By EMG, Shweproperty.com
Updated at 19 October 2013
ထိုင်းနိုင်ငံရှိ အကြီးဆုံး ဆောက်လုပ်ငန်းတစ်ခုဖြစ်သည့် Sika(Thailand)Ltd မှ မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကုမ္ပဏီမှ မြန်မာနိုင်ငံတွင် လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ရုံးခွဲဖွင့်လှစ်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် လျှောက်ထားခဲ့ရာ အောက်တိုဘာ ၄ ရက်တွင် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
Sika(Thailand) ကုမ္ပဏီအား ၁၉၈၉ ခုနှစ်တွင် ထိုင်းနိုင်ငံတွင် စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ရေးအပြင် ဧရိယာ ၁၇၀၀၀ စတုရန်းမီတာ အကျယ်ရှိ စက်ရုံတည်ဆောက်ကာ ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်းမျိုးစုံကို ထုတ်လုပ်နေပြီး ISO 9001:2000& 14001၊ ISO 9001:2000 နှင့် ISO 14001: 2004 အသိအမှတ်ပြု လက်မှတ်များ ရရှိထားကြောင်း သိရသည်။
ရုံးချုပ်မှာ ဆွစ်ဇာလန်နိုင်ငံတွင် တည်ရှိပြီး ထိုင်းနိုင်ငံ အပါအဝင် အာဖရိက၊ အမေရိက၊ အာရှ ပစိဖိတ်ဒေသနှင့် ဥရောပစသည့် နိုင်ငံပေါင်း ၈၀ တွင် လုပ်ငန်းများ လုပ်ကိုင်နေသည့် အများပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ယခုအခါ မြန်မာနိုင်ငံသို့ လာရောက်၍ ဆောက်လုပ်ရေး ဝန်ဆောင်မှုများ လုပ်ကိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရန် စင်ကာပူနှင့် ယူအေအီးနိုင်ငံမှ လာရောက် လျှောက်ထားချက်များအပေါ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ပြန်လည်ချထားပေးမှုများ ရှိပြီး ဟိုတယ်၊ ရုံးခန်းနှင့် စီးပွားရေး အဆောက်အအုံများ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၇၆၇ သန်းရှိပြီး နိုင်ငံတကာမှ ဝင်ရောက်မြှုပ်နှံမှု နည်းနေသေးသော်လည်း နိုင်ငံသားများမှ ဝင်ရောက်မြှုပ်နှံမှုမှာ မြင့်တက်လျှက်ရှိကြောင်း သိရသည်။
Ref : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties