By Myanmar Times, Shweproperty.com
Updated at 13 May 2015
ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာ အရစ်ကျဝယ်ယူ ငွေပေးဆပ်ခွင့်သက်တမ်းကို ရှစ်နှစ် အထိ တိုးမြင့်သတ်မှတ်လိုက်ပြီး ဝယ်ယူခွင့် စာရင်းပယ်ဖျက်ရမည့် အရေအတွက် ၁၀၀ ကျော်ရှိနေသည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာန၏ ဦးစီးအရာရှိ ဒေါ်သီတာသန်းက ပြီးခဲ့သည့်သီတင်းပတ်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။
ရန်ကုန်၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်း အပိုင်း(၁)ရှိ တိုက်ခန်း ၇၆၈ ခန်းကို မဲစနစ်ဖြင့်ရွေးချယ်ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး မဲစနစ်အရ ဝယ်ယူခွင့် ရရှိသူများအနက် အမှန်တကယ် ဝယ်ယူရန် စာရင်းပေးသွင်းသူများသည် မဲ စာရင်း ပမာဏအတိုင်း ပြည့်မီခြင်းမရှိသဖြင့် ထိုကဲ့သို့ အရစ်ကျပေးသွင်းရမည့်နှစ်ကို တိုးမြှင့်လိုက်သည့်အပြင် နောက်ဆုံး စာရင်း ပေးသွင်းရက်ကိုလည်း ထပ်မံတိုးမြှင့်ပေးထားခြင်း ဖြစ်သည်။ "ဝယ်ယူခွင့် မဲပေါက်တဲ့သူတွေထဲက ၁၃၅ ယောက်ကျန်နေတယ် ။ အဲဒီလူတွေကိုလည်း သုံးကြိမ်တိုင်တိုင် ဖုန်းဆက်ထားပါတယ်။ သတ်မှတ်ရက်အထိ ဝယ်ယူရေးကိစ္စစာရင်းလာမသွင်းဘူးဆိုရင်တော့ စာရင်းပယ်ဖျက်သွားတော့မှာပါ။ အခုက အရစ်ကျပေးသွင်း တာကိုလည်း ရှစ်နှစ်အထိ တိုးမြှင့်ထားပါ တယ်" ဟု ဒေါ်သီတာသန်း ကပြောသည်။
ထိုသို့ ရောင်းချမည့်အခန်းများကို ဆောက် လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHD Bank) နှင့် ချိတ်ဆက်ကာ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်သည့်သက်တမ်းကို ရှစ်နှစ်အထိ တိုးမြှင့်လိုက်ပြီးနောက်ပိုင်း ငွေချေးငှားသူ များ ပိုမိုများပြားလာကြောင်း ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ အုပ်ချုပ်မှုဒါရိုက် တာ ဦးဝင်းဇော်က ပြောသည်။ "ဟုတ်ပါတယ်။ ကျွန်တော်တို့ ချေးငွေ သက်တမ်းကို လေးနှစ်ကနေ ရှစ်နှစ်တိုးပေးလိုက်ပါတယ်။ တိုးပေးပြီးနောက်ပိုင်း ငွေချေး သူအရေအတွက် တိုးလာပါတယ်"ဟု ဆောက် လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် အုပ်ချုပ်မှု ဒါရိုက်တာဦးဝင်းဇော်က ပြောသည်။"ပထမတုန်းကတော့ လေးနှစ်အရစ်ကျ ဆိုပြီး သတ်မှတ်ခဲ့တာပါ။ ဒါကို ရှစ်နှစ်အထိ ထပ်တိုးပြီး ပေးသွင်းခွင့် လုပ်ပေးပါဆိုတော့ ကျွန်တော်တို့ဘဏ်ကလည်း လက်ခံပြီးလုပ် ပေးလိုက်တာပါ။ နှစ်တိုး လိုက်တော့ ပေးသွင်း တဲ့သူအတွက် ဝန်ပေါ့သွားတာပေါ့။ အရင် ငွေ ချေးငှားတဲ့သူ ၁၀၀ ကျော်လောက်ပဲရှိပါ တယ်။ အခုသက်တမ်းတိုးပြီးတော့ ချေးငှားသူ ၂၀၀ ကျော်သွားပါပြီ" ဟု ၎င်းကပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ် ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် နှစ်ရှည် ချေးငွေများ၊ အသေးစားချေးငွေများ၊ အိမ်ရာ ဝယ်ရန်နှင့် တည်ဆောက်ရန်အတွက် ချေးငွေ များကို ထုတ်ချေးပေးလျက်ရှိသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိခဲ့ပြီး ခွင့်ပြုမတည်ငွေရင်း ကျပ် ဘီလျံ ၁၀၀ ဖြင့် စတင်ခဲ့သည်။ "အခုလို သက်တမ်းတိုးပေးလိုက်တော့ ပိုအဆင်ပြေတာပေါ့။ ချေးငွေသက်တမ်း အရင်က လေးနှစ်အစား အခုရှစ်နှစ်ဆိုတော့ ပိုအဆင်ပြေပါတယ်" ဟု ရွှေလင်ပန်းအိမ်ရာတွင် ဝယ်ယူရန် လျှောက်ထားသူ ဒေါ်ကေခိုင် က ပြောသည်။
တိုက်ခန်းများကို ဝယ်ယူလိုသည့် လျှောက်လွှာများအနက် မဲစနစ်ဖြင့်ရွေးချယ်ခြင်းကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နှင့် ၃၀ ရက်တို့တွင် ပြုလုပ်ခဲ့ပြီး စုစုပေါင်း မဲပေါက် သူဦးရေ ၅၇၂ ဦးရှိခဲ့ပြီး ၄၃၇ ဦးသာ ဝယ်ယူရန် စာရင်းပေးသွင်းထားဆဲဖြစ်ရာ ကျန်မဲပေါက်သူများကို စာရင်းပေးသွင်းရန် ယခင် ဧပြီ ၃၀ ရက် သတ်မှတ်ရက်စွဲမှ မေလ ၂၉ ရက်အထိ ထပ်မံတိုးမြှင့်ထားကြောင်း လည်း ဒေါ်သီတာသန်းက ပြောသည်။ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက တည်ဆောက်ထားသည့် ရွှေလင်ပန်း တန်ဖိုး နည်း အိမ်ရာစီမံကိန်းတွင် အပိုင်း(၁)နှင့် အပိုင်း(၂) စီမံကိန်းနှစ်ခုကို အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။
အပိုင်း(၁) ရှိ Steel Structure စနစ်ဖြင့် ဆောက်လုပ်ထားသည့် အခန်းများကို မြေညီ ထပ် ကျပ်သိန်း ၁၂၀ ၊ ပထမထပ် ၁၁၅ သိန်း၊ ဒုတိယထပ် ၁၁၃ သိန်းနှင့် တတိယထပ် ကိုသိန်း ၁၁၀ ဖြင့် အသီးသီးသတ်မှတ် ရောင်းချခဲ့ပြီး RC Structure စနစ်ဖြင့် တည် ဆောက်ထားသည့် အခန်းများကို မြေညီထပ် ကျပ် ၁၂၅ သိန်း၊ ပထမထပ် ၁၂၂ သိန်း နှင့် ဒုတိယထပ် ၁၁၉ သိန်းနှင့် တတိယထပ်ကို ၁၁၆ သိန်းဖြင့် အသီးသီးသတ်မှတ်ခဲ့ပြီး ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့်ချိတ်ဆက်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ခန်းများသည် တိုက်ခန်းအမျိုး အစားအားလုံးအတွက် ကနဦးပေးသွင်းငွေ ၃၀ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ပြီး ကျန်ငွေများကို ရှစ်နှစ်အတွင်း အရစ်ကျ ပေးသွင်းခွင့်ရမည်ဖြစ်သည်ဟု ဦးဝင်းဇော် က ပြောသည်။ သို့ဖြစ်ရာ တိုက်ခန်းတန်ဖိုး ကျပ်သိန်း ၁၂၀ ကျသင့်မည် ဆိုပါက ကနဦးပေးသွင်းငွေကို ကျပ် ၃၆ သိန်း သတ်မှတ်ထားသည်။ ပုံမှန်အားဖြင့် အခန်းဝယ်ယူလို သူသည် ဝယ်ယူမည့်ပမာဏ၏ ၃၀ ရာခိုင်နှုန်း လက် ဝယ်ရှိရမည်ဖြစ်ပြီး ကျန်ငွေ ၇၀ ရာခိုင်နှုန်း ကို ဘဏ်ကထုတ်ချေးပေးမည်ဖြစ်သည်။ အိမ်ရာဝယ်ယူမည့် သူများအတွက် ငွေချေး ပေးရာတွင် မူလက လေးနှစ်သတ်မှတ်ထား သော်လည်း ငွေချေးထားသူများ ဝန်ထုပ်ဝန်ပိုးမဖြစ်ရန်အတွက် ယခုကဲ့သို့ ရှစ်နှစ်အထိ သက်တမ်းတိုးရခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် တန်ဖိုးနည်းအိမ်ရာများ ကို ဖော်ဆောင်နေလျက်ရှိသော်လည်း အများစု သည် အစိုးရဝန်ထမ်းများကိုသာ ဦးစားပေး လုပ်ကိုင်နေလျက်ရှိသည်။ ထို့ပြင် ရောင်းလိုအားနှင့် အိမ်ရာပိုင်ဆိုင်မှုမရှိသည့်ပမာဏ မမျှခြင်းများကြောင့် ဈေးကွက်အတွင်း အငှား ဈေးနှုန်းများ မြင့်တက်နေလျက်ရှိသည်ဟု လည်း အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။ လက်ရှိတွင် အိမ်ရာအငှားဈေးကွက်အတွင်း အငှားဈေးနှုန်းများသည် မြေညီထပ်များတွင် တစ်လ ကျပ် နှစ်သိန်းမှ ငါးသိန်းအထိရှိနေကာ အထပ်မြင့်ဈေးနှုန်းများတွင် ကျပ် တစ်သိန်းနှစ်သောင်းမှ တစ်သိန်းခုနစ် သောင်းအထိ ပေါက်ဈေးရှိကြောင်း ၎င်းက ပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ကာ ရွှေလင်ပန်းအိမ်ရာတွင် အခန်းဝယ်ယူလိုသူများသည် ရောင်းချမည့် ကုမ္ပဏီနှင့် ဘဏ်တွင် စာရင်းရှင်ဖွင့်ပြီး အရောင်းကုမ္ပဏီ၊ ဝယ်ယူသူနှင့် ဘဏ်တို့ စာချုပ်ချုပ်ဆိုရမည်ဖြစ်သည်။
Ref : Myanmar Times
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties