အိမ်ပြောင်းအိမ်ရွှေ့လုပ်ရတဲ့အခါ လူတွေစိတ်ညစ်တတ်ကြပါတယ်။ ဘာလို့လဲဆိုရင် မူလအထိုင်ကျနေတဲ့ အိမ်မှာ ပစ္စည်းတွေအကုန်ဆွဲထုတ်၊ အထုပ်ကြီး အထုပ်ငယ်ပြင်ဆင်ရတာက တစ်မျိုး၊ ဗီဒို၊ ကြောင်အိမ်လို ပရိဘောဂတွေဆိုရင်လည်း အထဲက ပစ္စည်းအကုန်ဆွဲထုတ် ပီနံအိတ်တစ်ခုနဲ့ စုထားပြီး အလွတ်သပ်သပ် သယ်ရတာမျိုးပေါ့။

ပြီးရင် အိမ်အသစ်ရောက်ရင်လည်း သိမ်းထားသမျှ အကုန်တစစီပြန်ထုတ် နေရာပြန်ချနဲ့ ပင်ပန်းလှတဲ့ အမျိုးကိုး။ ဒါကြောင့် လူတွေက တော်ရုံဆိုရင် အိမ်ကို မပြောင်းချင်ကြပါဘူး။ 

အထူးသဖြင့် အိမ်ငှားတွေဆိုရင် အိမ်ငှားခဈေးတက်လို့၊ အိမ်ပိုင်ရှင် လာနေတော့မှာ မို့လို့၊ အခန်းရောင်းတော့မှာမို့လို့ စသဖြင့် ပွဲစားရဲ့ ပရိယာယ်လား၊ အိမ်ရှင်ရဲ့ သဘောလား သေချာမသိရတဲ့ အကြောင်းရင်းမျိုးစုံနဲ့ မကြာမကြာ အခန်းသစ်ကိုရှာ အိမ်ပြောင်းကြရတာပါပဲ။ အဲ့ဒီအခါ အိမ်ပြောင်းရတဲ့ စိတ်ဖိစီးမှုကတော့ အိမ်ငှားတွေ ကိုယ်တိုင်ပဲ သိကြမှာပါ။ 

ဒီဆောင်းပါးလေးမှာတော့ အိမ်ပြောင်းကြရမယ့် မိဘပြည်သူတွေအတွက် အချိန်တိုအတွင်း လူလည်း သက်သက်သာသာလေးနဲ့ နေရာသစ်မှာ အထိုင်ကျနိုင်ဖို့ နည်းလမ်းကောင်းတချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 

အိမ်သစ်တစ်အိမ်ကို အထိုင်ကျအောင် လုပ်ရတာဟာ တွေးလိုက်တာနဲ့ စိတ်ဖိစီးရတဲ့ အလုပ်တစ်ခုလို့  ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်တွေ သိထားရင် မခက်တော့ပါဘူး။ 



အတွေးကိုပြောင်းပါ။

အိမ်မပြောင်းခင် တစ်လလောက်ကြိုပြီး စိတ်ဆင်းရဲနေမယ်ဆိုရင် တစ်လသင်ရှုံးပါတယ်။ ဒါကြောင့် အတွေးကိုပြောင်းပါ။ ပြောရမယ်ဆိုရင် ဘာမှ ပရိဘောဂ မရှိသေးတဲ့ အိမ်သစ်က သန့်ရှင်းရေးလုပ်ဖို့ အရမ်းလွယ်ပြီး ပစ္စည်းတွေ နေရာချဖို့လည်း သိပ်ဦးနှောက်ခြောက်စရာ မလိုပါဘူး။ နောက်ပြီး အရင်အိမ်နဲ့မတူတဲ့ Decoration ကိုလည်း ပြောင်းနိုင်ဦးမှာမဟုတ်လား။

အိပ်ခန်းကို အရင်ရှင်းပါ။

ဘာဆိုဘာမှမလုပ်ရသေးခင်မှာ အရင်ဆုံးလုပ်ရမှာကတော့ အခန်းတစ်ခန်းထဲမှာ ပစ္စည်းပစ္စယတွေအထုပ်အပိုး သေတ္တာတွေအားလုံးစုပုံထားလိုက်ပြီးတော့ အိပ်ခန်းသန့်ရှင်းရေးနဲ့ နေရာချခြင်းကို သေသေချာချာပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ ဒါမှသာ ကိုယ်နားစရာနေရာလေး ရှိမှာဖြစ်ပြီး အခြား နေရာချတာတွေကို ဖြည်းဖြည်းအေးအေး လုပ်နိုင်မှာ ဖြစ်ပါတယ်။ 

အိမ် decoration ကို မစဉ်းစားပါနဲ့ဦး။

အိမ်ကို decoration ပြင်ဖို့ထက် ပစ္စည်းတွေကို သပ်သပ်ရပ်ရပ် နေရာချဖို့ အရင်စဉ်စားရပါမယ်။ အိမ်ဒီဇိုင်းအတွက် အလွယ်တကူအလျင်စလိုဆုံးဖြတ်လိုက်ဖို့ မလိုပါဘူး။ နောက်မှဖြည်းဖြည်းအေးအေး အလှဆင်ပါ။ ဒါမှပဲ အိမ်သစ်အတွက် ဘယ်လိုပြင်ဆင်မှုတွေက အကောင်းဆုံးလဲဆိုတာကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်မှာပါ။

ကဲ ဒါဆိုရင်တော့ ပင်ပန်းလာရင် နားလိုက်၊ နေရာချလိုက်နဲ့ အေးအေးဆေးဆေး အိမ်သစ်ကို ပြင်ဆင်နိုင်ပြီပေါ့။ အိမ်ပြောင်းတော့မယ်ဆိုရင် ဒီအချက်လေးတွေကို မှတ်ထားနော်

Written By : Lily ( ShweProperty.com )