By The Myanmar Times, Shweproperty.com
Updated at 3 January 2019
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအဖြစ် ဒလတံတားကို တည်ဆောက်ဖို့ စီစဉ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ မြေယာအရှုပ်အရှင်းပြဿနာတွေနဲ့ ရုတ်တရက် မြေဈေးကြီး မြင့်မှုတွေကြောင့် စီမံကိန်းကို ရပ်တန့်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၁၅ ခုနှစ်မှာ ပြည်ထောင်စုလွှတ်တော်ကနေ တံတား တည်ဆောက်ရေးစီမံကိန်းအတွက် ချေးငွေဆိုင်ရာကိစ္စရပ်တွေကို အတည်ပြု ပေးခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ တံတားစတင်တည်ဆောက်ဖို့ ရည်မှန်းထားခဲ့ပါတယ်။ ဒါပေမဲ့ တံတားဒီဇိုင်းပိုင်းဆိုင်ရာ ပြန်လည်ပြင်ဆင်ရမှုတွေကြောင့် တံတား တည်ဆောက်ရေးလုပ်ငန်း စတင်ဖို့ရာ ကြန့်ကြာနေခဲ့ပါတယ်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာတော့ ကိုရီးယား • မြန်မာ ချစ်ကြည်ရေးတံတား ဖြစ်တဲ့ ဒလတံတား တည်ဆောက်ရေးစီမံကိန်းအတွက် ပန္နက်တိုင်စိုက်ထူခြင်းအခမ်းအနားကို ပြုလုပ်ခဲ့ပြီး တည်ဆောက်ရေးကာလ သုံးနှစ်ခွဲကြာမြင့်မှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ တစ်ဖက်ကမ်းမှာတည်ရှိနေတဲ့ ဒလမြို့နယ်ဟာ မြစ်တစ်ခုပဲခြားပေမဲ့ တိုးတက်ဖွံ့ဖြိုးမှုအပိုင်းမှာ ရန်ကုန်ထက် အစစအရာရာနောက်ကျ နေခဲ့ပြီး တံတားတည်ဆောက်ပြီးတဲ့အခါမှာ အခုထက် ပိုမိုဖွံ့ဖြိုးလာဖို့ ဒလ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။
ဒလတံတားတည်ဆောက်ရေးစီမံကိန်း စတင်တော့မှာဖြစ်လို့ ဒလမြို့နယ်ဘက်ခြမ်းနဲ့ တံတားအနီးတစ်ဝိုက်က အိမ်ခြံမြေဈေးတွေကို ဈေးမြှင့်ခေါ်တာ တွေရှိပေမဲ့ လှုပ်လှုပ်ခတ်ခတ်ဖြစ်လောက်အောင် ရောင်းဝယ်ကောင်းတာမျိုးမရှိသေးဘူးလို့ ဒလမြို့နယ်မှ အိမ်ခြံမြေအကျိုးဆောင်တွေက ဆိုပါတယ်။
အရင်က အစိုးရက စီမံကိန်းတစ်ခုခုလုပ်မယ်လို့ သတင်းထွက်တာနဲ့ မကြာခင်ဘဲ အိမ်ခြံမြေဈေးတွေ ထိန်းမနိုင်လောက်အောင် ထိုးတက်ခဲ့တာတွေ ရှိခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ ဈေးကွက်အခြေအနေ ငြိမ်သက်လျက်ရှိ တယ်လို့ Paradise အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက Founder ကိုဖြိုးသူအောင်က ပြောပါတယ်။
အစိုးရစီမံကိန်းကြီးတွေ တည်ရှိနေတဲ့ သံလျင်၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်း နဲ့ ဒလမြို့နယ်တွေမှာ အိမ်ခြံမြေဈေးကွက်တွေက ခေါ်ဈေးမြင့်တက်နေတာချင်း တူပေမဲ့ သံလျင်နဲ့ ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာရှိတဲ့ မြေတွေက နောက်ပိုင်း မှာ ပိုပြီးဈေးကောင်းလာဖို့ရှိတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက သုံးသပ်ကြပါတယ်။
