By Kyaw Htin, Shweproperty.com
Updated at 30 September 2015
ရန်ကုန်မြို့တွင် ဆောက်လုပ်ခဲ့ပြီးဖြစ်သော တန်ဖိုးနည်း၊ တန်ဖိုးမျှတဟုဆိုသည့် အိမ်ရာများမှာ သာမန်အိမ်ရာများနှင့် ဈေးနှုန်းကွာခြားမှုနည်းပါး၍ အခန်းများမဲပေါက်၍ ဝယ်ယူခွင့်ရရှိခဲ့သော်လည်း ငွေလာမသွင်းနိုင်သည့် အခန်းများရှိနေကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မဲနှိုက်ရောင်းချခဲ့သော လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၈ ရပ်ကွက်ရှိ ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာတို့တွင် ဝယ်ယူခွင့်ရရှိခဲ့သော်လည်း သတ်မှတ်ချိန်အတွင်း ငွေလာမသွင်းနိုင်သည့် အခန်းများရှိနေခြင်း ဖြစ်သည်။
တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာများဟု ဆိုသော်လည်း ရွှေလင်ဗန်း တန်းဖိုးနည်းအိမ်ရာအား တစ်ခန်းလျှင် ကျပ်သိန်း ၁၁၀ နှင့် ၁၂၀ ကြား၊ ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာအား တစ်ခန်းလျှင် အနည်းဆုံးကျပ် ၂၃၇ သိန်းမှ ကျပ်သိန်း ၃၀၀ ကျော်အထိ ဈေးနှုန်းများဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး သာမန်အိမ်ရာဈေးနှုန်းများနှင့် ကွာခြားမှုနည်းပါးကြောင်း၊ ထို့အတွက် အချို့ အခန်းဝယ်ယူခွင့်ရရှိပြီးမှ ငွေလာမသွင်းနိုင်ခြင်းဖြစ်ပြီး ယင်းအထဲတွင်အစိုးရဝန်ထမ်းများ ပါဝင်နေကြောင်း သိရသည်။
ထိုသို့ ငွေလာမသွင်းနိုင်သည့် အခန်းများကို ဝယ်ယူခွင့်စာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ပြီး အဆိုပါအခန်းများကို စုစည်းကာ အခြားဝယ်ယူလိုသူများကို ပြန်လည်ရောင်းချပေးရန် ညှိနှိုင်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
“သတ်မှတ်ချိန်အတွင်း ငွေလာမသွင်းနိုင်တဲ့ အခန်းတွေကို ဝယ်ယူခွင့် ပယ်ဖျက်သွားပါမယ်။ အဲဒီအခန်းတွေကို အခြားဝယ်ချင်တဲ့သူရှိရင် တိုက်ရိုက်ရောင်းပေးမလား။ ဒါမှမဟုတ် မဲပြန်နှိုက်ပေးမလားဆိုတာတော့ ညှိနှိုင်းနေတုန်းပါပဲ”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာတွင် လက်ရှိအချိန်အထိ အခန်းပေါင်း ၅၀၀ ကျော် ရောင်းချထားပြီး ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာတွင် အခန်းပေါင်း ၄၀၀ ခန့် ရောင်းချခဲ့ပြီးဖြစ်ကြောင်းနှင့် ငွေလာရောက်မသွင်းနိုင်သည့် အခန်းအရေအတွက် အတိအကျကိုမူ ထုတ်ပြန်ထားခြင်းမရှိပေ။
ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာသည် လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းချောင်းအနီးတွင် တည်ရှိပြီး မြို့တွင်းနှင့် များစွာအလှမ်းဝေးကွာသည့်နေရာဖြစ်ကြောင်း၊ အလားတူ ဗိုလ်ဗထူး တန်းဖိုးမျှတအိမ်ရာသည်လည်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၈ ရပ်ကွက် ဗိုလ်ဗထူးလမ်းပေါ်တွင် တည်ရှိသဖြင့် မြို့တွင်းနှင့်များစွာ အလှမ်းဝေးကွာနေသည်။ သို့ဖြစ်ရာ ထိုသု့ိ ကျပ်သိန်း ၁၀၀ ကျော်၊ ၂၀၀ ကျော်၊ ၃၀၀ ကျော် စသည့် ဈေးနှုန်းများဖြင့် ရန်ကုန်မြို့တွင်းရှိ အခြားဆင်ခြေဖုံးမြို့နယ်များဖြစ်သော သာကေတ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပမြို့နယ်များ၌ပင် အသင့်အတင့်ရှိသော ကန်ထရိုက်တစ်ခန်း ဝယ်ယူနိုင်ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် အသင့်ဆောက်ပြီး ကန်ထရိုက်တိုက်ခန်း တစ်ခန်းလျှင် ကျပ်သိန်း ၂၀၀ ကျော်ဖြင့်ပင် ဝယ်ယူရရှိနိုင်ပြီး အလားတူ တောင်ဥက္ကလာပမြို့နယ်တွင်လည်း အဆိုပါဈေးနှုန်းနီးနီးဖြင့်ပင် ရရှိပိုင်ဆိုင်နိုင်ကြောင်း အဆိုပါမြို့နယ်များတွင် နေထိုင်သူအချို့ထံမှ သိရသည်။
“လှိုင်သာယာ ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာဆိုတော့ ပထမလျှောက်ကြည့်လိုက်တယ်။ အဲဒါနဲ့ အဲဒီဘက်ကို ရောက်လက်စနဲ့ ဘယ်နေရာလဲသိချင်လို့ သွားကြည့်လိုက်တော့ တော်တော်ကိုဝေးတာပဲ။
လှိုင်သာယာ ရွှေလင်ဗန်းချောင်းဘေးနားမှာ။ အဲဒီနားမှာ ကျူးကျော်အိမ်တွေလည်း ရှိတယ်။ ဒီလိုမြို့တွင်းနဲ့ အရမ်းအလှမ်းဝေးတဲ့နေရာမှာ တန်ဖိုးနည်းဆိုပြီး ကျပ်သိန်း ၁၂၀ လောက်နဲ့ ရောင်းတာဆိုတော့ များတာပေါ့။ ပိုက်ဆံထပ်စိုက်ပြီး မြို့ထဲကို သွားလာရလွယ်တဲ့ သာကေတလို၊ သင်္ဃန်းကျွန်းလိုနေရာမျိုးမှာပဲ ဝယ်နေမှာပေါ့”ဟု ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာလျှောက်ထားခဲ့သူ ပြည်သူတစ်ဦးက ဆိုသည်။
ရန်ကုန်မြို့တွင် နယ်မှပြောင်းရွှေ့အခြေချသူ များပြားလာခြင်းကြောင့် အိမ်ရာလိုအပ်ချက် မြင့်မားနေပြီး ယင်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်ဟုဆိုကာ တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာများကို အကောင်အထည်ဖော်ခဲ့သော်လည်း အခြေခံပြည်သူများ မတတ်နိုင်သည့် ဈေးနှုန်းများ ဖြစ်နေသည်။
Ref : Kyaw Htin
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties