By The Voice, Shweproperty.com
Updated at 21 March 2018
ဝင်ငွေရလမ်းမဖော်ပြနိုင်သည့် စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေခွန် (အိမ်၊ ခြံ၊ မြေနှင့် မော်တော်ယာဉ် ရောင်းဝယ်ခြင်းများမှ ပေးဆောင်ရသည့်အခွန်) ကို လျှော့ချပေးခြင်းမရှိဘဲ ပြီးခဲ့သည့်နှစ်က နှုန်းထားများအတိုင်းသာ ပေးဆောင်စေရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည်။
မတ်လ ၂၀ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် စည်းကြပ်မှုမှ ကင်းလွတ်နေသောဝင်ငွေခွန်ကို အခွန် ဥပဒေကြမ်းရေးဆွဲစဉ်က ပုဒ်မ ၂၅ အဖြစ် ထည့်သွင်းပြီး လက်ရှိ ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအစား ၃ မှ ၅ ရာခိုင်နှုန်းအထိ လျှော့ချပေးခဲ့သော်လည်း ယခင်နှစ်အတိုင်း ကောက်ခံရန် အတည်ပြုလိုက်ခြင်းဖြစ်သည်။
“ပုဒ်မ ၂၅ က နှစ်စဉ်ပြဋ္ဌာန်းတဲ့ အခွန်ဥပဒေထဲ ထည့်သွင်းဖို့ မသင့်ပါဘူး။ တကယ်လို့ ပြဋ္ဌာန်းချင်တယ်ဆိုရင် သီးသန့် ဥပဒေတစ်ခုအနေနဲ့ ပြည့်ပြည့်စုံစုံ ခိုင်ခိုင်မာမာ ပြဋ္ဌာန်းပြီး အများပြည်သူတွေအကြား ပိုမိုသိရှိနားလည်အောင် အရင်ချပြပြီး ပြဋ္ဌာန်းသင့်ပါတယ်”ဟု ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က မှတ်ချက်ပြု ပြောကြားသည်။
ထိုသို့ဝင်ငွေခွန် လျှော့ချမပေးခြင်းနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင် အများစု စိတ်ပျက်လျက်ရှိပြီး အခွန်နှုန်း များနေခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ လုပ်ရကိုင်ရသည်မှာ ကျပ်တည်းနေကာ ယခုကဲ့သို့ အခွန်နှုန်းများနေသည့်အတွက် အခွန်ရှောင်သူ များပြားနေခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။
“လွှတ်တော်က စဉ်းစားကြတဲ့ ငွေမည်းတွေ ပြောင်းလာနိုင်တယ်ဆိုတာ တစ်ခုတည်းနဲ့ ဒီလိုမျိုး မလျှော့တာကတော့ မဖြစ်သင့်ပါဘူး။ အဲဒီလိုမျိုး စဉ်းစားကြေးဆို ဆိုက်ကားသမားတောင် ငွေမည်းတွေ မကင်းပါဘူး။ ငွေမည်းကိုင်ထားတဲ့ လုပ်ငန်းရှင်ကြီးတွေအနေနဲ့ကရော ဒီ ၃၀ ရာခိုင်နှုန်းကို ကြောက်နေမယ်လို့ ထင်တာလား။ သူတို့ပြောင်းချင်ရင် ဒီရာခိုင်နှုန်းလောက်ကို ကြည့်နေမှာ မဟုတ်ပါဘူး”ဟု စီးပွားရေးလုပ်ငန်းရှင် ဦးဟိန်းမိုးမြင့်လွင်က ပြောဆိုသည်။
အဆိုပါ အခွန်လျှော့မည်ဆိုခြင်းကြောင့် အရောင်းအဝယ်မရှိ ဖြစ်နေသော အိမ်၊ ခြံ၊ မြေနှင့် ကားများ အခွန်လျော့၍ ဈေးနှုန်းလျော့ကျလာနိုင်သဖြင့် အရောင်းအဝယ်များ ပြန်လည်ဖြစ်ပေါ်လာနိုင်သည်ဟု မျှော်လင့်နေကြသော်လည်း ယခုကဲ့သို့ အခွန်မလျှော့တော့သည့်အတွက် ယင်းဈေးကွက်များမှာ မျှော်မှန်းချက် လျော့ကျသွားကြောင်း ယင်းလုပ်ငန်းရှင်များက ပြောကြားသည်။
အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်း ဈေးအမြင့်ဖြင့် အရောင်းအဝယ် အေးစက်နေသည်မှာ ၂ နှစ်ကျော်လာပြီဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရသည့်အတွက် ငွေစီးဆင်းမှုမရှိဘဲ လုပ်ငန်းရှင်များ အထိနာကြရကြောင်း၊ ထို့ပြင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်ကုမ္ပဏီအချို့ ရပ်ဆိုင်းလိုက်ရသကဲ့သို့ အချို့ကုမ္ပဏီများလည်း ဝန်ထမ်းများ လျှော့ချနေရကြောင်း အဆိုပါလုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ သိရသည်။
ထို့ပြင် အခွန်လျှော့မည်ဆိုသည့်အတွက် ကားဈေးနှုန်း လျော့ကျနိုင်သည်ဟုဆိုကာ ကားဝယ်ယူရန် စောင့်ကြည့်နေသူများရှိခဲ့ပြီး ယခုကဲ့သို့ အခွန်မလျှော့တော့သည့်သတင်းမှာ ၎င်းတို့အတွက် သတင်းဆိုးတစ်ခုဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များက ဆိုသည်။
“လျှော့မယ်ဆိုရင်တော့ အရောင်းအဝယ် ပြန်ကောင်းမယ်လို့ မျှော်လင့်ခဲ့ပေမယ့် အခုတော့သိပ်ပြီး ပြောင်းလဲစရာ မရှိတော့ဘူး။ အထူးကုန်စည်ခွန် လျှော့တာကလည်း ၁၅၀၀ ကနေ ၂၀၀၀ စီစီအထိပဲ ဆိုတော့ တခြားအင်ဂျင်ပါဝါတွေက အများကြီး ရှိနေသေးတယ်လေ”ဟု မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး အသင်းချုပ်ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောဆိုသည်။
ထိုသို့ဝင်ငွေခွန်နှုန်းထား လျှော့ချခြင်းမရှိသော်လည်း အထူး ကုန်စည်ခွန်ဇယားတွင် ဖော်ပြထားသည့် အင်ဂျင်ပါဝါ ၁၅၀၁ မှ ၂၀၀၀ စီစီအထိ မော်တော်ယာဉ်များ၏ နှုန်းထားကို ၁၀ ရာခိုင်နှုန်းအထိ လျှော့ချအတည်ပြုလိုက်သည်။ အင်ဂျင်ပါဝါ ၁၅၀၁ မှ ၂၀၀၀ စီစီမှ မော်တော်ယာဉ်များကို ယခင် ၂၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချရန် ဆုံးဖြတ်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
ထိုသို့ အထူးကုန်စည်ခွန် လျှော့ချလိုက်ခြင်းကြောင့် ယင်းအင်ဂျင်ပါဝါပေါ်ရှိ ကားတန်ဖိုးပေါ်မူတည်၍ ဈေးနှုန်းများ လျော့ကျနိုင်ကြောင်း၊ ဥပမာအားဖြင့် ဆိပ်ကမ်းအရောက် မော်တော်ယာဉ်တန်ဖိုး (CIF)၊ အမေရိကန်ဒေါ်လာ ၁၀၀၀၀ တန် ကားတစ်စီးလျှင် ကျပ် ၁၇ သိန်းခန့်၊ အမေရိကန်ဒေါ်လာ ၂၀၀၀၀ တန်ကား တစ်စီးလျှင် ကျပ် ၃၅ သိန်းခန့်၊ အမေရိကန်ဒေါ်လာ ၃၀၀၀၀ တန်ကားတစ်စီးလျှင် ကျပ်သိန်း ၅၀ ကျော်နှင့် အမေရိကန် ဒေါ်လာ ၄၀၀၀၀ တန် ကားတစ်စီးလျှင် ကျပ်သိန်း ၇၀ ခန့် အခွန်သက်သာမည်ဖြစ်ကြောင်း Distinct Trading ကုမ္ပဏီထံမှ သိရသည်။
“အကျိုးဆက်က အထူးကုန်စည်ခွန် တစ်ခုတည်းမှာတင်မကဘဲ တခြားအခွန်တွေမှာပါ လိုက်သက်သာသွားပါလိမ့်မယ်။ အထူး ကုန်စည်ခွန်သက်သာတော့ နောက်ဆက်တွဲအနေနဲ့ ကုန်သွယ်ခွန်နဲ့ ဝင်ငွေခွန်မှာပါ လိုက်လံသက်သာမှာမို့ CIF တန်ဖိုးမြင့်တဲ့ကားဆို တော်တော် သိသိသာသာ သက်သာသွားပါလိမ့်မယ်”ဟု အဆိုပါကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွဋ်ထိပ်က ပြောဆိုသည်။
ယင်းပုဒ်မ ၂၅ ဖြုတ်ချလိုက်ခြင်းနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များက ဝေဖန်ပြောဆိုမှုများ ပြုလုပ်လျက်ရှိပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းများ မပြိုလဲစေလိုပါက ယင်းအခွန်ပုဒ်မမှ အခွန်နှုန်းထားများကို လျှော့ချပေးရန်လိုအပ်ကြောင်း အပါအဝင် ယင်းဥပဒေနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းသည့်ပွဲကို မတ်လ ၁၉ ရက်နေ့က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပခဲ့သည်။
ဝင်ငွေရလမ်းမဖော်ပြနိုင်ပါက တစ်ကျပ်မှ ကျပ်သိန်း ၃၀၀ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ် ၃၀,ဝ၀၀,ဝ၀၁ မှ ကျပ် သိန်း ၁၀၀၀ အထိကို ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁၀၀,ဝ၀၀,ဝ၀၁ မှ အထက်ကို ၃၀ ရာခိုင်နှုန်းကောက်ခံရန် ပြဋ္ဌာန်းထား သည်။
ယခုအခွန်ဥပဒေသစ်သည် ဧပြီလ ၁ ရက်နေ့မှစ၍ စတင်သက်ရောက်မည်ဖြစ်ပြီး ကျန်အခွန်ဥပဒေများကို ဥပဒေကြမ်းတွင် ဖော်ပြထားသည့်အတိုင်း အများစု အတည်ပြုခဲ့ကြသည်။
Ref & Photo Credit : The Voice
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties