဦးမြင့်ဌေးက ဆိုသည်။
“မြို့ထဲမှာတော့ တိုက်ခန်းတွေက အရောင်းအဝယ်အရမ်းဖြစ်တယ်။ တရားဝင်မြေဈေးသတ်မှတ်လိုက်ရင် အစိုးရကိုအခွန်ဆောင် ရမယ့် စရိတ်ရှိမယ်။ တိုက်ခန်းတန်ဖိုးနဲ့ ပေါင်းလိုက်ရင် ဈေးပိုများသွားမလားဆိုပြီး အခုကတည်းက အတင်းလိုက်ဝယ်နေကြတာ များတယ်” ဟု မရမ်းကုန်းမြို့နယ်နေတိုက်ခန်းဝယ်ယူရန် ကြိုးစားနေသူမရင်ငြိမ်းမွန်က ပြောသည်။
ဝယ်လိုသူများဘက်က ဈေးသတ်မှတ်လိုက်ပါက အခွန်ဆောင်စရိတ်အပိုဆောင်းလာနိုင်ပြီး၊ ရောင်းသူ အကျိုးဆောင်များကလည်း ဈေးသတ်မှတ်လိုက်ပါက ဈေးကျသွားနိုင်သောကြောင့် ယခုကာလအတွင်း ဝယ်သူများကို သာမန်ထက်ဈေးတင်၍ ရောင်းချနေသည့် အကျိုးဆောင်အချို့နှင့် ကြုံတွေ့ရပြီး ဈေးနှစ်ဆခန့်တင်ကာ ရောင်းနေသည်ဟု မရင်ငြိမ်းမွန်က ၎င်း၏အတွေ့အကြုံ ကို ရှင်းပြသည်။
“မြောက်ဒဂုံဘက်မှာဆိုရင်တော့ မြေအရောင်းအဝယ်တွေ သိသိသာသာအေးသွားတယ်။ ရန်ကုန်မြို့အတွင်းမှာလည်း တိုက်ခန်းတွေ၊ ကွန်ဒိုတွေတောင် နည်းနည်းတန့်သွားတယ်”ဟု နဂါးညီနောင်အိမ်ခြံမြေအကျိုးဆောင်ပိုင်ရှင် ကိုကျော်ဇင်သန့်က ပြောသည်။
နိုင်ငံတော်အနေဖြင့် မြေဈေးများသတ်မှတ်မှုအပေါ်တွင် ဖိဖိစီးစီးလုပ်ဆောင်မည်ကို ကြိုဆိုမည်ဆိုသော်လည်း အခွန်၁၅ရာခိုင် နှုန်းမှ ၃၀ရာခိုင်နှုန်း တိုးကောက်မည်ဆိုသည့်အချက်အပေါ်တွင် ယင်းအခွန်အား ပြည်သူ့ကျန်းမာရေး၊ ပညာရေးနှင့် အခြား ဖွံ့ဖြိုး ရေးလုပ်ငန်းများတွင် အမှန်တကယ်အသုံးချစေလိုကြောင်း၊ မြေဈေးကို အမှန်တကယ်မထိန်းချုပ်နိုင်ပါက ရန်ကုန်အိမ်ခြံ မြေ ဈေးကွက်မှာ ကာလပေါက်ဈေးထက် အဆမတန်မြင့်တက်သွားနိုင်ကြောင်း Excellent အိမ်ခြံမြေလုပ်ငန်းမှ ကိုမောင်မောင်ကြီး က သုံးသပ်သည်။
Ref : Shwesathtagan Journal
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties