By Myanmar Builders Guide, Shweproperty.com
Updated at 11 December 2018
ရန်ကုန်မြို့သစ်စီမံကိန်းအတွက် Pre-Project Documents (PPD) ကို အပြီးသတ်ရေးဆွဲထားပြီး PPD မူကြမ်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးရှေ့နေချုပ်ရုံးကို တင်ပြမည်ဖြစ်ကာ သက်ဆိုင်ရာ အာဏာပိုင်များထံမှ ခွင့်ပြုချက်ရရှိပြီးပါက PPD ကို ကြေညာသွားမည်ဖြစ်ပြီး NYDC Challenge တင်ဒါကိုလည်း စတင်သွားမည်ဖြစ်ကြောင်း New Yangon Development ကုမ္ပဏီ၏ Website တွင် ဖော်ပြထားမှုအရ သိရသည်။
တံတားနှစ်စင်း၊ ၂၆ ကီလိုမီတာရှိ လမ်းမကြီးများအပါအဝင် ရန်ကုန်မြို့သစ်စီမံကိန်းများအတွက် NYDC Challenge တင်ဒါခေါ်ဆိုနိုင်ရေးအတွက် လိုအပ်သည့် Pre-Project Documents (PPD) အပြီးသတ်ရန် New Yangon Development Co..,Ltd (NYDC) နှင့် China Communications Construction Company Ltd (CCCC) အကြား ဆွေးနွေးညှိနှိုင်းမှု ပြီးစီးပြီးနောက် PPD မူကြမ်းကို အပြီးသတ်ခဲ့ခြင်းဖြစ်သည်။
“ဒီ Pre-Project Documents မူကြမ်းမှာပါတဲ့ အချက်တွေကို နိုဝင်ဘာ ၁၄ ရက်က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဦးဆောင်တဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို ရှင်းလင်းတင်ပြခဲ့ပြီး ရှေ့ဆက်ပြီးတော့လည်း ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။Pre-Project Documents မှာ ပါဝင်တဲ့ အသေးစိတ်အချက်အလက်တွေကို NYDC Challenge တင်ဒါစတင်တဲ့အချိန်မှာ ကြော်ငြာသွားမှာပါ။ရန်ကုန်မြို့သစ်ဆောက်လုပ်ရေးလုပ်ငန်းတွေကို အနီးကပ်ကွပ်ကဲနိုင်ဖို့အတွက် NYDC site office ကို တွံတေးမြို့နယ်၊ ပန်းလှိုင်တံတားအဆင်းမှာ စတင်တည်ဆောက်နေပြီး ၂၀၁၉၊ ဇန်နဝါရီလမှာ ပြီးဆုံးဖို့ ခန့်မှန်းထားပါတယ်။ NYDC ရဲ့ Project Management အဖွဲ့က site office ကနေ စီမံကွပ်ကဲသွားမှာဖြစ်ပြီး စီမံကိန်းနယ်နမိတ်အတွင်းမှာ အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာလည်း ဖြေရှင်းပေးနိုင်မယ့် Social and Compliance အဖွဲ့ကိုလည်းထားရှိသွားမှာ ဖြစ်ပါတယ်”ဟု NYDC CEO က ပြောကြားသည်။
Pre-Project Documents (PPD) တွင် ပါဝင်မည့် တည်ဆောက်ရေးလုပ်ငန်းစီမံကိန်းများမှာ တံတားအမှတ်(၁) - ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်း၊ ဗားကရာလမ်းအနီးမှ မြို့သစ်အထိ လှိုင်မြစ်ပေါ်တွင် တည်ဆောက်မည့် ခြောက်လမ်းသွားတံတား၊ တံတားအမှတ်(၂) - လက်ရှိပန်းလှိုင်မြစ်ကူးတံတား နှင့်ယှဉ်လျက် နှစ်လမ်းသွားတံတား၊ ၂၆ ကီလို မီတာရှိ အဓိကလမ်းမကြီးများ၊ ပြန်လည်နေရာချထားမည့် မြို့ရွာ ငါးခု၏ အခြေခံအဆောက်အအုံ၊ ကနဦးဆောက်လုပ်မည့် (၁၀) စတုရန်းကီလိုမီတာရှိသော စက်မှုဇုန် ဧရိယာ (Industrial Estate) အခြေခံအဆောက်အအုံများ၊ စီမံကိန်းတစ်ခုလုံးကိုရေပေးဝေနိုင်မည့် ပမာဏရှိသော ရေသန့် စင်စက်ရုံ (Water Treatment Plant)၊ စီမံကိန်းတစ်ခုလုံး အသုံးပြုနိုင်သည့် ပမာဏရှိသော ရေဆိုးသန့်စင်စက်ရုံ (Waste Water Treatment Plant)၊ တိုးမြစ်အနီး၊ မြို့သစ်နှင့် (၃၂) ကီလိုမီတာခန့်ကွာဝေးသောနေရာတွင် တည်ဆောက်မည့် ရေပေးဝေရေးပင်မ အဆောက်အအုံ (Water Intake Facility) နှင့် အဓိက ရေဖြန့်ဝေရေး ပိုက်လိုင်းများနှင့် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးကွန်ရက် (Power Distribution & Transmission) များဖြစ်ကြောင်း သိရသည်။
“ စီမံကိန်းဆိုင်ရာ တိုးတက်မှုအနေနဲ့ AECOM ရဲ့ Master Plan ရေးဆွဲမှု ပထမအဆင့် ပြီးဆုံးသွားပြီဖြစ်ပြီး ဒီအပတ်သောကြာနေ့မှာ အလုပ်ရုံဆွေးနွေးပွဲ (Visioning Workshop) တစ်ခု ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကို တိုင်းဒေသကြီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းနဲ့ မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်းမှ ပညာရှင်များနှင့် အကျိုးသက်ဆိုင်သူများကို ဖိတ်ကြားသွားမှာဖြစ်ပြီး အကြံဉာဏ်များ ရယူသွားမှာဖြစ်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကို နေရာအကန့်အသတ်ကြောင့် တက်ရောက်သူအနည်းငယ်ကိုသာ ဖိတ်ကြားနိုင်ပြီး ဇန်နဝါရီလအတွင်း Master Plan ဒုတိယအဆင့် ပြီးဆုံးတဲ့အချိန်မှာ ပိုမိုကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်သွားပါမယ်။ Flood Risk Assessment နဲ့ Traffic & Transport Planning တို့အတွက် ကနဦး အစီရင်ခံစာရေးဆွဲမှုတွေ အောက်တိုဘာလကုန်မှာ ပြီးဆုံးခဲ့ပါတယ်။ ဇန်နဝါရီလ အစပိုင်းမှာ ဒုတိယအဆင့် Master Plan ဒီဇိုင်းပြီးစီးနိုင်ဖို့ သက်ဆိုင်ရာကဏ္ဍအလိုက်က အကြံပေးတွေအားလုံးက ပူးပေါင်းရေးဆွဲလျက်ရှိပါတယ်။ Strategic Environmental Assessment နဲ့ Environmental Impact Assessment အကြံပေးအနေနဲ့ ERM Myanmar ကုမ္ပဏီလီမိတက်ကို နိုဝင်ဘာ ၂၀ ရက်က ရွေးချယ်ခဲ့ပါတယ်။ ကျွန်တော်တို့ Pre-Project Documents (PPD) ကိုလည်း အပြီးသတ်ရေးဆွဲပြီးပါပြီ။ နောက်တစ်ဆင့်အနေနဲ့ PPD မူကြမ်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တိုင်းဒေသကြီးရှေ့နေချုပ်ရုံးကို တင်ပြသွားမှာပါ။ သက်ဆိုင်ရာအာဏာပိုင်တွေထံက ခွင့်ပြုချက်ရရှိပြီးရင် PPD ကို ကြေညာသွားမှာဖြစ်ပြီး NYDC Challenge တင်ဒါလည်း စတင်သွားမှာဖြစ်ပါတယ် ”ဟု NYDC CEO က ယင်း၏ အပတ်စဉ်စာမျက်နှာတွင် ပြောကြားသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties