By Myanmar Builders Guide, Shweproperty.com
Updated at 7 June 2019
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် MCEF (Myanmar Construction Entrepreneurs' Federation က ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ငွေကြေးအရင်းအနှီးလိုအပ်တဲ့ အသင်းဝင်လုပ်ငန်းရှင်တွေကို ချေးငွေထုတ်ချေးမယ့် အစီအစဉ်ကို လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌဦးရှိန်ဝင်းက ပြောပါတယ်။
MCEF က ပိုင်ဆိုင်တဲ့မြေတွေကို CHID (Construction, Housing and Infrasturcture Development Bank)ဘဏ်မှာ ယာယီအာမခံအနေနဲ့ထားပြီး ရင်းနှီးငွေလိုအပ်နေတဲ့အသင်းသားလုပ်ငန်းရှင်တွေ လိုအပ်တဲ့ချေးငွေကို အသင်းက အာမခံချေးပေးမှာဖြစ်ပြီး လက်ရှိမှာ ရန်ကုန်၊ စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ လုပ်ဆောင်ဖို့ စတင်နေပြီဖြစ်ပါတယ်။
"နိုင်ငံတော်ကပေးတဲ့ တင်ဒါတွေကို အခြေခံနဲ့ လူလတ်တန်းစားလုပ်ငန်းရှင်ကုမ္ပဏီအသေးတွေက ရရှိကြပါတယ်။ တင်ဒါလုပ်ငန်းတွေက သတ်မှတ်တဲ့ရက်မှာ ငွေကိုကြိုတင်မပေးတဲ့အတွက် ဆောက်လုပ်ဖို့ရာ အခက်အခဲဖြစ်ကြတယ်။ ဒါကြောင့်MCEF ရဲ့ ပြည်နယ်နဲ့ တိုင်းအသီးသီးက အသင်းခွဲ ၁၅ ခုမှာ ငွေလိုအပ်တဲ့အသင်းသားတွေကို အသင်းရဲ့ CEC member တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ငွေထုတ်ချေးပေးဖို့ စီစဉ်တာဖြစ်ပါတယ်"လို့ ဦးရှိန်ဝင်းက ဆိုပါတယ်။
လက်ရှိအချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်းကျနေတဲ့ အချိန်ဖြစ်ပြီး အစိုးရတင်ဒါတွေကိုရရှိထားတဲ့ အသေးစားလုပ်ငန်းရှင်တွေကလည်း ပရောဂျက်ရဲ့ ၃၀ ရာခိုင်နှုန်းခန့် ကြိုတင်စိုက်ထုတ်ထားဖို့ အရင်းအနှီးမရှိကြတာကြောင့် အခက်အခဲဖြစ်နေသူတွေကို တစ်ဖက်တစ် လမ်းက ကူညီပေးနိုင်ဖို့ ချေးငွေထုတ်ချေးပေးမယ့်အစီအစဉ်ကို စတင်ခဲ့ခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ပြောပါတယ်။
"ရလာတဲ့ငွေတွေကို ဥက္ကဋ္ဌခေါင်းဆောင်တဲ့ စီမံခန့်ခွဲရေးကော်မတီရဲ့ဆုံးဖြတ်ချက်နဲ့ ထုတ်ချေးပေးသွားမယ်၊ အခုလက်ရှိမှာတော့ ဘဏ်ချေးငွေရယူနိုင်ဖို့ မြေကွက်ရှိတဲ့တည်နေရာတွေကို မြေပုံကူးနေဆဲဖြစ်ပါတယ်။ နောက်နှစ်လလောက်နေမှစပြီး ချေးပေးနိုင်မယ်ထင် တယ်"လို့ ၎င်းက ဆိုပါတယ်။
ချေးငွေအများဆုံးအနေနဲ့ လုပ်ငန်းရင်းနှီးငွေရဲ့ ၃၀ ရာခိုင်နှုန်းထိ ချေးပေးမှာဖြစ်ပြီး အတိုးနှုန်းအနေနဲ့ ဘဏ်တိုးနှုန်းထက် သုံး ရာခိုင်နှုန်းခန့် ပိုမိုကောက်ခံသွားမှာဖြစ်ပါတယ်။ ရရှိလာတဲ့ အတိုးနှုန်းကို အသင်းရန်ပုံငွေအဖြစ် ထားရှိသွားမှာဖြစ်ပြီး ငွေချေးကာလကိုတော့ အများဆုံး တစ်နှစ်ခန့်အထိ ချေးပေးသွားမှာဖြစ်ပါတယ်။
ချေးငွေရယူလိုသူတွေအနေနဲ့ ပထမဆုံး အရေးကြီး လိုအပ်ချက်ကတော့ MCEF ရဲ့ အသင်းဝင်ဖြစ်ရမှာဖြစ်ပြီး အစိုးရရဲ့တင်ဒါရရှိထားကြောင်း အထောက်အထား စာရွက်စာတမ်း၊ CEC member အများစုရဲ့ ထောက်ခံချက်နဲ့အတူ၊ ချေးငွေရယူလိုသူရဲ့ အရင်ကလုပ်ကိုင် ခဲ့ဖူးတဲ့ လုပ်ငန်းဆိုင်ရာ အတွေ့အကြုံနဲ့ အထောက်အထားတွေကို ပြသနိုင် ဖို့လည်း လိုအပ်ပါတယ်။
"ချေးငွေလိုချင်လို့ ဒီနေ့အသင်းဝင်ပြီး ဒီနေ့ချေးငွေလျှောက်ထားတဲ့သူတွေကိုတော့ ချေးငွေ ထုတ်ချေးပေးမှာမဟုတ်ပါဘူး။ ယေဘုယျအားဖြင့် အသင်းဝင်သက်တမ်း ခြောက်လ အနည်းဆုံးရှိတဲ့သူ ဖြစ်ရပါမယ်။ နောက်ထပ်အကြမ်းဖျင်းသတ်မှတ်ထားတဲ့ အချက်တွေလည်း ရှိပါတယ်"လို့ ဦးမျိုးမြင့်က ဆိုပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ချေးငွေလုပ်ငန်း ဆောင်ရွက်ရာမှာ တိုင်းနဲ့ ပြည်နယ်အားလုံးမှာရှိတဲ့ ငွေကြေးလိုအပ် နေတဲ့ အသင်းဝင်ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအားလုံး တန်းတူညီမျှ ချေးငွေရရှိနိုင်ဖို့အတွက် မူတစ်ခုကိုချမှတ်ပြီး ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း ဥက္ကဋ္ဌဦးရှိန်ဝင်းက ၎င်းအမြင်ကို ပြောပါတယ်။
"ဟိုလူကရပြီး ဒီလူကတော့မရဘူး မဖြစ်ရအောင် အဖွဲ့ချုပ်မှာ လစဉ်လတိုင်း အကြံပြုစာတွေ၊ အခက်အခဲတွေကို တင်ပြလာတာတွေရှိပါတယ်။ ချေးငွေညီတူညီမျှရရှိအောင် မူတစ်ခုကိုချမှတ်ပြီး အသင်းအနေနဲ့ ထောက်ခံပေး၊ အာမခံပေးပြီး ဘဏ်ကနေချေးငွေရရှိအောင် ဆောင်ရွက်ပေးသွား မှာဖြစ်ပါတယ်"လို့ ဦးရှိန်ဝင်းက ပြောပါတယ်။
အပေါင်ပစ္စည်းမယူဘဲ ငွေထုတ်ချေးပေးရတဲ့အတွက် လုပ်ငန်းအခြေအနေခိုင်မာမှုကို ကွင်းဆင်းစစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင် တွေကို ကူညီပေးနိုင်ခြင်းဟာလည်း ဝယ်ယူသူတွေအတွက် လုပ်ငန်းရှင်တွေအပေါ် ပိုမိုယုံကြည်မှုရှိလာပြီး ယုံကြည်စိတ်ချရမှုအတွက် အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။
"ဘဏ်မှာ သူတို့ကိုယ်တိုင်သွားချေးရင် အပေါင်ပစ္စည်း မပါဘဲ ချေးလို့မရဘူး။ အသင်းကကျတော့ အပေါင်ပစ္စည်း မယူဘဲ နားလည်မှုနဲ့ အခက်အခဲဖြစ်နေသူတွေ အဆင်ပြေ အောင်လို့ ချေးပေးတာဖြစ်ပါတယ်။ ဒါကြောင့် ကန်ထရိုက်တာတွေ ငွေကြေးမလည်ပတ်နိုင်လို့ ထွက်ပြေးတဲ့ကိစ္စတွေ လျော့နည်းပပျောက်သွားဖို့ မျှော်လင့်ပါတယ်"လို့ ဦးမျိုးမြင့်က ပြောပါတယ်။
လက်ရှိဆောက်လုပ်ရေးလောကမှာ ကန်ထရိုက်တာ အငယ်စားတွေဟာ ကျပ်ကျပ်တည်းတည်းနဲ့ လည်ပတ်နေ ကြရတဲ့အတွက် ချေးငွေထုတ်ချေးပေးခြင်းဟာ အဆိုပါလုပ်ငန်းရှင်တွေအတွက် ဖြေဆေးတစ်ခု ဖြစ်ကောင်းဖြစ်စေ နိုင်တယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ တွဲဖက်အတွင်းရေးမှူး(၁)ဖြစ်တဲ့ ဦးကျော်ကျော်စိုးက ပြောပါတယ်။
ချေးငွေကို ဝိုင်းကြီးချုပ်စနစ်နဲ့ ချေးပေးတာဖြစ်တဲ့အတွက် တစ်စုံတစ်ယောက်က ချေးငွေပေးဆပ်ဖို့ ပျက်ကွက်ခဲ့ရင် အာမခံပေးသူတွေက စိုက်လျော်ရမှာ ဖြစ်ပါတယ်။ အကယ်၍ ချေးငွေပေးဆပ်မှုနဲ့ ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့ပါက အသင်းရဲ့ဥက္ကဋ္ဌကိုယ်တိုင်က စိုက်လျော်ပေးသွားမယ်လို့ တာဝန်ခံထားပါတယ်။
ဒါ့ပြင် နိုင်ငံခြားကချေးငွေချေးပေးဖို့ လာရောက်ကမ်း လှမ်းမှုတွေကို ဆွေးနွေးနေဆဲဖြစ်ပြီး ချေးငွေထုတ်ချေးပေး နိုင်ပါက ဆောက်လုပ်ရေးလောက ဖွံ့ဖြိုးရန်အတွက် တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်မှာ ဖြစ်တယ်လို့လည်း ဦးမျိုးမြင့်က ဆိုပါတယ်။
လက်ရှိဆောက်လုပ်ရေးလောကရဲ့ ရင်းနှီးမြှုပ်နှံသူတွေကိုကြည့်မယ်ဆိုရင် နိုင်ငံသားလုပ်ငန်းရှင်တွေထက် နိုင်ငံခြား သား လုပ်ငန်းရှင်တွေက ပိုမိုများပြားနေတာကို တွေ့ရပြီး နိုင်ငံသားလုပ်ငန်းရှင်တွေက အလွန်နည်းပါးနေတာကို တွေ့ရတယ်လို့ ဦးရှိန်ဝင်းက ဆိုပါ တယ်။ အကြောင်းရင်းကတော့ အစိုးရက ကောက်ခံနေတဲ့ အခွန်တစ်မျိုးဖြစ်တဲ့ ရင်းနှီးမတည်ငွေအပေါ် ကောက်ခံတဲ့ အခွန်နှုန်းထားတွေကအလွန်မြင့်မားနေတာကြောင့် နိုင်ငံသားလုပ်ငန်းရှင်တွေ အတွက် ရင်းနှီးငွေစိုက်ထုတ်ရန် အခက်အခဲတွေဖြစ်ပေါ်နေရခြင်း ဖြစ်တယ်လို့လည်း ၎င်းက ပြောပါတယ်။
လက်ရှိမှာ ရင်းနှီးမတည်ငွေအပေါ် ကောက်ခံတဲ့ အခွန်နှုန်းထားအရ ရင်းနှီးငွေစုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းကို အခွန် အဖြစ် ပေးဆောင်ရမှာဖြစ်ပါတယ်။ ဥပမာ ငွေကျပ် သိန်း၃,ဝဝဝ ရင်းနှီးမယ့် လုပ်ငန်းရှင်တစ်ယောက်က လုပ်ငန်း စတင်တာနဲ့ နိုင်ငံတော်ကို အခွန်အဖြစ် ငွေကျပ် သိန်း ၉၀ဝ ကိုအရင်ဆုံးပေးဆောင်ရမှာဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုလုံး ဟာ ၃၀ ရာခိုင်နှုန်း အမြတ်ရရှိဖို့ မသေချာပေမဲ့ ပေးဆောင် ရတဲ့ အခွန်က အရှုံးပေါ်ဖို့ ပိုသေချာနေတဲ့ အခြေအနေ ဖြစ်တယ်လို့ ဦးရှိန်ဝင်းက ပြောပါတယ်။
"ကျွန်တော်တို့အနေနဲ့ ဆောက်လုပ်ရေးလောက ဖွံ့ဖြိုးတိုးတက်လာဖို့ လက်ရှိကောက်ခံနေတဲ့ အခွန်စနစ်ကို ပြောင်းလဲသတ်မှတ်ပေးဖို့ပဲ နိုင်ငံတော်ကို တောင်းဆိုချင်ပါတယ်။ လုပ်ငန်းကမြတ်တဲ့ငွေက အခွန်ပေးလိုက်ရတဲ့ငွေကို မကာမိတော့ လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံဖို့ထက် သေချာတဲ့ဘဏ်မှာအပ်ဖို့ကိုပဲ လုပ်ငန်းရှင်တွေက ပိုပြီးစိတ်ဝင်စားလာကြတယ်။ ဒါဟာ နိုင်ငံတော်အတွက် အများကြီးထိခိုက်နစ်နာပါတယ်"လို့ ၎င်းကဆိုပါတယ်။
အိမ်ခြံမြေဈေးကွက် စတင်ကျဆင်းခဲ့တဲ့ ၂၀၁၅ ခုနှစ် နောက်ပိုင်းကစပြီး လက်ရှိအချိန်ထိ ဈေးကွက်က ကျဆင်း နေဆဲဖြစ်တယ်လို့ ဦးကျော်ကျော်စိုးက ပြောပါတယ်။အိမ်ခြံမြေကဏ္ဍ ကျဆင်းနေတာနဲ့အမျှ နိုင်ငံရဲ့ အခြားစီးပွားရေးကဏ္ဍတွေကိုလည်း ဆွဲချသလိုဖြစ်နေ တာကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရအနေနဲ့ တချို့မူဝါဒတွေကိုပြန်လည်ပြင်ဆင်သင့်တယ်လို့ ဦးကျော်ကျော်စိုးက သူ့ရဲ့အမြင်ကို ပြောပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties