By Myanmar Times, Shweproperty.com
Updated at 15 September 2015
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ လမ်း ၃၀ နှင့် လမ်း ၆၀ ထောင့်ရှိ အမှတ်(၅) အခြေခံ ပညာအထက်တန်းကျောင်းပိုင်မြေပေါ်တွင် အမှတ်(၂)အခြေခံပညာရေးဦးစီးဌာန (အထက်မြန်မာပြည်)မှကျောင်းခွင့်ပြုချက် တစ်စုံတစ်ရာရယူခြင်းမရှိဘဲ အဆောက်အအုံများကျူးကျော် ဆောက်လုပ်ထားခြင်းက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များက ပြောသည်။
ယခုလ ၉ ရက်တွင် ကျောင်းပိုင်မြေအတွင်း ကျောင်းအားကစားကွင်းဖော်ထုတ်ခြင်း အပေါ် ကန့်ကွက်တားဆီးခံရခြင်းနှင့် ပတ်သက်၍ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ကျောင်းဘောလုံး ကွင်းဖြစ်မြောက် ရေးကော်မတီဝင်များ၊ အမှတ် (၅) ကျောင်းသားဟောင်းများ ပူးပေါင်းကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ကျောင်းအကျိုး တော်ဆောင်အဖွဲ့ဝင်များက ပြောကြားခဲ့ခြင်းဖြစ်သည်။ အမှတ် (၅) အခြေခံပညာအထက်တန်း ကျောင်းပိုင် (ဂရန်အမှတ်၃၆၆၆/၁၉၉၆ ၁၉၉၇ မြေယာ) ဂရန်မြေဧရိယာအတွင်းသို့ အမှတ်(၂) အခြေခံပညာရေးဦးစီးဌာန (အထက်မြန်မာည်) မှ ကျောင်းတာဝန်ရှိသူ များနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းများမရှိဘဲ ၂၀၁၄ ခုနှစ်မှ စတင်ကာ အထပ်မြင့်အဆောက် အအုံ လေးလုံးကိုဆောက်လုပ်ထားကြောင်း၊ ယင်းမြေနေရာမှာ ကျောင်းပိုင်မြေဖြစ်ပြီး ကျောင်းအားကစားကွင်းနှင့် ကျောင်းစုဝေး ကွင်းအဖြစ် သတ်မှတ် ထားခြင်းဖြစ်ပြီး ကျောင်း အကျိုးတော်ဆောင်များက ပိုလျှံမြေများ ပေါ်တွင် ကျောင်းအားကစား ကွင်းကို ဆက်လက်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးယဉ်မောင်ထွန်းက ပြောသည်။ "ကျွန်တော်တို့ကျောင်းလေးက မူလတန်းကျောင်းအဆင့်ကနေ စပြီးတော့ သက်ဆိုင်ရာ ကျောင်းအကျိုးတော်ဆောင်တွေ၊ ကျောင်း အုပ်ဆရာတွေ ပူးပေါင်းပြီးတော့ ကြိုးစားခဲ့ ရာကနေ အခုချိန်မှာအထက်တန်းကျောင်း လေးအဖြစ်ကို ပြောင်းလဲခဲ့ပါတယ်။ ကျွန်တော်တို့ ကျောင်းကလေးက ဝင်ငွေနည်းပါးတဲ့ မိသားစုများက ကလေးတွေ ပညာနို့ရည် သောက်သုံးနေတဲ့ကျောင်းဆိုလည်း မမှားပါဘူး။ ကျောင်းပိုင်မြေပေါ်မှာလည်း ကျူးကျော် အဆောက်အအုံဆောက်ထားတယ်၊ ပိုလျှံမြေ လေးပေါ်မှာ ကျောင်းအားကစားကွင်းလေး တည်ဆောက်ဖို့ တင်ပြတောင်းဆိုတာကြတော့ အကြောင်းပြချက်တွေပေးပြီးပယ်ချပါ တယ်။ ဒီကျောင်းမြေဂရန်ရခဲ့တာလည်း ကျောင်းက တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက် မှုကြောင့်ပါ။ ဝန်ကြီးဌာနက ဘာမှဆောင်ရွက်လုပ်ကိုင်ပေးတာမရှိပါဘူး" ဟု ဦးယဉ်မောင်ထွန်းက ရှင်းပြသည်။
အဆိုပါ ကျောင်းပိုင်မြေဧက ၉ ဒသမ ၈၄ ဧကကို အမှတ်(၅) ကျောင်းသို့ ၁၉၉၀ ပြည့်နှစ်အတွင်းက စာအမှတ် ၅၂/၁၃/တ ၀ တ ဖြင့် တိုင်းငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့မှ သတ်မှတ်ပေး ထားခဲ့ပြီး ၂၀၀၈ ခုနှစ် အတွင်းက လမ်း ၃၀ ဖောက်လုပ်လိုက်သည့် အတွက် ကျောင်းပိုင်မြေ ၈၁ ပေကို ပေးလိုက် ရကြောင်း၊ ယင်းအတွက်ကြောင့် အမှတ်(၅) ကျောင်းသည် တောင်ဘက်ခြမ်းနှင့်မြောက် ဖက်ခြမ်း နှစ်ခြမ်းကွဲနေခြင်းဖြစ်ပြီး ကျောင်း တောင်ဘက်ခြမ်း ပိုလျှံမြေပေါ်တွင် အားကစားကွင်းတည်ဆောက်ရန် ကျောင်းအုပ် ဆရာမကြီးသို့ တင်ပြထားပြီး ကျောင်းအုပ် ဆရာမကြီးမှာတစ်ဆင့် အားကစားကွင်း တည်ဆောက်ခြင်းကိစ္စကို မြို့နယ်ပညာရေး မှူးရုံးမှ ပယ်ချထားကြောင်း ကျောင်းအကျိုးတော်ဆောင်အတွင်းရေးမှူး ဦးထင်လင်းက ရှင်းပြ သည်။ မြို့နယ်ပညာရေးမှူးရုံးမှ ဩဂုတ်လ ၂၆ ရက်က အမှတ်(၅)အခြေခံပညာအထက် တန်းကျောင်းမှ ဘောလုံးကွင်းမြေ နေရာလုပ်ခွင့်ပြုရန် တင်ပြလာသည့် ကိစ္စနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် တိုင်း/ခရိုင်/ မြို့နယ်များမှ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန် သတ်မှတ်လျာထားသည့် မြေနေရာ ဖြစ်သောကြောင့် ဘောလုံးကွင်းပြုလုပ်ရန် လုံးဝခွင့်မပြုနိုင်ကြောင်း မြို့နယ်ပညာ ရေးမှူး လက်မှတ်ဖြင့် အကြောင်းကြားစာ ပေးပို့ထားသည်။
သို့သော် ဂရန်မြေသဘောတရားအရ ဂရန်မြေပေါက်ထားသည့် မြေနေရာကို ယင်းဂရန်မြေ ပိုင်ဆိုင်သည့် သူသာလျှင် မြေယာစီမံခန့်ခွဲမှုအခွင့်အရေး အပြည့်အ၀ ရရှိမည်ဖြစ်ကာ မည်သူ မဆို၎င်းမြေယာကို အရောင်းအဝယ်ပြုလုပ်လိုလျှင်လည်းကောင်း၊ အဆောက်အအုံ ဆောက်လုပ် လိုလျှင် လည်းကောင်း၊ အခြားလွှဲပြောင်းပေးအပ် မှုများပြုလုပ်လိုလျှင်လည်းကောင်း သက်ဆိုင်ရာမြေဂရန်ပိုင်ဆိုင်သည့်သူများကို အသိပေးညှိနှိုင်းလုပ်ဆောင်ရကြောင်း၊ မြေယာပိုင်ဆိုင်သူများတွင် အမှန်တကယ်နစ်နာမှုများ ရှိလာပါကာ တရားစွဲခွင့်ရှိကြောင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ကျော်က ပြောသည်။ "အဆောက်အအုံ ဆောက်လုပ်စဉ်က တော့ ကျောင်းအတွက် အဆောက်အအုံဆောက်တယ် ထင်တာပါ။ ဒါပေမဲ့ အခုချိန် ကြတော့ ဘယ်ကဝန်ထမ်းတွေမှန်းမသိတဲ့သူ တွေကို နေရာ ချထားပေးပါတယ်။ ကျွန်တော် တို့က အဆောက်အအုံနဲ့ လွတ်တဲ့ ပိုလျှံမြေ ပေါ်မှာ အားကစား ကွင်းဆောက်ဖို့ တင်ပြတော့ ပယ်ချပါတယ်။ ကျောင်းပိုင်မြေပေါ်မှာ ဝန်ကြီးဌာနအနေနဲ့ တရားဥပဒေမဲ့စွာကျူးကျော်အဆောက်အအုံဝင်ဆောက်တာပါ။ တရားဥပဒေမှာလည်း ဒီလို လုပ်ခွင့်မရှိပါဘူး။ ကျွန်တော်တို့က ဒါတွေကိုသက်ဆိုင်ရာ တွေကို ဖြေရှင်းပေးဖို့ စာတင်ပြတောင်း ဆို သွားမယ်။ နောက်ဆုံး ဆန္ဒဖော်ထုတ် တောင်းဆိုတာအထိ ပြုလုပ်သွားမှာပါ" ဟု ဦးထင်လင်းကပြောသည်။ လက်ရှိအချိန်တွင် အမှတ်(၅) ကျောင်း၌ ကျောင်းသားဦးရေ ၂,၂၀၀ ဝန်းကျင်ခန့် ပညာသင်ကြားလျက်ရှိပြီး နှစ်ထပ် အဆောက် အအုံ လေးလုံးနှင့် တစ်ထပ်အဆောက်အအုံ လေးလုံးရှိကာ ကျောင်းအားကစားကွင်းဟူ၍ သီးသန့်မရှိသေးကြောင်း၊ တစ်နှစ်ထက် တစ်နှစ် ကျောင်းသားဦးရေတိုးမြင့်လာသောကြောင့် လက်ရှိမျိုးဆက်သစ်ကျောင်းသား များ၏ ကျန်းမာရေး၊ ဉာဏ်ပညာဖွံ့ဖြိုး တိုးတက်ရေးနှင့်ကာယစွမ်းအားမြှင့်တင်ရေးတို့အတွက် ကျောင်းအားကစားကွင်း လိုအပ်လျက်ရှိကြောင်း ကျောင်းကော်မတီအဖွဲ့ဝင်များကပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မေးမြန်းရန် တိုင်းဒေသကြီးပညာရေးမှူးရုံးကို ဆက်သွယ်ခဲ့သော်လည်း စက်တင်ဘာလ ၁၄ ရက်အထိ လက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
Ref : Myanmar Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties