အိမ်တစ်လုံးဝယ်ယူရတာ တကယ်တော့ မလွယ်ကူပါဘူး။ လိုအပ်တဲ့ ငွေကြေးအပြင် တခြားစဉ်းစားစရာတွေ၊ ထည့်တွေးစရာတွေလည်း များစွာရှိတာမို့ အိမ်ဝယ်တော့မယ်ဆိုရင် ဘက်ပေါင်းစုံက စဉ်းစားဆုံးဖြတ်ဖို့လိုပါတယ်။ အဲဒီလိုစဉ်းစားစရာတွေထဲမှာ အိမ်ရဲ့ စီးပွားရေး၊ကျန်းမာရေး စတာတွေအဆင်ပြေစေဖို့အတွက် ဖုန်းရွှေနည်းကိုပါ ထည့်တွေးဖို့လိုအပ်ပါတယ်။

 အိမ်ဝယ်ဖို့ စုံစမ်းနေသူတွေအတွက် ဖုန်းရွှေနည်းနဲ့မကိုက်ညီဘဲ မဝယ်သင့်တဲ့ အိမ်ကိုဝယ်မိမယ်ဆိုရင် ငွေကြေးအဖတ်မတင်တာ၊ ဘယ်လောက်ရှာရှာမလောက်တာတွေနဲ့ အိမ်သားတွေ ကတောက်ကဆဖြစ်ပြီး အိမ်ပူတာတွေခံစားရနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့တော့ Shwe Property က စာဖတ်သူတွေအတွက် ဖုန်းရွှေနည်းအရ မဝယ်သင့်တဲ့ အိမ်တွေရဲ့ လက္ခဏာတွေကို ပြောပြပေးလိုက်ပါတယ်။ 

(၁)  T ပုံစံ လမ်းဆုံကအိမ်

လမ်းနှစ်ခုဆုံတဲ့နေရာက အင်္ဂလိပ်အက္ခရာ T ပုံဖြစ်နေခဲ့ရင် T လမ်းဆုံနေရာလို့ပြောလို့ရပါတယ် ။ အဲ့ဒီလိုနေရာမျိုးက အိမ်တွေဟာ လာဘ်တိတ်တယ်လို့ လူသိများပါတယ်။ အဲဒီလိုနေရာမျိုးတွေမှာဆောက်ထားတဲ့ အိမ်တွေက ကံဆိုးမှုတွေကို သယ်လာတတ်ပြီး ကိုယ့်ဘဝကို မကောင်းတဲ့စွမ်းအင်တွေ ပို့ပေးတတ်ပါတယ်။ ဒါကြောင့် လမ်းဦးတိုက်၊ လမ်းခွဆုံက အိမ်တွေကို တတ်နိုင်သမျှရှောင်ရှားသင့်ပါတယ်။

(၂) သင်္ချိုင်းမြေနဲ့ နီးတဲ့အိမ်

သင်္ချိုင်းမြေ ၊ သုသာန်တို့ နဲ့ နီးတဲ့အိမ်တဲ့ကို မဝယ်သင့်ပါဘူး။ ဒီိအိမ်တွေဟာ သေခြင်းတရားရဲ့အငွေ့အသက်တွေလွှမ်းခြုံနေတဲ့အတွက် ဖုန်းရွှေနည်းအရ ရှင်သန်မှုနဲ့ ကံကောင်းခြင်းစွမ်းအင်တွေ စီးမျောဖို့ ခင်္ကခဲပါတယ်။ 
သင်္ချိုင်းမြေနားက အိမ်ကို ဝယ်ယူတဲ့အခါ ကံဆိုး၊ လာဘ်တိတ်ဖို့ အခွင့်အလမ်း ပိုများလာနိုင်တယ်လို့ဖုန်းရွှေပညာရှင်တွေက သတိပေးထားပါတယ်။ 

(၃) အိမ်ရဲ့နောက်ကြောင်းရာဇဝင်

အိမ်မှာ ရှိခဲ့ဖူးတဲ့ဖြစ်ရပ်တွေ၊ အကြောင်းအရာတွေက စွမ်းအင်တွေ အဖြစ်နဲ့ အိမ်တွေမှာ ကိန်းကျန်ရစ်တတ်ပါတယ်။ ဒီလိုစွမ်းအင်တွေက အိမ်ရဲ့နံရံတွေ၊ ခြံဝန်းတွေထဲမှာ ကိန်းအောင်းနေတာဖြစ်လို့ နောက်ကြောင်းရာဇဝင်မကောင်းတာ၊ အနိဌာရုံတွေဖြစ်ဖူးတာတွေဆို ရှောင်သင့်ပြီး ကံမကောင်းဘူးလို့ ကျော်ကြားတဲ့အိမ်မျိုးဆိုရင် မဝယ်ယူသင့်ပါဘူး။



(၄) အိပ်ခန်း နေရာအထားအသို

အများစုက အိမ်ဝယ်တဲ့အခါ အိမ်ဘယ်လောက်ကျယ်သလဲ ၊ ကြီးသလဲ ၊အိပ်ခန်းဘယ်လောက်ပါလဲ စတာတွေကို အာရုံထားတတ်ကြတာများပါတယ်။
တကယ်တမ်း အာရုံထားသင့်တာကတော့ Master bedroom အခန်းတွေပါ။ အိပ်ခန်းတွေက အိမ်ရဲ့အဓိကကျတဲ့ နေရာ‌တစ်ခုလို့ပြောလို့ရတာမို့ ကိုယ်အဓိက အိပ်မယ့်အိပ်ခန်းအနေအထားဟာ မသင့်တော်တဲ့နေရာမှာ ရှိနေရင် အဲ့ဒီအိမ်ကိုမဝယ်ဘဲ ရှောင်ဖယ်သင့်ပါတယ်။ အိပ်ခန်းကဘယ်နေရာမှာရှိသင့်တယ်ဆိုတာတွေကို ပြီးခဲ့တဲ့အပတ်တွေက ဆောင်းပါးတွေမှာ ပြောပြပေးထားပါတယ်။


(၅) ရေချိုးခန်းတည်နေရာ

ရေချိုးခန်းတွေက အိမ်ရဲ့ဘေးဘက် ဧရိယာတွေမှာရှိသင့်တဲ့ နေရာအမျိုးအစားတွေဖြစ်ပါတယ်။ ရေချိုးခန်းက အိမ်ရဲ့အလယ်လောက်မှာရှိနေရင် အဲဒီအိမ်မှာ ကောင်းတဲ့စွမ်းအင်တွေက ကြာကြာမနေဘဲ ပျက်ပြယ်လွင့်ပါးသွားတတ်ပါတယ်။ ဒါကြောင့် ကိုယ့်အိမ်မှာကောင်းမွန်တဲ့စွမ်းအင်တွေ ကြာကြာ ကိန်းအောင်းနေနိုင်ဖို့ ရေချိုးခန်းကို အိမ်ရဲ့အလည်မှာ မထားသင့်သလို အိမ်ရဲ့အလယ် ဒါမှမဟုတ် အတွင်းဘက် ဧရိယာတွေမှာ ရေချိုးခန်း၊အိမ်သာတွေ ရှိနေတဲ့အိမ်မျိုးဆိုရင် မဝယ်ယူသင့်ပါဘူး။ 

(၆) အိမ်အရွယ်အစား

အိမ်ရဲ့အရွယ်ပမာဏကလည်း အိမ်ဝယ်ဖို့ ဆုံးဖြတ်ထားတဲ့အခါ မဖြစ်မနေ စဉ်းစားရမယ့် အချက်တစ်ခုပါပဲ။အိမ်ဝယ်တဲ့အခါ လူတွေလုပ်မိတတ်တဲ့ အမှားတစ်ခုကတော့ အိမ်အရွယ်ကြီးလေကောင်းလေ ဆိုတဲ့ အယူအဆမှားတစ်ခုကို လက်ကိုင်ထားမိတာပါ။ 
တကယ်က အိမ်ဝယ်ယူတဲ့အခါ အိမ်မှာနေမယ့် အိမ်သားအရေအတွက်နဲ့လိုက်ပြီး အရွယ်အစားကိုချင့်ချိန် ဝယ်ယူရမှာပါ။ အိမ်ကျယ်ကြီးတွေမှာ အိမ်သားနည်းနည်းပဲ နေတဲ့အခါအိမ်ရဲ့ယင်နဲ့ယန်ဓာတ်က မမျှတတော့ဘဲ ကံကောင်းမှုတွေ၊ ကောင်းတဲ့စွမ်းအင်တွေကိုလည်း ထိန်းသိန်းထားနိုင်ခြင်းမရှိတော့ပါဘူး။ အဲဒီလိုအိမ်မျိုးမှာ နေထိုင်မိရင် အိမ်သားတွေနေမကောင်းခဏခဏဖြစ်ခြင်း ၊ အိမ်ပူခြင်း ၊ လာဘ်ပိတ်ခြင်း အစရှိတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အိမ်ကြီးတွေပိုင်ဆိုင်ထားပြီး မိသားစုနည်းနေမယ်ဆိုရင် အိမ်ကို နေရာခွဲခြမ်းပြီးပြန်ငှားတာဖြစ်စေ၊ မိသားစု၊ မိတ်ဆွေတွေကို မကြာခဏလာရောက်နေထိုင်ခိုင်းတာဖြစ်စေ ပြုလုပ်သင့်ပါတယ်။ 

အခုပြောပြသွားတာကတော့ ငွေသားတွေကို အိမ်ပိုင်ဆိုင်မှုအဖြစ်ပြောင်းလဲချင်တဲ့သူတွေ၊ မိသားစုနေဖို့ အိမ်အသစ်ဝယ်ယူဖို့ရှာဖွေနေသူတွေအတွက် ရောင်းမှားဝယ်မှားမဖြစ်ရအောင် မဝယ်ယူသင့်တဲ့အိမ်တွေရဲကလက္ခဏာတွေကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်။ နောက်တစ်ပတ်တွေမှာလည်း အိမ်၊ မြေကွက် estate အရောင်းအဝယ်နဲ့ ပတ်သက်တဲ့ လိုက်နာစရာ ဗဟုသုတတွေ၊ အိမ်တွင်းရေးပိုမိုသာယာစေပြီး လာဘ်လာဘပေါများစေမယ့် ဖုန်းရွှေနည်းလမ်းတွေ၊ ဗေဒင်အစီအရင်တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ ShweProperty Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

Written By : San Wadi Hnin (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)