By EMG, Shweproperty.com
Updated at 1 December 2013
ရန်ကုန်မြို့ လှိုင်မြို့နယ် ပိတောက်ချောင်းရှိ သီရိမင်္ဂလာ ဈေးသစ်ကြီး ဘေးကပ်လျက်တွင် တည်ဆောက်ထားသော ရွှေပိတောက် ငါးဈေးသစ်ကြီး ဒီဇင်ဘာလကုန်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနမှ သိရသည်။
အဆိုပါဈေးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် တောက်တွန်းကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောက်လုပ်ခြင်းဖြစ်ပြီး ဆိုင်ခန်းပေါင်း ၄၃၂ ခန်း ပါဝင်သည်ဟု သိရသည်။ ယခင် ကြည့်မြင်တိုင်မြို့နယ်ရှိ ဗဟိုစံပြ ငါးဈေးကြီးမှာ လက်ရှိဆိုင်ခန်းများ မလုံလောက်ဘဲ ကျပ်တည်းနေပြီး ၁၀ ပေပတ်လည် ဆိုင်ခန်းတစ်ခန်းကို ကျပ်သိန်း ၉၀၀ အထိ ပေါက်ဈေးရှိသည်ဟု လုပ်ငန်းရှင်များက ပြောကြားခြင်းကြောင့် ယခုကဲ့သို့ ငါးဈေးသစ်ကြီးကို အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပြီး မူလဗဟို စံပြငါးဈေးကြီးကို ရွှေ့ပြောင်းခြင်း မဟုတ်ဘဲ အသစ်တည်ဆောက်သည့် ဈေးဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
စုစုပေါင်းဆိုင်ခန်း ၄၃၂ ခန်းထဲမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ဆိုင်ခန်း ၂၁၆ ခန်းကို ဦးရာလူ စနစ်ဖြင့် အငှားချထား ပေးမည်ဖြစ်ပြီး ဆိုင်ခန်းတန်ဖိုးများ အနေဖြင့် ကျပ်သိန်း ၃၀၀၊ ကျပ်သိန်း ၂၅၀ ဟူ၍ နှစ်မျိုးခွဲခြားထားပြီး ဆိုင်ခန်းများကို လက်ငင်းစနစ်၊ ပထမအရစ် ရာခိုင်နှုန်း ၃၀ လက်ငင်းသွင်း၍ ကျန်ငွေများကို အရစ်ကျ စနစ်ဖြင့် တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်အထိ အရစ်ကျ ပေးနိုင်သည့် စနစ်ဖြင့် အငှားချထား ပေးမည်ဖြစ်ကြောင်း၊ အရစ်ကျငွေကို ဧရာဝတီဘဏ်နှင့် ချိတ်ဆက်၍ ချေးငွေစနစ်ဖြင့် ပြုလုပ်ပေးမည်ဖြစ်၍ ဘဏ်သို့ အတိုးနှုန်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
"ဆိုင်ခန်းတွေကို အငှားချထားပေးတာ ဖြစ်ပါတယ်။ ဘယ်ဈေးပဲဖြစ်ဖြစ် နေရာတိုင်းမှာ ဆိုင်ခန်းကို ဝယ်ပြီးရင် ဆွေစဉ်မျိုးဆက် ပိုင်တယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ အစိုးရပိုင်ဈေးမှာ အငှားချထားခြင်းလို့ သုံးပါတယ်။ ပုဂ္ဂလိက အချင်းချင်းကတော့ ဒီဆိုင်ကို လက်လွှဲရောင်းလို့ ရတယ်။ ဒီဈေးက ထိုက်သင့်သလောက်တော့ စည်ကားလာလိမ့်မယ်လို့ ထင်တယ်။ ဆိုင်ခန်းဖွင့်တဲ့သူ တစ်ယောက်ပဲ ရှိရှိ၊ နှစ်ယောက်ပဲ ရှိရှိ ဖွင့်သွားမယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ငါးဈေးသစ်ကြီးတွင် ရေချို၊ ရေငန်၊ မွေးမြူရေး ငါးမျိုးစုံ ရောင်းချနိုင်မည်ဖြစ်ပြီး ရေရရှိရေး၊ မီးရရှိရေး၊ လမ်းကောင်းမွန်ရေး စနစ်များကိုလည်း စီစဉ်ပေးထားကြောင်း၊ အမှန်တကယ် ရောင်းချမည့် သူများကိုသာ ဆိုင်ခန်းများ အငှားချထား ပေးမည်ဖြစ်ပြီး ဆိုင်ခန်းရရှိပြီး တစ်လအတွင်း ဆိုင်ခန်းဖွင့်လှစ် ရောင်းချရမည်ဟု ထုတ်ပြန်ထားသည်။
ငါးဈေးသစ်ကြီးကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် စတင်တည်ဆောက် ခဲ့ခြင်းဖြစ်သည်။
Ref : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties