By mmtimes, Shweproperty.com
Updated at 1 April 2015
အိမ်ခြေရာမဲ့နှင့် ဆင်းရဲနွမ်းပါးသော မိသားစု များကို တစ်နိုင်ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်၍ သဘာဝတရားရိပ်သာ ဆရာတော် ဦးဥတ္တမသာရက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် စေတနာဓမ္မရွာကို တည်ဆောက်နေကြောင်း ရိပ်သာ၏ အတွင်းရေးမှူး ဦးအောင်သန်းဌေးက မြန်မာတိုင်း(မ်) ကို ပြောသည်။
စေတနာဓမ္မရွာကို လှည်းကူးမြို့နယ်၊ သစ်နီပင်ကျေးရွာအနီးတွင် ၂၀၁၄ ခုနှစ်မှ စတင်၍ တည်ဆောက်နေခြင်းဖြစ်သည်။ မြေဧက ၁၅၀ ပေါ်တွင် တရားရိပ်သာ နှင့် ဓမ္မရုံအပါအဝင် ပေ ၂၀၊ ပေ ၃၀ ပတ်လည် အိမ်ခြေ ၅၀၀ ကျော်တည်ဆောက် ရန် ရည်ရွယ်ထားသည်။
လက်ရှိအချိန်တွင် အိမ်ခြေအလုံး ၁၅၀ အပါအဝင် လက်နှိပ် ရေတွင်း တစ်တွင်း၊ သန့်စင်ခန်း ရှစ်ခန်း ဆောက်လုပ်ပြီးစီးပြီဖြစ်၍ ကျောင်းသားဦးရေ ၈၀ အပါအဝင် လူဦးရေ ၃၂၀ နေထိုင် လျက်ရှိသည်။ "လှည်းကူးက ဆရာတော်ရဲ့ ဒုတိယ စေတနာရွာပါ။ အကြမ်းထည်လောက် ပဲပြီးသေးတယ်။ ရွာအတွင်းလမ်း၊ ရွာအဝင်လမ်းဖောက်ရမယ်။ အိမ်တွေထပ်ဆောက် ရဦးမယ်။နောက်စက်ရေတွင်း၊ စာသင် ကျောင်း၊ အိမ်သာ၊ ဆေးပေးခန်း ဒါတွေကိုလည်း ဆက်လုပ်ရဦးမယ်။ လုပ်ငန်းတွေက မိုးတွင်းမှာနားကြဦးမှာဆိုတော့ အနည်းဆုံး ၂၀၁၆ လောက်မှ အပြီးသတ်ဖို့ရှိတယ်" ဟု ဦးအောင်သန်းဌေးက ပြောသည်။ နေရာအခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် ဆရာတော် အားလှူဒါန်းထားသည့် လှည်ကူးရှိ မြေနေရာတွင် စေတနာ ဓမ္မရွာကို ဆောက်လုပ်ဖြစ်ခဲ့ခြင်းဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် မြေယာနှင့် ပတ်သက်သော ပြဿနာများ ပေါ်ပေါက်မှု များပြားလာခဲ့ပြီးနောက် ဆရာတော်သည် သန်လျင်သဘာဝတရားရိပ်သာ၏ မြေနေရာအတွင်း ၁၅ ပေပတ်လည် မြေကွက်များရိုက်ကာ အနီးပတ်ဝန်းကျင်က ခိုကိုးရာမဲ့ အကူအညီ တောင်းခံသူ လူဦးရေ ၅၀ ကို စတင်ပေးခဲ့သည်။ ထို့နောက် ရိပ်သာပရဝဏ် ဧက ၈၀ ၏ ၂၅ ဧကကျော်တွင် စေတနာရွာကို တည်ဆောက်၍ အကူအညီများပေးခဲ့သည်။
လက်ရှိအချိန်တွင် လူဦးရေ ၈,၇၅၀ သည် အိမ်ခြေ ၂,၄၅၀ တွင် နေထိုင်လျက်ရှိသည်။ အိမ်ဆောက်ရန် အခက်အခဲရှိသော အိမ်ထောင်စုများကိုလည်း World Vision အပါ အဝင် ပြည်တွင်း၊ ပြည်ပ အင်န်ဂျီအိုများက ကူညီထောက်ပံ့ပေးလျက်ရှိသည်။
" အစတုန်းက စေတနာရွာမှာ တဲတောင် ခိုင်ခိုင်မာမာ မဆောက်ရသေးဘူး၊ မပြည့်မစုံနဲ့ အဆင်ပြေသလို လုပ်ရတာ။ မလုံမခြုံနဲ့ နေရတာ။ လူတွေ ဒုက္ခရောက်တယ်။ နေစရာမရှိနေစရာပေးတယ်။ စားစရာမရှိ ဘုန်းကြီး တွေက ဆွမ်းခံကျွေးတယ်။ နာရေးဖြစ်ရင် ချပေးတယ်။ အခုနောက်ပိုင်း နာရေးကူညီမှု အသင်းက ချပေးတယ်။ အခုဆို အရင်က ထက်စာရင် တော်တော်လေး ပြည့်စုံလာပြီ။ ဒုက္ခရောက်သူတွေဟာ စိတ်ပိုင်းဆိုင်ရာ အခြေအနေကောင်းမျိုး ရဖို့မလွယ်ဘူး။ တရားနှလုံးသွင်းနိုင်အောင် ဦးပဉ္စင်းက ကူညီပေးတယ်။ အိမ်မလုံမခြုံနဲ့ နေခဲ့ရပေမယ့် စိတ်လုံခြုံအောင် တရားနှလုံးသွင်းတတ်အောင် လမ်းညွှန်ပေးတယ်" ဟု ဆရာတော် ဦးဥတ္တမသာရက မိန့်ကြားသည်။
သန်လျင်စေတနာရွာအကြောင်း သတင်း မီဒီယာများတွင် ဖော်ပြလာကြပြီးနောက်ပိုင်း ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်များအတွင်း စေတနာ ရွာသို့ ပြောင်းရွှေ့လာသော မိသားစုများ တိုးပွားလာသည်။ ထို့ကြောင့် စည်းကမ်းချက် တစ်ရပ်အနေဖြင့် ရိပ်သာတွင်တရားနာမှရမည်ဟု ကန့်သတ်ချက်ထုတ်ပြန်ခဲ့သည်။ ၎င်းနောက်ပိုင်းတွင်လည်း ဆက်လက်တိုးပွားလျက်ရှိသောကြောင့် ရိပ်သာတွင် ၁၀ ရက်တရား စခန်းဝင်ပြီးမှသာလျှင် စေတနာရွာတွင်နေထိုင်ရန် လက်ခံမည်ဟု စည်းကမ်းထပ်မံ သတ်မှတ်လိုက် ရပြန်သည်။
သို့သော် ဝိပဿနာ တရားစခန်း ၁၀ ရက် ကို ဦးစွာဝင်ရမည်ဟု သတ်မှတ်ထားသော် လည်း စေတနာ ဓမ္မရွာတွင် လူမျိုးမရွေး၊ ဘာသာ မရွေး ခိုကိုးရာမဲ့သူများကို လက်ခံလျက်ရှိသည်။ "ဆရာတော်က ဘာသာဆွယ်တာ မဟုတ် ဘူး။ တရားထိုင်တယ်ဆိုတာ ဘယ်ဘာသာဝင် မဆိုသက်ဆိုင်တယ်လို့ ခံယူထားတာပါ။ လူတိုင်းမှာစိတ်ရှိတယ်။ စိတ်အခြေခံကြောင့် ဖြစ်လာတဲ့ ဒုက္ခတွေကလည်း ဘယ်ဘာသာ ဝင်မို့လို့ရယ်ဆိုပြီး ချန်ထားတာမဟုတ်ဘူး။ အားလုံးခံစားကြရတယ်။ အမှန်တော့ လောကီ မှာ ဖြစ်ပျက် နေကြတာတွေက အကုန်အတူတူပဲ။ ဒါတွေကို သင့်တင့်လျောက်ပတ်တဲ့ စိတ်နဲ့ နှလုံးသွင်းလက်ခံနိုင်ဖို့ လိုအပ်တယ်ဆိုတာကို ဆရာတော်ကသင်ပေးတယ်" ဟု သန်လျင်ရိပ်သာမှ စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်သော ဒေါ်ဌေးဌေးက ပြောသည်။
ရွာအတွင်း အိမ်ထောင်စုများ များပြား လာသည့်နှင့်အမျှ လူမှုရေးပြဿနာများ လည်း များပြားလာရာ ဆရာတော်က တတ်နိုင် သလောက် ကူညီဖြေရှင်းပေးနေရသည်ဟု ဆိုသည်။ မိသားစု အချင်းချင်း အဆင် မပြေမှုများကို ဖြေရှင်းပေးနိုင်ရန် ရွာအတွင်း ဓမ္မာရုံ ဆောက်လုပ်ပေးပြီး တရားထိုင်နိုင် ရန်၊ တရားအသိများ တိုးပွားလာစေရန် ဆရာတော်သာမက ပြင်ပဆရာတော်များ ကပါ တရားအသိ တိုးပွားလာစေရန် လာရောက်ချီးမြှင့်ပေးကြသည်။ ဆရာတော် ဦးဥတ္တမသာရသည်၂၀၀၀ပြည့်နှစ်တွင် တရားခွေ၊ တရားစာအုပ် များ ဖြန့်ချိသည့် တရားအလှူတော်လုပ်ငန်း ကို စတင်ခဲ့သည်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties