( ပိုင်ရှင်အား ဆန့်ကျင် လက်ရှိထားခြင်း၊ ကာလစည်းကမ်းသတ် ကျော်လွန်နေခြင်း )
အချင်းဖြစ်မြေကို ၁၉၈၅ ခုနှစ်တွင် ဒေါ်မေဝင်းရီက ၎င်း၏မိခင် ဒေါ်ညွန့်ခင်နှင့် ပူးတွဲ၍ ဂရန်ရရှိခဲ့သည်။ ဂရန် သက်တမ်းမှာ ၂-၉-၁၉၇၆ နေ့မှ ၁၉-၉-၂၀၀၆ အထိ နှစ် ( ၃၀ ) ဂရန်မြေဖြစ်သည်။ ဒေါ်မေဝင်းရီက ဂရန်ရရှိပြီး နောက် ၁၉၉၁ ခုနှစ်တွင် အချင်းဖြစ်မြေကို တိုင်းတာသည့်အခါ ဦးစိုးဝင်းက ၎င်းပိုင်ဂရန်မြေနှင့် တစ်ဆက်တည်း အချင်းဖြစ်မြေပေါ်တွင် အကျယ်ပေ၂၀ နှင့် အရှည်၃၀ ပေ ခန့် ကျူးကျော်ထားကြောင်း တွေ့ရှိရသည်။ ဦးစိုးဝင်း အချင်းဖြစ်မြေကို ဦးပိုးတီထံမှ ၁၉၇၇ ခုနှစ်တွင် အရပ်စာချုပ်ဖြင့်ဝယ်ယူပြီး လက်ရှိနေထိုင်ခဲ့ခြင်းဖြစ်သည်။

ဦးစိုးဝင်းသည် အချင်းဖြစ်မြေကို ဝယ်ယူရာ၌ ပိုင်ရှင်မဟုတ်သူထံမှ ဝယ် ယူခဲ့ခြင်း မဟုတ်သည့်အပြင် မှတ်ပုံ တင်အရောင်းစာချုပ်ဖြင့် ဝယ်ယူခြင်း မဟုတ်သောကြောင့် အချင်းဖြစ်မြေကို ပိုင်ဆိုင်ခွင့် မရနိုင်ပေ။ သို့ရာတွင် ပိုင်ရေးပိုင်ခွင့်မရှိဘဲ အချင်းဖြစ်မြေတွင် ပိုင်ရှင်အနေဖြင့် လက်ရှိထားခြင်းသည် ပိုင်ရှင်၏ ပိုင်ဆိုင်ခွင့်ကို ထိပါး ခြင်းဖြစ်၍ ပိုင်ရှင်အား ဆန့်ကျင်လက်ရှိထားရာ ရောက်သည်။



အထမမြောက်သော လွှဲပြောင်းမှုအရ ပစ္စည်းကို လက်ရောက်ရပြီး လက်ရှိထားခြင်းသည် ပိုင်ရှင်အား ဆန့်ကျင် ကြောင်း၊ မှတ်ပုံတင်မတင်သော အရောင်းစာချုပ် ချုပ်ဆိုပြီးနောက် ဝယ်သူအား ပိုင်ရှင်အဖြစ် လက်ရှိနေထိုင် ခြင်းသည် ရောင်းသည့်နေမှစ၍ ရောင်းသူ( သို့ ) ထိုသူ၏ အကျိုးစီပွားကို ဆန့်ကျင်ကြောင်း ( မသန်းကြည်နှင့် ဒေါ်ဂဲအမှု ၁၉၆၆ မ.တ.စ စာ-၂၅၆) တွင် ထုံးဖွဲ့ထားပါသည်။

နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော မြေများတွင် သူတစ်ပါးမြေကို မိမိပိုင်မြေဖြစ်သည်ဟု မှားယွင်းယူဆလျက် ဖြစ်စေ ( သို့တည်းမဟုတ် ) မပိုင်မှန်းသိလျက် တမင်ကျူးကျော်လိုသော ဆန္ဒနှင့်ဖြစ်စေ မိမိပိုင်မြေအဖြစ် လက် ရှိအသုံးချခဲ့လျှင် ထိုသူသည် ပိုင်ရှင်အား ဆန့်ကျင်လျက် ဆန့်ကျင်ဆက်လက်ရှိခဲ့သည်ဟု ယူဆရမည်ဖြစ် ကြောင်း စီရင်ထုံးများတွင် တညီ တညွတ်တည်း ပြဆိုထားသည်။ ( ဦးသန်းငွေ နှင့် ဦးဘအေး ၁၉၆၈ မ.တ.စ စာ- ၂၀၃၊ ဦးစိုးပါ(၃) နှင့် ဦးဉာဏ်ပါ (၄) အမှု ၁၉၈၄ မ.တ.စ စာ - ၁၃၉၊ဒေါက်တာစန်းစန်းရီ နှင့် ဦးဆန်နီတင် ထွန်း ၁၉၉၇ခုနှစ်၊မ.တ.စ စာ -၂၉ အမှုတို့ကိုကြည့်ပါ) ။ ဤအမှုတွင် ပေါ်ပေါက်သောအခြေအနေအရ ဦးစိုးဝင်း အနေဖြင့် ဒေါ်မေဝင်းရီတို့၏ ပိုင်ရေးပိုင်ခွင့်ကို ၁၉၇၇ ခုနှစ်ကပင် အတိအလင်း ဆန့်ကျင်နေထိုင်သဖြင့် ဒေါ်မေဝင်းရီတို့ စွဲဆိုသော အမှုမှာ ကာလစည်းကမ်းသတ် ( ၁၂ ) နှစ်ထက် များစွာကျော်လွန်နေကြောင်း တရားရုံးက ကောက်ယူဆုံးဖြတ်ခြင်းမှာ ဥပဒေအရမှန်ကုန်မှုရှိကြောင်း။

ဒေါ်မေဝင်းရီ ( ၎င်း၏အထွေထွေကိုယ်စားလှယ် ဒေါ်အေးအေးညွန့် ) နှင့် ဦးစိုးဝင်း ( ၁၉၉၈ ခုနှစ်၊ တရားမ အထွေထွေအယူခံမှု အမှတ်-၂၄ ) ။

[ ရည်ညွှန်း - ဦးခင်မြင့် (တရားလွှတ်တော်ရှေ့နေ)၊ ဦးမြင့်ခင် (တရားလွှတ်တော်ရှေ့နေ) ၊ တရားမမှုများ ၊ ၂၀၁၇ ၊ စာ ၁၂၄] ။

ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

အိမ်ငှားထားရှိသော အဆောက်အအုံကို ဝယ်လျှင်

အပျောက်စနစ်နှင့် ၀ယ်ထားသည့် တိုက်ခန်းများရှိသော မြေကို ၀ယ်မည်ဆိုလျှင်

စာချုပ်ချုပ်မည်ဆိုလျှင် ရောင်း ပေါင် စာချုပ် ဟုတ်မဟုတ်ကိစ္စ

စည်ပင်မြေပေါ်တွင် တည်ဆောက်ထားသည့် စည်ပင်တိုက်ခန်းအကြောင်း

Credit By: DVB Lawlab
Posted By: Ra Wai (ShweProperty.com)