"တံတားတည်ဆောက်ဖို့ သေချာသွားပေမဲ့ ဈေးကတော့ အရမ်းလှုပ်ခတ် နေတာ မရှိပါဘူး၊ နည်းနည်းလောက်ပဲ ဈေးတက်လာတယ်၊ ဒါပေမဲ့ အရင်တုန်းကလို ချက်ချင်းကြီး ထိုးတက်လာတာမျိုး မဟုတ်ဘဲ တရိပ်ရိပ်တက်လာတာ" လို့ ကိုဖြိုးသူအောင်က ဆိုပါတယ်။
အိမ်ခြံမြေဈေးလှုပ်ရှားမှုမရှိတာဟာ လက်ရှိမှာ အဝယ်အေးနေခြင်းက တစ်ကြောင်း၊ အရင်ကတည်းက အေးစက်နေတဲ့ အိမ်ခြံမြေဈေးကွက်အခြေ အနေကြောင့်လည်းကောင်း ထူးထူးခြားခြား ဈေးလှုပ်ခတ်မှုမရှိခြင်း ဖြစ်တယ် လို့လည်း ၎င်းကဆိုပါတယ်။
ဒလမြို့နယ်ရဲ့ အိမ်ခြံမြေဈေးကွက်ထဲမှာတော့ ကြိုက်ရောင်းကြိုက်ဝယ်ပုံစံ မျိုးသာ အရောင်းအဝယ်ဖြစ်နေပြီး တံတားကြောင့် ရောင်းသူတွေက ဈေးတင်လာကြတာကိုလည်း တွေ့ရှိရပါတယ်။ ဝယ်လိုအားကတော့ စီးပွားရေးလုပ်ကိုင်ဖို့အတွက် တရုတ်ကုမ္ပဏီလုပ်ငန်းရှင်တွေက အများဆုံးဝယ်ယူကြပြီး ပြည်တွင်းက နေထိုင်ဖို့ ဝယ်ယူသူတွေကတော့ ဆိတ်ငြိမ်ရပ်ကွက်တွင်းတွေမှာသာ အနည်းငယ်ဝယ်ယူတဲ့ အနေအထားရှိတယ်လို့လည်း ကိုဖြိုးသူအောင်က ဆိုပါတယ်။
ဒလမြို့နယ်မှာ အရင်က လမ်းသွယ်တွေထဲက ပေ ၂၀၊ ပေ ၆၀ မြေကွက်တွေဟာ ကျပ်သိန်း ၂၅၀ ပတ်ဝန်းကျင်မှာရှိပေမဲ့ တံတားပန္နက်ရိုက်ပြီးနောက်ပိုင်းမှာ ကျပ်သိန်း ၅၀ဝ ပတ်ဝန်းကျင်ခန့်ထိ မြင့်တက်သွားတာတွေ ရှိတယ်လို့ ဒလအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက မန်နေးဂျင်းဒါရိုက်တာဦးကိုကိုဇော်က ပြောပါတယ်။
၂၀၁၄ ခုနှစ်လောက် ဒလဘက်ကမ်းက လမ်းမနဲ့နီးတဲ့ နေရာတွေမှာရှိတဲ့ လယ်မြေတွေဟာ တစ်ဧကကို ငွေကျပ် သိန်း ၁ဝဝဝ ခန့်အထိ မြင့်တက်ခဲ့ပြီး အခုအချိန်မှာတော့ တစ်ဧကကို ငွေကျပ် သိန်း ၅၀ဝ ခန့် ခေါ်ဈေးရှိကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း အထွေထွေအတွင်းရေးမ·းချုပ် ဒေါ်မို့မို့အောင်က ဆိုပါတယ်။
"တံတားတည်ဆောက်ဖို့ သေချာသွားပြီဆိုတော့ ရောင်းချင်တဲ့သူတွေကတော့ နည်းနည်းလှုပ်ချင်တယ်။ ဒါပေမဲ့ အဝယ်ကပါးနေတော့ သိပ်လှုပ်လှုပ် ခတ်ခတ်မရှိသေးဘူး"လို့ ဒေါ်မို့မို့အောင်က ဆိုပါတယ်။
တံတားတည်ဆောက်ပြီးစီးသွားရင် ရန်ကုန်မြို့ကို အချိန်တိုအတွင်း လာရောက်နိုင်မှာဖြစ်တဲ့အတွက် အထိုက်အလျောက် ဈေးတက်ခြင်းတွေ ရှိလာနိုင်ပေမဲ့ လူနေမှုစနစ်အတွက် အရေးကြီးတဲ့ ရေ၊ မီး အစရှိတဲ့ အခြေခံလိုအပ်ချက်တွေ အဆင်ပြေမှ ဝယ်သူတွေ စိတ်ဝင်စားနိုင်မှာ ဖြစ်တယ်လို့လည်း ဒေါ်မို့မို့အောင်က ပြောပါတယ်။
လွန်ခဲ့တဲ့လအနည်းငယ်ခန့်က ဒလမြို့နယ်မှာရှိတဲ့ အိမ်ခြံမြေဈေးတွေဟာ လက်ရှိပေါက်ဈေးထက် ထက်ဝက်ခန့် ကျဆင်းခဲ့ပြီး ဒလတံတားပန္နက်ရိုက်ခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက် နောက်ပိုင်းမှာ အိမ်ခြံမြေဈေးတွေ တရိပ်ရိပ်တက်လာခဲ့ တယ်လို့လည်း ဒေါ်မို့မို့အောင်က ဆိုပါတယ်။
အရင်က တံတားတည်ဆောက်မယ့် စီမံကိန်းစမယ်လို့ အသံကြားတာနဲ့ မကြာခဏ ဈေးတက်တာတွေ ရှိခဲ့ပေမဲ့ တံတားတည်ဆောက်ရေးက ကြန့်ကြာနေတာကြောင့် နောက်ပိုင်းမှာ ဈေးအတက်အကျသိပ်မဖြစ်တော့ဘဲ အရောင်းအဝယ်အေးနေခဲ့ကြောင်းလည်း ဦးကိုကိုဇော်က ပြောပါတယ်။
"လက်ရှိမှာတော့ ဒလမှာ လမ်းမတန်းမြေကွက်တွေထက် လမ်းသွယ်တွေထဲက မြေကွက်တွေကို စိတ်ဝင်စားသူပိုများနေပြီး အရောင်းအဝယ်ဖြစ်နေတယ်"လို့ ဦးကိုကိုဇော်က ပြောပါတယ်။
ငွေကျပ် သိန်း ၃၀ဝ နဲ့ ၆၀ဝ ကြားရှိတဲ့ မြေကွက်တွေ အဝယ်များပြီး သိန်း ၁çဝဝဝ ကျော်တန် မြေကွက်တွေကတော့ ဈေးခေါ်ထားပေမဲ့ ဝယ်သူမရှိသေးဘူးလို့လည်း ၎င်းကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်နေတဲ့ မြေကွက်တွေကလည်း ရန်ကုန်ဘက်က အကျိုးဆောင်တွေနဲ့ အကျိုးတူပူးပေါင်းပြီး အရောင်းအဝယ်ဖြစ်တာ များတယ်လို့လည်း သိရပါတယ်။
"အောက်ခြေမှာ အိမ်ခြံမြေဝန်ဆောင်မှုလုပ်တဲ့သူတွေက စည်းကမ်းတွေမရှိ ကြဘူးဖြစ်နေတယ်။ အိမ်ငှားနေတဲ့သူက မရှိလို့ငှားနေတာကို အမြတ်ကြီးစားပြီး လှည့်ပတ်နေကြတာကို အများကြီးတွေ့နေရတယ်။ ဒါတွေက မမှန်ကန်တဲ့ သိက္ခာမရှိတဲ့ လုပ်ရပ်မျိုးတွေလို့ မြင်ပါတယ်။ အိမ်ခြံမြေဈေးကွက်က စနစ်တကျနဲ့ စည်းကမ်းရှိဖို့ လိုပါတယ်"လို့ ဒေါ်မို့မို့အောင်က ပြောပါတယ်။
၂၀၁၉ မှာ အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ဥပဒေတွေ ထွက်လာခဲ့ရင်တော့ ပြည်တွင်းပြည်ပက ရင်းနှီးမြှုပ်နှံသူ တွေ ပေါ်လာနိုင်ပြီး အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်တဲ့သူတွေကိုလည်း ပိုပြီးစနစ်တကျဖြစ်လာစေဖို့ မျှော်လင့်တယ်လို့ ဒေါ်မို့မို့အောင်က ဆိုပါတယ်။
"ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ဥပဒေရဲ့ ထိန်းချုပ်မှုအောက် မှာ သွားမှပဲ စည်းကမ်းရှိရှိ အလုပ်လုပ်လို့ရမယ်။ မဟုတ်ရင်တော့ ဒါတွေကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး"လို့ ဒေါ်မို့မို့အောင်က ဆိုပါတယ်။
အဆိုပါဥပဒေကို ၂၀၁၉ ခုနှစ်မှာ အတည်ပြုနိုင်ပြီး စတင်ကျင့်သုံးနိုင်မယ်ဆိုရင်တော့ အိမ်ရှင်နဲ့ အိမ်ငှားကြားမှာ အခြေခံကျင့်ဝတ်မလိုက်နာဘဲ မမှန်မကန်လုပ်နေတဲ့ ပွဲစားတွေ ပပျောက်သွားနိုင်ဖို့ မျှော်လင့်ပြီး အိမ်ခြံမြေလုပ် ငန်း ဖွံ့ဖြိုးတိုးတက်လာနိုင်မယ်လို့လည်း ဒေါ်မို့မို့အောင် က ပြောပါတယ်။
အိမ်ခြံမြေလုပ်ငန်းထဲမှာ မမှန်မကန်လုပ်ဆောင်နေ သူတွေ ပပျောက်စေဖို့ ဥပဒေတွေရေးဆွဲလုပ်ဆောင်နေကြ ပေမဲ့ အသေးစိတ် မကြပ်မတ်နိုင်ရင်တော့ စည်းကမ်းမဲ့ လုပ်ဆောင်သူတွေက ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့ ကိုဖြိုးသူအောင်က ဆိုပါတယ်။
တစ်ဖက်မှာလည်း ရပ်ကွက်ထဲမှာပဲ တစ်နိုင်တစ်ပိုင်ကောင်းကောင်းမွန်မွန်နဲ့ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေတဲ့ အရပ်အခေါ် ပွဲစားတွေလည်း ရှိနေပါတယ်။ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေအရ လိုင်စင်ပြုလုပ်ပြီး၊ အခွန်ဆောင်ပြီးမှ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုမယ်ဆိုရင် တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေသူတွေအတွက် အခက်အခဲ ဖြစ်လာနိုင်တယ်လို့ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။
ဒလတံတားနဲ့ တစ်ဆက်တည်းတည်ရှိနေတဲ့ ဗိုလ်မင်းရောင်လမ်းမတန်းနဲ့ မြဝတီမင်းကြီးလမ်းမတန်းတစ်လျောက်မှာရှိတဲ့ အိမ်ခြံမြေဈေးတွေဟာ ယခင်က ပေ ၄၀ ပေ ၆၀ မြေကွက်တစ်ကွက်ကို ငွေကျပ် သိန်း ၁ç၅၀ဝ မှ သိန်း ၂ဝဝဝ ခန့်ရှိခဲ့ရာမှ ယခု သိန်း ၃ဝဝဝ ဝန်းကျင်ထိ ရက်ပိုင်းအတွင်း ဈေးတွေ မြင့်တက်လာခဲ့တယ်လို့ အိမ်ခြံမြေရောင်းဝယ်ငှား ဝက်ဘ်ဆိုက်တွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
ဒလတံတားကို ဖြတ်ကျော်လာရင်တော့ ရန်ကုန်မြို့ ထဲကို တိုက်ရိုက်ရောက်ရှိနိုင်မှာဖြစ်တဲ့အတွက် ကုန်စည်စီးဆင်းမှုလည်း ပိုမိုမြန်ဆန်လာပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်ဖို့ အထောက်အကူဖြစ်လာစေနိုင်တယ်လို့ ဦးကိုကိုဇော်က ဆိုပါတယ်။
"တံတားပြီးသွားရင်တော့ ဒလကို ဒုတိယရန်ကုန်ဖြစ်လာဖို့ မျှော်လင့်ပါတယ်"လို့ ဦးကိုကိုဇော်က ဆိုပါတယ်။
ဒလတံတားတည်ဆောက်ပြီးချိန်မှာတော့ ဒလမြို့နယ် အပြင် တစ်ဆက်တည်းတည်ရှိနေတဲ့ ကော့မ·း၊ ကွမ်းခြံကုန်း စတဲ့မြို့နယ်တွေဟာလည်း အရင်ထက် ပိုမိုဖွံ့ဖြိုးလာပြီး ပညာရေး၊ ကျန်းမာရေးကိစ္စများအတွက် အရင်ထက်ပိုမိုလွယ်ကူအဆင်ပြေလာနိုင်ဖို့ ဒေသခံတွေက မျှော်လင့် နေကြပါတယ်။
ဒလမြစ်ကူးတံတား အမျိုးအစားမှာ သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီး တံတားခံနိုင်ဝန်အနေဖြင့် ယာဉ်တစ်စီးချင်း ၇၅ တန်ရှိကြောင်း၊ စုစုပေါင်းတံတားအရှည်မှာ ၆၁၄၄ ပေရှည်လျားပြီး ပင်မတံတားအရှည်မှာ ၁၉၃၆ ပေရှိကြောင်း၊ ရေလမ်းကင်းလွတ် အမြင့်မှာ ၄၉ မီတာရှိပြီး အကျယ်မှာ ၃၂၀ နဲ့Dead weight tonnage (DWT) တစ်သောင်းခွဲ တန်ချိန်ရှိ ပင်လယ်ကူးသင်္ဘောကြီးတွေ ဖြတ်သန်း သွားလာနိုင်မှာဖြစ်တယ်လို့ လမ်းတံတားဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အဆိုပါတံတားကို ကိုရီးယားနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေEDCF ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနဲ့ မြန်မာအစိုးရထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်း ကုန်ကျခံ တည်ဆောက်မှာဖြစ်ပါတယ်။ တံတားကို ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနဲ့ ဒလမြို့နယ်ဗိုလ်မင်းရောင်လမ်းတို့ကို ဆက်သွယ်တည်ဆောက်သွားမှာဖြစ်ပါတယ်။
Ref & Photo : The Myanmar Times
Posted : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties