By emg, Shweproperty.com
Updated at 9 June 2014
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအတွင်းရှိ တည်ဆောက်ပြီးစီးနေသည့် အိမ်ရာများကို တန်ဖိုးကျပ်သိန်း ၁၂၀ ခန့်ဖြင့် အမှုထမ်းများကို ဦးစားပေးကာ ဇွန်လအတွင်း စတင်ရောင်းချမည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
လှိုင်သာယာမြို့နယ် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာများသည် တစ်ယူနစ်လျှင် ၄၆၈ စတုရန်းပေရှိသည့် ခြောက်ခန်းတွဲ လေးထပ်တိုက်များဖြစ်ကြောင်း၊ အချို့အိမ်ရာများမှာ RC အမျိုးအစားဖြစ်ပြီး အချို့မှာ Steel Structure အမျိုးအစားဖြစ်ကာ အမျိုးအစားအလိုက် ဈေးနှုန်းကွာခြားမှုလည်း ရှိသည်။ “လှိုင်သာယာက တန်ဖိုးနည်းအိမ်ရာတွေက ခြောက်ခန်းတွဲ လေးထပ်တိုက်တွေပါ။ လောလောဆယ် ၁၀ လုံး စရောင်းမယ်။ ဇွန်လထဲမှာ စရောင်းမယ်။ တန်ဖိုးကတော့ RC က ၁၂၅ သိန်း၊ Steel Structure က သိန်း ၁၂၀ ပါ” ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လှိုင်သာယာရှိ အဆိုပါ တန်ဖိုးနည်းအိမ်ရာများကို အခြေခံဝန်ထမ်းများမှစ၍ ရုံးအုပ်အဆင့်အထိ အမှုထမ်းများကို ဦးစားပေးကာ ရောင်းချသွားမည်ဖြစ်ပြီး ရောင်းချရာ၌ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ကာ ဝယ်ယူခွင့် ရရှိမည်ဖြစ်သည်။
“မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနရဲ့ ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်နဲ့ ချိတ်ဆက်ဝယ်ယူနိုင်အောင် ဆောင်ရွက်လျက် ရှိပါတယ်။ အကြမ်းဖျင်းတော့ ၃၀ ရာခိုင်နှုန်းကို ကနဦး စသွင်းမယ်။ ကျန်တာကို အရစ်ကျသွားမယ်” ဟုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းသည် လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်းမပေါ်၊ ရွှေလင်ပန်းချောင်း၏ မြောက်ဘက်တွင် တည်ရှိကြောင်း၊ စီမံကိန်းတစ်ခုလုံး၏ အကျယ်အဝန်းမှာ ဧက ၂၀ ကျော်ရှိကြောင်း၊ သို့သော်လည်း အဆိုပါ ဧက ၂၀ ကျော်ကို အပိုင်းလေးပိုင်းခွဲကာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းအတွင်း ခြောက်ခန်းတွဲ လေးထပ်တိုက် ၃၂ လုံးပါဝင်ကာ ပထမပိုင်း အနေဖြင့် ပြီးစီးခဲ့သည့် ၁၀ လုံးကို စတင်ရောင်းချမည်ဟု သိရသည်။
Ref : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties