By Daily Eleven, Shweproperty.com
Updated at 15 December 2014
ပြည်သူများအတွက် အမှန်တကယ် လိုအပ်နေသည့် အငှားဝယ်အိမ်ရာ (Hire Phurchase Housing) များ အကောင်အထည် ဖော်ဆောင်ပေးသင့်ပါလျက် ဖော်ဆောင်ပေးမှု မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အကြံပေးနှင့် မြို့ပြစီမံကိန်း ပညာရှင် ဒေါက်တာကျော်လတ်က ဝေဖန်ပြောကြားသည်။
အငှားဝယ် အိမ်ရာစနစ် ဆိုသည်မှာ ဘဏ်စနစ်အား ကြားခံ၍ ဝယ်သူနှင့် ရောင်းသူအကြား ချိတ်ဆက်ကာ ဘဏ်ကဝယ်ယူထားပြီး အိမ်ရာလိုအပ်သူအား သတ်မှတ်ရာခိုင်နှုန်း အချို့အား ပေးသွင်းစေ၍ ကျန်ငွေအား နှစ်ရှည်အရစ်ကျ ငွေပေးသွင်းစေသည့် စနစ်ဖြစ်ကြောင်း သိရသည်။ ဥပမာအားဖြင့် ကျပ်သိန်း ၂၅ဝ တန် တိုက်ခန်းတစ်ခန်းအား ဆောက်လုပ်သူ၊ ဘဏ်နှင့် ဝယ်ယူသူတို့အကြား ညှိနှိုင်းမှုများ ပြုလုပ်၍ ဘဏ်ကငွေချေပေးထားကာ ဝယ်ယူသူမှ ကနဦးငွေ ကျပ်သိန်း ၅ဝ ပေးသွင်း၍ ကျန်ငွေအား အနှစ် ၂ဝ အရစ်ကျစနစ်ဖြင့် ဝယ်ယူသူမှ ပေးသွင်းရမည်ဖြစ်ကာ သတ်မှတ်ငွေ ပေးသွင်းပြီးပါက ဝယ်ယူသူမှ အဆိုပါတိုက်ခန်းအား ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
“အငှားဝယ်စနစ်နဲ့ ဝယ်ထားတဲ့ အချိန်မှာ ဘဏ်ကနေပြီး ပိုင်ဆိုင်နေမယ်။ ကျွန်တော် တွက်ထားတာအရဆိုရင် ကျပ်သိန်း ၂၅ဝ တန်တိုက်ခန်းကို ကျပ်သိန်း ၅ဝ ကနဦးသွင်းပြီး ကျန်ငွေကို တစ်လ ၉ဝဝဝဝ လောက်နဲ့ အရစ်ကျသွင်းရမယ်။ ဒီလို ၉ဝဝဝဝ ကျပ် ဆိုတာကလည်း မြန်မာနိုင်ငံရဲ့ အတိုးနှုန်းအရ တွက်ထားတာပါ။ အတိုးနှုန်းတွေ ဒီလောက်များနေတာလည်း အဓိပ္ပာယ်မရှိဘူး။ ပြီးတော့ ကျွန်တော်တို့ နိုင်ငံမှာ တိုက်ခန်းတစ်ခန်းကို ကျပ်သိန်း ၂၅ဝ နဲ့ ဘယ်သူမှ မဝယ်နိုင်ဘူး။ အဖေအမေက ဝယ်ပေးမှပဲ ဝယ်နိုင်မယ်။ ခက်တာက လူတိုင်းမှာ တိုက်ခန်းဝယ်ပေးနိုင်မယ့် မိဘမရှိဘူး။ ဒါပေမဲ့ အရစ်ကျဆိုရင်တော့ ကျပ်သိန်း ၄ဝ၊ ၅ဝ လောက်ကို ရှာပြီး တစ်လကို ကျပ် ၇ဝဝဝဝ၊ ၈ဝဝဝဝ လောက်တော့ သွင်းနိုင်ကြတယ်။ လုပ်သင့်ရဲ့သားနဲ့ ဘာလို့မလုပ်လဲ ကျွန်တော်မသိဘူး” ဟု ဒေါက်တာကျော်လတ်က ဆိုသည်။
လက်ရှိတွင် ကုမ္ပဏီတစ်ခုက ဆောက်လုပ်ရောင်းချခဲ့သည့် တန်ဖိုးနည်း အရစ်ကျအိမ်ရာမှာ လူနေထိုင်နိုင်သည့် အဆင့်အတန်းအောက် ရောက်ရှိနေပြီး အဆိုပါအိမ်ရာတွင် နေထိုင်သူများမှာ မှောင်မည်း၊ ညစ်ပတ်နေသည့် အခန်းများတွင် နေထိုင်နေရကြောင်း ထိုသို့ နေထိုင်ရမှုများကြောင့် အဆင့်အတန်းမမီသည့် အိမ်ရာများကို ဆက်လက်ဆောက်လုပ်ခွင့် မပြုရန် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ထိုသို့ အဆင့်မမီ အိမ်ရာများမှာ တည်ဆောက်ပြီးသည့် သုံးနှစ်အတွင်း အရင်းထက် နှစ်ဆမြတ်၍ အဆိုပါ အလုပ်ထက် တွက်ခြေကိုက်သည့် အလုပ် မရှိကြောင်း ဒေါက်တာကျော်လတ်က ဆိုသည်။
အငှားဝယ် အိမ်ရာစနစ်အား နိုင်ငံတကာတွင်လည်း လုပ်ဆောင်နေပြီး သတ်မှတ်ပေးသွင်းကာလတွင် ဘဏ်ကပိုင်ဆိုင်ထားသဖြင့် ဝယ်ယူသူက ငွေမပေးသွင်းနိုင်ချိန်တွင် ဘဏ်ကသိမ်းယူမှု ပြုလုပ်သည်။ ထိုသို့ ငွေမပေးသွင်းသည့် ဖြစ်စဉ်မှာလည်း နိုင်ငံတကာတွင် တစ်ရာခိုင်နှုန်းနှင့် နှစ်ရာခိုင်နှုန်းအကြားသာ ရှိနေပြီး အများစုမှာ ကိုယ်တိုင်ကြိုးစား ဝယ်ယူထားသည့် နေအိမ်အား ဘဏ်ကသိမ်းမည် စိုးသဖြင့် အရစ်ကျငွေပေးသွင်းမှုအား မှန်ကန်စွာပြုလုပ်ကြောင်း ဒေါက်တာကျော်လတ်က ထပ်မံပြောကြားသည်။
“အခုဆို အိုးအိမ်ကလည်း အခန်းယူနစ် တစ်သောင်းလောက် ဆောက်နေတယ်။ စည်ပင်ကလည်း အခန်းယူနစ် ၅ဝဝဝ လောက်ကို မဲစနစ်နဲ့ ရောင်းတယ်။ ပေါက်တဲ့သူတွေလည်း ပေါက်တယ်။ ဘယ်သူတွေပေါက်လည်းတော့ ကျွန်တော် မမေးပါနဲ့” ဟု မဲစနစ်ဖြင့် ရောင်းချမှု အခြေအနေအပေါ် ဒေါက်တာကျော်လတ်က ဝေဖန်သည်။
တန်ဖိုးနည်း အိမ်ရာများအား ပြည်တွင်းဘဏ်၊ နိုင်ငံခြားဘဏ်များနှင့် ချိတ်ဆက်၍ နှစ် ၂ဝ အထိ ချေးငွေစနစ်ဖြင့် ဝယ်ယူခွင့်ပြုရေး အဆိုကို ဒီဇင်ဘာ ၅ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက တင်သွင်းခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့် မရှိသည့် ကိစ္စဟုဆိုကာ သဘောမတူခဲ့ကြောင်း သိရသည်။
ထိုသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သဘောမတူသည့်အတွက် ဒေါက်တာညိုညိုသင်းက လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရန် တောင်းဆိုခဲ့၍ မဲခွဲဆုံးဖြတ်ခဲ့ရာ ယင်းအဆိုကို အတိုက်အခံပါတီ ကိုယ်စားလှယ်အများစု ထောက်ခံသော်လည်း ပြည်ခိုင်ဖြိုးပါတီဝင် အများစု သဘောမတူသဖြင့် အဆိုရှုံးနိမ်ခဲ့ရသည်။
REF : Daily Eleven
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties