By EMG, Shweproperty.com
Updated at 2 January 2013
ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်း နှစ်ခုကို အကောင်အထည်ဖော် တည်ဆောက်မည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သတင်းရရှိပါသည်။
ဧရာဝဏ်အိမ်ရာ စီမံကိန်းနှင့် ရတနာအိမ်ရာ စီမံကိန်းတို့ဖြစ်ပြီး ရာနှုန်းပြည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများဖြစ်ကြောင်းနှင့် မြေဧက ၂၂၀ ပေါ်တွင် တည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဧရာဝဏ်အိမ်ရာ စီမံကိန်းမှာ မြေဧရိယာ ဧက ၁၂၀ ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး ရတနာအိမ်ရာ စီမံကိန်းမှာ ဧက ၁၀၀ ကျယ်ဝန်းသည့် မြေဧရိယာပေါ်တွင် တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အိမ်ရာစီမံကိန်းနှစ်ခုကို ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီနှင့် IGE ကုမ္ပဏီလီမိတက်တို့မှ တည်ဆောက်ခွင့် ရရှိထားကြောင်း၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ပူးပေါင်းတည်ဆောက်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
စီမံကိန်းကာလမှာ သုံးနှစ်ကြာမြင့်မည်ဖြစ်ပြီး စီမံကိန်းနှစ်ခုတွင် အိမ်ခန်းပေါင်း ၁၇၀၀၀ ကျော် ပါဝင်မည်ဖြစ်ကြောင်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ် ဧရာဝဏ်လမ်းနှင့် ရတနာလမ်းထောင့်တွင် တည်ဆောက်မည်ဖြစ်ပြီး တည်ဆောက်ရန်အတွက် မြေစမ်းသပ်မှုများ စတင်နေပြီဖြစ်ကြောင်း သိရသည်။
တန်ဖိုးနည်း အိမ်ရာစီမံကိန်းဟု ဆိုသော်လည်း တည်ဆောက်ပြီးစီးပါက အခန်းတစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ အထက်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း အရစ်ကျစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။
ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းနှစ်ခုနှင့် ပတ်သက်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ကျင်းပသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ “ဒဂုံဆိပ်ကမ်းမြို့နယ် ဧရာဝဏ်အိမ်ရာ စီမံကိန်းနဲ့ ရတနာအိမ်ရာ စီမံကိန်းတွင် ၁၈ ထပ် အိမ်ရာ ၆၄ လုံး ဆောက်လုပ်မည် ဖြစ်ကြောင်း၊ အများပြည်သူအတွက် အဓိကထား တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ရာနှုန်းပြည့် တန်ဖိုးနည်း အိမ်ရာများအဖြစ် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ စင်ကာပူကဲ့သို့ အထပ်မြင့်အိမ်ရာများ တည်ဆောက်မည်ဖြစ်ပြီး တန်ဖိုးနည်းစေရန် နည်းပညာသစ်များ အသုံးပြုတည်ဆောက် မည်ဖြစ်ကြောင်း၊ ပြည်သူများအတွက် တည်ဆောက်နေခြင်း ဖြစ်သည်ကို ပြည်သူများ သဘောပေါက်၍ ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ရမည်” ဟုလည်း ပြောကြားခဲ့သည်။
ရွှေတောင်ကုမ္ပဏီသည် ရန်ကုန်မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ လဟာပြင်ဈေး မြေကွက်လပ်နေရာတွင် ၃၄ ထပ်အမြင့်ရှိ အဆောက်အအုံကို ဆောက်လုပ်ခွင့် ရရှိထားသည်။
ရွှေတောင်အုပ်စုသည် ယခင်ကတည်းက နယ်ပယ်စုံ စီမံကိန်း အများအပြား လုပ်ကိုင်ခွင့်ရရှိခဲ့သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး လုပ်ငန်းများစွာ လုပ်ကိုင်နေသော အုပ်စုဖြစ်ပါသည်။ IGE ကုမ္ပဏီလီမိတက်မှာလည်း စွမ်းအင်၊ ဘဏ်၊ အာမခံ၊ ဆောက်လုပ်ရေး လုပ်ငန်းများအပြင် လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်ခွင့် ရရှိထားသည့် ကုမ္ပဏီဖြစ်ပါသည်။
Source : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties