By Ahkyosaung, Shweproperty.com
Updated at 17 August 2015
အိမ်ပိုင်မရှိသေးသောသူများအနေနှင့် အိမ်ငှားရမ်းနေထိုင်ကြရလေသည်။ အိမ်ငှားရမ်းနေထိုင်မှုတွင် ငွေကြေးတတ်နိုင်သော အိမ်ငှားရှိသလို ငွေကြေးမတတ်နိုင်သော အိမ်ငှားလည်း ရှိလေသည်။
ငွေကြေးတတ်နိုင်သော အိမ်ငှားအတွက်တော့ အိမ်ကောင်းကောင်းရရှိနိုင်ပေမယ့် ငွေကြေးမတတ်နိုင်သော အိမ်ငှားတွေအတွက်တော့ ကောင်းမွန်သောနေအိမ်ရဖို့ရာ ခက်ခဲလှပေသည်။
အိမ်ငှားတွေအတွက် အဓိကလိုအပ်ချက်ကတော့ မိုးလုံ ရေလုံပြီး ရာသီဥတုဒဏ်ခံနိုင်ရည်ရှိဖို့၊သောက်သုံးရေ လွယ်ကူဖို့၊လျှပ်စစ်မီးရရှိနိုင်ဖို့နှင့် ရေအိမ်ကောင်းမွန်ရေးတို့က အဓိကလိုအပ်ချက်ဖြစ်လေသည်။
ငွေကြေးမတတ်နိုင်သော အိမ်ငှားများဘဝမှာတော့ အခက်အခဲတွေကြုံတွေ့ကြရသည်။ လက်ရှိအနေအထားကို သုံးသပ်မယ်ဆိုလျှင် ဆင်ခြေဖုံး ရပ်ကွက်တစ်ချို့အတွင်းတွင် ငွေကြေးမတတ်နိုင်သေးသူများအတွက်အိမ်ငှားချစားသုူများမှာ ပြည့်စုံသောဝန်ဆောင်မှုများပေးနိုင်ခြင်း မရှိကြောင်း အိမ်ငှားနေထိုင်သူများထံမှ သိရှိရသည်။
တောင်ဒဂုံမြို့နယ်အတွင်း အိမ်ငှားနေထိုင်သူ တစ်ဦးကတော့ အိမ်ရှင်များ၏ ပြည့်စုံသော ဝန်ဆောင်မှုမပေးနိုင်ခြင်းအပေါ် အခုလိုပြောကြားလာသည်။
”ကျွန်တော်တို့က ငွေကြေးမတတ်နိုင်တော့ နေစရာကလည်းမရှိတော့ (၅၀၀၀၀) ဝန်းကျင်လောက်နဲ့ ရတဲ့အိမ်ကိုရှာပြီး ငှားရတယ်။ဒီမှာတော့ အမျိုးမျိုးရှိတာပေါ့။ စဘော်မပါ (၆) လချုပ်တို့(၁)နှစ်ချုပ်တို့အပြင်ပေါ့။ ခေါင်မိုးတွေ အကာတွေကတော့ မိုးလုံပါတယ်။အခုလို မိုးတွေအရမ်းရွာထားတော့ အိမ်အောက်မှာကော အိမ်ရှေ့မှာပါ ရေတွေတက်နေတယ်။ ရေတက်တော့ မြွေကော ခြင်ပါ သတိထားနေရတယ်။ ပြီးတော့ အိမ်ငှားတွေအတွက်စုပေါင်းဆောက်ပေးထားတဲ့ ရေအိမ်ကလည်း အိမ်နဲ့ အလှမ်းဝေးဝေးမှာဆောက်ထားတယ်။ အခုလိုရေတက်တော့ ရေအိမ်ကို တံတားထိုးပေးတာတို့ သွားလို့အဆင်ပြေအောင် သဲအိတ်လေးချပေးထားတာတို့ကို အိမ်ရှင်ကမလုပ်ပေးတော့ အခက်အခဲတော့ရှိတာပေါ့လို့ “ဆိုသည်။ နောက်ထပ် အိမ်ငှားတစ်ဦးကတော့ အခုလိုပဲ အိမ်ရှင်၏ ဝန်ဆောင်မှု အားနည်းပါးမှုကို ပြောကြားလာသည်။
“သွပ်မိုးပျဉ်ခင်း ထရံကာ အိမ်လေးကို(၆၀၀၀၀) နဲ့ ငှားလိုက်တာပါ။စဘော်ပျောက်လချုပ်နဲ့ပေါ့။ ရတဲ့ဝင်ငွေထဲက ပထမဦးဆုံး အိမ်လခကို ဖဲ့ဖဲ့ပြီး အရင်ဖယ်ရတယ်။ ဒီကြားထဲ ခေါင်မိုးသွပ်ကမလုံရင် ကိုယ့်ဘာသာ တက်ပြီးအဆင်ပြေသလိုဖာလိုက်တယ်။ ရေတက်နေတော့ အိမ်ထဲအဝင်အထွက်လမ်းကို လတ်တလောသွားလာလို့ လွယ်အောင် ကိုယ့်ငွေနဲ့ကိုယ် သဲအိတ်လေးဝယ်ပြီး ခင်းလိုက်ရတယ်ပေါ့။ အဓိက ပြသနာကအပေါ့အလေးစွန့်ဖို့ ရေအိမ်အခက်အခဲပေါ့။ ရေအိမ်ကအိမ်နဲ့ခပ်လှမ်းလှမ်းမှာ ဆောက်ပေးထားတာ။ မီးတော့မဆင်ပေးထားဘူးပေါ့။ ညဘက်သွားရင်ဓါတ်မီးဆောင်ပြီးသွားရတယ်။ အခုမိုးရွာပြီး ရေတက်လာတော့ အောက်က မစင်ကအပေါ်ကို နည်းနည်းတက်လာတယ်။ အောင့်အီးပြီးသွားရတာပေါ့။ မြွေအန္တရာယ်လည်း ကြည့်ရသေးတယ်။ ညဘက်ဆို တတ်နိုင်သလောက် ထိန်းထိန်းသိမ်းသိမ်းနေရတယ်။ မရလို့မလွှဲသာမှပဲ ညဘက်အိမ်သာကို သွားရတယ်” လို့ အိမ်ငှားနေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
ပင်စင်စား ဝန်ထမ်းအမျိုးသားကြီး တစ်ဦးကတော့ အောက်ခြေလူတန်းစားတွေအတွက်တော့ စားဝတ်နေရေးမှာ အဓိက နေရေးကို ခက်ခက်ခဲခဲကြားထဲက ဦးစားပေးနေရတယ်။ အိမ်ရှင်ကော အိမ်ငှားကော အဆင်ပြေတာမျိုးပဲ ကောင်းတယ်။ အိမ်ရှင်ကလည်း အိမ်ငှားနေထိုင်သူတွေကိုကိုယ်နေထိုင်သလိုမျိုးသဘောထားပြီး ပြည့်စုုံတဲ့ ဝန်ဆောင်မှုကို ပေးဖို့လိုသလို အိမ်ငှားဘက်ကလည်း အိမ်ကို ကိုယ့်အိမ်လို သဘောထားပြီး ထိန်းထိန်းသိမ်း သိမ်းစည်းကမ်းရှိစွာ နေထိုင်ဖို့လိုအပ်တယ်။ အိမ်ကလေးကလည်း လုံခြုံမှုရှိမယ်၊ ရေလည်းအဆင်ပြေ၊မီးလည်းအဆင်ပြေ၊ ရေအိမ်လေးလည်းသန့်ရှင်းသပ်ရပ်မယ်ဆိုသိပ်ကောင်းတာပေါ့။ နိုင်ငံတော်ကလည်း အိမ်ငှားနေထိုင်သူတွေအတွက်အဆင်ပြေအောင် တန်ဖိုးနည်းတန်ဖိုးသင့်တင့်တဲ့ အိမ်လေးတွေဆောက်ပြီး အိမ်အငှားချပေးမယ်ဆို အောက်ခြေ လူတန်းစားတွေအတွက် အဆင်ပြေတာပေါ့ဗျာ” လို့ ဆိုလာသည်။
အိမ်ရှင်ဘက်က ပြည့်စုံသည့် ဝန်ဆောင်မှုတွေပေးဖို့ လိုအပ်သလို အိမ်ငှားဘက်မှလည်း ကိုယ့်အိမ်လို သဘောထားပြီး ထိန်းသိမ်းနေထိုင်ပေးမှုရှိပါမှ အဆင်ပြေမည်ဖြစ်သည်။
Ref : Ahkyosaung
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties