By မြင့်မိုရ်ဆွေ, Shweproperty.com
Updated at 4 December 2015
စာရေးသူအား သီတင်းကျွတ်လာကန်တော့သော တူ၊ တူမများတွင် ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာ လျှောက်ထားသူများ ပါဝင်ကြ၏။ သူတို့ခမျာ ငွေပေးသွင်းနိုင်ရန်အတွက် အပြင်းအထန်ရုန်းကန်ခဲ့ရကြောင်းနှင့် သူတို့၏ အတွေ့အကြုံများကို ပြောပြခဲ့ရာ ထိုအကြောင်းအရာများကို မှတ်သားပြီးနောက် ညဘက်အိပ်ပျော်သွားရာ၌ စိတ်စွဲလမ်းမှုကြောင့်ထင်၏။ ထူးဆန်းသော အိပ်မက်တစ်ခုမက်လေ၏။ အိပ်မက်ထဲတွင် စာရေးသူ၏အမည်မှာ ‘‘မောင်ကျူးကျော်’’ ဖြစ်၏။ စာရေးသူချစ်ခင်စွဲလမ်းရသူလေး၏ အမည်မှာ ‘‘မရွှေ’’ဖြစ် ၏။ (ဘရွှေမဟုတ်ပါ) စာရေးသူသည် မရွှေကို ပိုင်ဆိုင်ပြီး ဘဝတစ်သက်တာ လက်တွဲနေထိုင်နိုင်ရန်အတွက် သူမ၏မိဘများထံမှ သဘောတူခွင့်ပြုချက်ရရှိရန် ကြိုးစားခဲ့၏။ သူမ၏အဖေမှာ ‘‘ဦးမြို့အိုး’’ဖြစ်ပြီး လွန်စွာသဘောကောင်း၏။ ဝင်ငွေနည်းဆင်းရဲ သားများအပေါ် ကရုဏာထားတတ်၏။ ကြိုးစားပြီးရိုးသားသော ဂုဏ်ကိုနှစ်သက်၏။ သူမ၏ မိခင်မှာ ‘‘ဒေါ်စီအိတ်’’ဖြစ်၏။ ဆင်းရဲသားများအား ကရုဏာထားတတ်သော်လည်း အလွန်စိစစ်၏။ ဦးမြို့အိုးလောက် သဘောထားမကြီး။ ပေသီးအလွန်ခေါက်၏။
အိပ်မက်ထဲတွင် စာရေးသူက မရွှေအားတောင်းယူရန် ချဉ်းကပ်သောအခါ ဦးမြို့အိုးက ရပ်မိရပ်ဖစုံလင်စွာဖြင့် အကျဉ်းရုံးလက်ထပ်ပေးရန် သဘောတူလက်ခံ၏။ ဒေါ်စီအိတ်ကမူ ထိုကဲ့သို့မဟုတ်။ ငွေ ၃၅ သိန်းလက်ငင်းတင်၍ တောင်းရမည်။ ထို့အပြင် သူတို့အား လစဉ်ကျပ်တစ်သိန်းခွဲ အနည်းဆုံးထောက်ပံ့ရမည်။ ရှစ်နှစ်ဆက်တိုက် ထောက်ပံ့ပါမည်ဟု လူကြီးစုံရာနှင့် ကတိပြုမှ ပေးစားနိုင်မည်ဟု အရေးဆို၏။ စာရေးသူမှာ လစဉ်ထောက်ပံ့မှုကိုရအောင် ရှာဖွေပေးပါမည်။ ငွေလက်ငင်း ၃၅ သိန်းတင်ရမည့်ကိစ္စကိုမူ တတ်နိုင်သမျှ လျှော့ပေါ့ပေးပါဟု ‘‘ဦးမြို့အိုး’’အား သနားခံ၏။ ဦးမြို့အိုးက ဒေါ်စီအိတ်ကို မလွန်ဆန်နိုင်။ ထို့ကြောင့် ဒေါ်စီအိတ်အား ခြေစုံဖက်တောင်းပန်ရပြန်၏။ သို့သော် ဘယ်လိုမှ မလျှော့နိုင်ဟုပြော၍ စာရေးသူမှာ ဝမ်းနည်းပက်လက်ဖြစ်ပြီး ချစ်သူမရွှေအား ဝမ်းနည်းစွာ ကျောခိုင်းခဲ့ရလေ၏။ ထိုစဉ် အလှူခံမဏ္ဍပ်ရှိ အသံချဲ့စက်မှ မဆီမဆိုင် ‘‘ချစ်လိုလျက်နဲ့ဝေး’’ဟူသော သီချင်းသံထွက်ပေါ်လာရာ စာရေးသူမှာ ဒေါပွပြီး အိပ်ရာမှ လန့်နိုးလေတော့၏။
ကြံကြံဖန်ဖန်မက်သည့် အိပ်မက်အကြောင်း အပြန်ပြန်အလှန်လှန်စဉ်းစားကြည့်သောအခါ ယမန်နေ့ နေ့လယ်က တူ၊ တူမ များ၏ ကန်တော့ခံရင်း ၎င်းတို့ပြောကြားခဲ့သည့် ရွှေလင်ဗန်းအကြောင်းကို အခြေခံ၍ ‘‘မောင်ကျူးကျော်’’ဟူသည် ကျူးကျော်ရပ် ကွက်မှ ပြည်သူများ၊ ‘‘မရွှေ’’မှာ ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာ၊ ‘‘ဦးမြို့အိုး’’မှာ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ‘‘ဒေါ်စီအိတ်’’ မှာမူ စီအိတ်ချ်ဒီဘီ (CHDB) (ခေါ်) ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် အသီးသီးဖြစ်ကြောင်း ဇာတ်ပေါင်းမိပြီး မောင်ကျူးကျော် နှင့် မရွှေတို့၏ ချစ်လိုလျက်နဲ့ဝေး အိပ်မက်ဇာတ်လမ်းလေးကို တမြုံ့မြုံ့ပြန်ပြီး တွေးတောသုံးသပ်နေမိပါတော့သည်။
ရွှေလင်ဗန်းအိမ်ရာသည် လက်ရှိဒီမိုကရေစီအစိုးရလက် ထက်၌ ရန်ကုန်မြို့တွင် ပထမဦး ဆုံးပေါ်ပေါက်လာသော တန်ဖိုး နည်းအိမ်ရာဖြစ်ပါသည်။ ၂၀၁၁-၁၂ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၃-၁၄ ခုနှစ်တွင် ပြီးစီးကြောင်း သိရှိရ၏။ ခြောက်ခန်းတွဲ လေးထပ်တိုက် စင်္ကြံပုံစံအမျိုးအစားများဖြစ်ပြီး တစ်ခန်းလျှင် စတုရန်းပေ ၄၆၈ ပေ ကျယ်ဝန်းကြောင်း တွေ့ရှိရပေသည်။ အိမ်သာနှင့် ရေချိုးခန်းကို အခန်းဖွဲ့ထားပြီး မီးဖိုချောင်နေရာ သီးခြားပါရှိ၏။ ခန်းမတစ်ခန်းပါ (Hall Type)အမျိုးအစားဖြစ်ပါသည်။ အိမ်ခန်းရှေ့ဝရန်တာမှာ တောက်လျှောက်တစ်ဆက်တည်းဖြစ်ပြီး အိမ်ခန်းအကျယ်စတုရန်းပေ ၄၆၈ ပေတွင် မပါဝင်ပေ။ အိမ်သာမှာ ဘိုထိုင်အမျိုးအစားဖြစ်ကြောင်း တွေ့ရှိရ၏။
လှိုင်သာယာ၏ ကျယ်ဝန်းသော စက်မှုဇုန်ကြီးနှင့်ကပ်လျက် တည်ရှိခြင်း၊ ရွှေပြည်သာတံတား နှင့် လှိုှုင်သာယာတံတားများ၏ လမ်းကြောင်းပေါ်တွင်ရှိခြင်း၊ လှိုင်သာယာ၏ အစည်ကားဆုံးသော လမ်းမကြီးတစ်ခုဖြစ်သည့် ကျန်စစ်သား လမ်းမကြီးဘေးတွင် တည်ရှိခြင်းတို့ကြောင့် ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာသည် တည်နေရာအရ အချက်အချာဒေသတစ်ခုကို ပိုင်ဆိုင်ထား၏။ အိမ်ခန်းအကျယ်အဝန်းမှာလည်း လက်ရှိဝင်ငွေနည်းပြည်သူများ လှိုင်သာယာတွင် ငှားရမ်းနေထိုင်ရသော အိမ်ခန်းကျဉ်းကျဉ်းကျပ်ကျပ်ညပ်ညပ် ပြွတ်ပြွတ်များထက် သုံးဆခန့် ပိုမိုကျယ်ဝန်းနေ၏။ တစ်ခန်းလျှင် ရောင်းဈေး သိန်းကျပ် ၁၁၀ မှ ၁၂၅ သိန်းမှာ များပြားသော်လည်း လက်ရှိတန်ဖိုးမျှတဆိုသည့် အိမ်ခန်းများထက် ၅၀ ရာခိုင်နှုန်းသက်သာနေသေး၏။ အနူတော လူချောဟု ဆိုရမလိုပင်။ CHDB ဘဏ်မှ အရစ် ကျငွေချေးမည်ဆို၍ လှိုင်သာယာရှိ ဝင်ငွေနည်းပြည်သူများ အလုအယက်လျှောက်ထားရန် ပြင်ဆင်ကြ၏။ အိမ်ရာမဲ့ဘဝ၊ အိမ်ငှားဘဝမှ လွတ်မြောက်တော့မည်ဟု အပြိုင်အဆိုင်စိတ်ကူးယဉ်ခဲ့ကြလေ၏။
လှိုင်သာယာမြို့၌ ဝင်ငွေနည်းအိမ်ရာမဲ့များ (အိမ်ငှားနှင့် ကျူးကျော်) စုစုပေါင်း သိန်းဂဏန်းရှိ၏။ အခြားရွှေပြည်သာ၊ အင်း စိန်၊ သမိုင်း စသော အနီးဝန်းကျင် ဒေသပါပေါင်းလျှင် နှစ်ဆခန့်ရှိနိုင်၏။
သို့သော် မိသားစုဝင်ငွေအနည်းဆုံး သုံးသိန်းဟု သတ်မှတ်လိုက်သောအခါ အနည်းဆုံးလုပ်ခ တစ်နေ့လျှင် ၃,၆၀၀ ကျပ် ဝင်ငွေရရှိသူများသည်လည်းကောင်း၊ နိုင်ငံသားတစ်ဦး၏ နှစ်စဉ်ဝင်ငွေသတ်မှတ်ချက် (Percapita Income) ဒေါ်လာ ၁,၁၀၀ ခန့် (တစ်လဒေါ် လာ ၉၀၊ မြန်မာငွေ ၁၂၀,၀၀၀) ဝင်သော ပြည်သူများသည်လည်းကောင်း တန်ဖိုးနည်းအိမ်ရာအနီးသို့ မကပ်နိုင်ရှာတော့ပေ။ သို့သော်လည်း အိမ်ထောင်စုဝင်ငွေအရ သတ်မှတ်ချက်ပြည့်မီသူ ခြောက်သောင်းခန့်က ရောင်းချမည့် အိမ်ခန်း ၅၇၂ ခန်းကို အလု အယက်လျှောက်ထားကြရှာ၏။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် မဲစနစ်ဟူသော ဆန်ခါစိပ်စိပ်ဖြင့် တိုက်ချလိုက်ရာ နောက်ဆုံးကံကောင်းသူ ၅၇၂ ဦး ပေါ်ထွန်းလာလေတော့၏။ တိုက်ခန်းဆောက်လုပ်ပြီးချိန်နှင့် လူရွေးပြီး ရောင်းချချိန်မှာ တစ်နှစ်ခန့်ကွာ ခြားနေကြောင်း တွေ့ရှိရ၏။ စီးပွားရေးအမြင်အရပြောလျှင် ရင်းနှီးမြှုပ်နှံ၍ စီမံကိန်းအကောင်အထည်ဖော်သော အဖွဲ့အစည်းအတွက် အချိန်များစွာ အရှုံးပေါ်နေပြီဖြစ်၏။ ‘‘အချိန်သည် ငွေဖြစ်သည်’’ (Time is Money) ဟူသော အဆိုကို ဝင်ငွေနည်းပြည်သူများ အတွက် အိမ်ရာစီမံကိန်းများတွင် စဉ်းစားရန်မလိုဟု ခြွင်းချက်ပြု၍ မရနိုင်ပေ။
အထက်ပါ မဲပေါက်သူ ၅၇၂ ဦးတွင် ငွေလက်ငင်းပေးနိုင်သူ တစ်ရာကျော်ပါဝင်ကြောင်း သိရှိရနေ၏။ သိန်း ၁၂၀ ကို အဆင်သင့်ပေးနိုင်သူသည် မည်သည့်နည်းနှင့်မျှ ဝင်ငွေနည်းသူမဖြစ်နိုင်ပေ။ ထို့အပြင် လေးလ၊ လေးရက် နှင့် ငွေသွင်းနိုင်သူ တစ်နည်းအားဖြင့် တစ်လလျှင် သိန်း ၃၀ ပေးသွင်းပြီး လေးလနှင့် အပြတ်ငွေ သွင်းဝယ်ယူနိုင်သူအချို့လည်း ရှိသေး၏။ သူတို့လည်း ဝင်ငွေ မနည်းနိုင်ပေ။ ဘဏ်ချေးငွေရရှိနိုင်သည့်တိုင်အောင် ချေးငွေကို လုံးဝအားပြုခြင်းမရှိသော ငွေကြေးတတ်နိုင်သူများဖြစ်ခြင်းကြောင့် အတုအယောင်ဝင်ငွေနည်းသူများ (Artificial Demand) (A.D) ဟု သတ်မှတ်နိုင်ပါသည်။ ဝင်ငွေအလယ်အလတ်အုပ်စုဝင်များ ဖြစ်နိုင်၏။
ဒုတိယအမျိုးအစားမှာ မဲပေါက်သော်လည်း ဘဏ်ချေးငွေပင် မလျှောက်တော့ဘဲ လုံးဝကျောခိုင်းစွန့်ခွာသွားကြသူများ ဖြစ်၏။
အရေအတွက် ၁၀၀ နီးပါးခန့်ရှိကြောင်း သိရှိရ၏။ ၎င်းတို့၏နေရာတွင် အသစ်ထပ်မံရွေးချယ်မည့်အကြောင်း တိုင်းဒေသကြီးအစိုးရက ရွေးကောက်ပွဲမတိုင်မီက ကြေညာခဲ့သည့် သတင်းများကို ဖတ်ရှုခဲ့ရပါသည်။ သူတို့ ဘာကြောင့် ကျောခိုင်းသွားသည်ကို ဆန်းစစ်ကြည့်သင့်၏။ ဤမျှအရေအတွက် များပြားနေရခြင်းမှာ ထူးခြားသော အကြောင်းတစ်ရပ်ရှိနေကြောင်း သိသာထင်ရှား၏။ အများဆုံးဖြစ်နိုင်သည့်အကြောင်းအရာမှာ သူတို့သည် မိသားစုတစ်လ ဝင်ငွေသုံးသိန်းရှိသော်လည်း လက်ငင်းလည်း မဝယ်နိုင်။ ဘဏ် ချေးငွေကလည်း မှန်းချက်နှင့် နှမ်းထွက်မကိုက်ရှာသည့် အတွက် ရောင်းချမှုစနစ်၏ တွန်းဖယ်ခြင်းခံရသူများဖြစ်မည်ဟု ယူဆပါသည်။ထို့ကြောင့် သူတို့အား တွန်းဖယ်ခံရသော ဝင်ငွေနည်းသူများ (Pus-hed out Demand) (P.D) ဟု သတ်မှတ်နိုင်၏။
လက်ရှိဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) (အိပ်မက်ထဲမှ ဒေါ်စီအိတ်)၏ ချေးငွေစနစ်အရ ပထမအရစ် ၃၀ ရာခိုင်နှုန်း အနည်းဆုံး ၃၅ သိန်း လက်ငင်းပေးသွင်းရမည်ဖြစ်၏။ ထို့ကြောင့် အထက်ပါ အုပ်စုမှာအကြီးအကျယ် အခက်ကြုံရရှာလေ၏။ ကျန်ငွေကို အခန်းတန်ဖိုးအလိုက် ရှစ်နှစ်အတွင်း ၁၂ ရာခိုင် နှုန်းအတိုးဖြင့် တစ်လလျှင် တစ်သိန်းငါးသောင်းမှ နှစ်သိန်းငါးသောင်း ပေးသွင်းရမည်ဖြစ်ရာ မိသားစုဝင်ငွေ သုံးသိန်းရသူများ လုံးဝမကပ်နိုင်သည့် အပြင် လေးသိန်းရသူများလည်း ကျပ်ကျပ်တည်းတည်းပေးသွင်းရ၊ သုံးစွဲရမည့်ဘဝဖြစ်နေ၏။ အမှန်အားဖြင့် မိသားစုဝင်ငွေ၏ ၄၀ ရာခိုင်နှုန်း အထိ အိမ်တန်ဖိုးပေးသွင်းရသည်မှာ နိုင်ငံတကာစံနှုန်းအရ များနေသေး၏။ ၃၀ ရာခိုင်နှုန်းမျှသည်သာ သင့်လျော်မှုရှိကြောင်း တွေ့ရှိရပါသည်။
တတိယအမျိုးအစားမှာ ဘဏ်ချေးငွေ လျှောက်ထားပြီး ဝယ်ယူမည့်သူများဖြစ်၏။ အရေအတွက်အားဖြင့် ၃၀၀ ခန့်ရှိကြောင်း သိရှိရ၏။ သူတို့သည် အမှန်တကယ် အိမ်ရာလိုအပ်သောသူများ (Real Demand) (R.D) ဟု ခေါ်ဆိုနိုင်၏။ အချို့က ပထမအရစ် ၃၅ သိန်းအတွက် အရပ်ထဲတွင် နှစ်နေရာ၊ သုံးနေရာမှ ငွေတိုးပေးပြီး ချေးယူဖြည့်ဆည်းပေးကြရရှာကြောင်း သိရှိရ၏။ ထိုကဲ့သို့ မချေးဘဲ ၃၅ သိန်း ပထမအရစ်ပေးသွင်းနိုင်သူမှာ (R.D) ဖြစ်သော်လည်း အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း ဝင်ငွေနည်းအုပ်စုမဟုတ်နိုင်။ ဝင်ငွေအလယ်အလတ်တန်းမှ အနိမ့်အလွှာများ (lower middle income group) ဟု သတ်မှတ်ရမည်ဖြစ်၏။
စတုတ္ထအမျိုးအစားမှာ အထက်တွင် ဖော်ပြခဲ့သော တွန်းဖယ်ခြင်းခံရသည့် ဒုတိယအုပ်စုဝင် ၁၀၀ ခန့်၏ နေရာတွင် ထပ်မံရွေးချယ်ခြင်းခံရသော ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ဝန်ထမ်းများဖြစ်ပေသည်။ လုံးဝကျောခိုင်းသူများ၏ နေရာ၌ တိုင်းဒေသကြီးအစိုးရက ဝန်ထမ်းများကို အစားထိုးပေးခြင်းအတွက် သာဓုခေါ်ရမည်ဖြစ်သော်လည်း အရာထမ်းအဆင့် ညွှန်မှူး၊ ဒုညွှန်မှူး စသည်များပင် ပါဝင်သည်ဟု သိရှိရ၏။ တန်ဖိုးနည်းအိမ်ရာ၏ အဓိကဦးစားပေးအုပ်စု (Target go up)မှာ လမ်းကြောင်းပြောင်းသွားကြောင်း တွေ့ရှိရပါသည်။
ခြုံ၍သုံးသပ်ရလျှင် ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာသည် အိမ်ရာမဲ့ဘဝကြောင့် အိမ်ငှားရမ်းနေထိုင်ကြရသည့် ဆင်းရဲနွမ်းပါးသော ပြည်သူများသာမက ကျူးကျော်အိမ်ရာ၌ နေထိုင်ရသူများနှင့် အလွန့်အလွန်အလှမ်းဝေးသွားပြီဟု အဖြေထွက်နေကြောင်း တွေ့ရှိရ၏။ ပို၍ ဆိုးရွားသည်မှာ အထက်ပါအတိုင်း ငွေအကျေပေးသွင်းသူ ပထမအုပ်စုဝင် ပုဂ္ဂိုလ် ၁၀၀ ကျော်မှာ အိမ်ခန်းသော့များ ရယူခဲ့သော်လည်း အားလုံးမနေထိုင်သေးကြောင်း၊ အချို့က မြေညီထပ် တစ်သိန်း၊ ပထမထပ် ရှစ်သောင်း၊ ဒုတိယထပ် ခုနစ်သောင်း၊ တတိယထပ် ခြောက်သောင်းဖြင့် ပြန်လည်ငှားရမ်းရန် အကျိုးဆောင်များနှင့် ကမ်းလှမ်းနေကြပြီဖြစ်ကြောင်း သိရှိရခြင်းဖြစ်ပါသည်။ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသည် အိမ်ခန်းတစ်ခန်းအတွက် မြေတန်ဖိုးငွေ သိန်း ၄၀ ခန့်ကို အိမ်တန်ဖိုးတွင် ထည့်သွင်းတွက်ချက်မှုမရှိဘဲ ထောက်ပံ့ထားခြင်းဖြစ်၍ အထက်ပါလုပ်ရပ်များကြောင့် မူလရည်ရွယ်ချက်လည်းပျောက် ထောက်ပံ့မှုများလည်း အရာမထင်ဟု ဆိုရမည်ဖြစ်၏။
ရွှေလင်ဗန်း၌ ထပ်မံဆောက်လုပ်ဆဲ အိမ်ရာများအား အိမ်ရာမဲ့ဝင်ငွေနည်းသူတို့အတွက် အမှန်တကယ်ဖြစ်စေလိုပါလျှင် ပထမအရစ်ပေးသွင်းရမည့် ငွေအနည်းဆုံးနှင့် အနှစ် ၂၀ အထိ နှစ်ရှည် ချေးငွေစနစ်ဖြင့် ရောင်းနိုင်သော အိမ်ရာဘဏ္ဍာငွေစနစ် (Housing Financing Machnism for Affo-rdable Housing) တစ်ရပ် သီးခြားထူထောင်ပေးသင့်ပြီဟု တာဝန်ရှိသူအပေါင်းအား အကြံပြုလိုပါသည်။ ထို့အပြင် ဝင်ငွေနှင့် အိမ်တန်ဖိုးကွာဟချက် ကျဉ်းမြောင်းစေရန်အတွက် အိမ်ခန်းအကျယ်အဝန်းကိုလည်း ၄၆၈ စတုရန်းပေ အစား ၃၅၀ စတုရန်းပေဝန်းကျင်အထိ လျှော့ချပေးသင့်၏။ လက်ရှိဘဏ်တိုးနှုန်းဖြစ်သော ၁၂ ရာခိုင်နှုန်းကိုလည်း လျှော့ချပေးသင့်၏။ ထိုအခါ အနှစ် ၂၀ အတွင်း လစဉ် ငွေကျပ်ငါးသောင်းခန့်သာ ပေးသွင်းရမည်ဖြစ်ခြင်းကြောင့် ဝင်ငွေအလိုက် လက်လှမ်းမီမှု(Afforda-ble) နယ်အတွင်း ရောက်ရှိလာမည်ဖြစ်၏။ ဤသည်ကို လက်ရှိ (၁၀ ပေ× ၂၀ ပေ)အခန်းငယ်များအား တစ်လလျှင် ငါးသောင်းကျပ် အထိပေး၍ ငှားရမ်းနေထိုင်ကြရသော ဆင်းရဲသားကျူးကျော်များ အပါအဝင် ဝင်ငွေနည်းအိမ်ရာမဲ့များအနေဖြင့် လက်မခံနိုင်စရာအကြောင်းမရှိပေ။ ဘန်ကောက်မြို့ရှိ တန်ဖိုးနည်းအိမ်ရာနှင့် အိမ်ခန်းတစ်ခန်းပါ ကွန်ဒိုများသည် စတုရန်းပေ ၂၅၀ မှ ၃၃၀ အတွင်းသာ ရှိနေခြင်းမှာ ရောင်းဈေးကို လျော့နည်းသက်သာစေရန်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ အ ထက်ပါအချက်များကို ဆောင်ရွက်ပေးနိုင်ခြင်းမရှိသမျှ အမှန်တကယ်ဝင်ငွေနည်းပြည်သူများ၏ ဘဝသည် ရွှေလင်ဗန်းအပါအဝင် တန်ဖိုးနည်းအိမ်ရာဆိုသည်များနှင့် ‘‘ချစ်လိုလျက်နဲ့ဝေး’’နေကြဦးမည်သာ.. ။
Written By : မြင့်မိုရ်ဆွေ
Photo Credit : 7daydaily
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties