မိုးလေးဖြောက်တောက်ဖြောက်တောက်နဲ့ ပတ်ဝန်းကျင်အနေအထား စိုစိုထိုင်းထိုင်းဆိုရင် ကြမ်းပိုးတွေ သိပ်ပျော်ကြတာပေါ့။ အထူးသဖြင့် သစ်သားကြမ်းခင်း၊ ပါကေးကြမ်းခင်း၊ သင်ဖြူးဖျာ၊ ဆိုဖာထိုင်ခုံတွေဆိုရင် ကြမ်းပိုးတွေ သိပ်သဘောကျကြတဲ့ နေရာပါ။ ရာသီစိုထိုင်းတဲ့ မိုးရာသီဆိုရင် သူတို့က အသိုက်တွေဖွဲ့၊ ဥတွေဥနဲ့ ကြမ်းပိုးတပ်မတော်ကြီးကို တည်ထောင်တော့တာပါပဲ။ 

ကမ်းပိုးဆိုတာ ခန္ဓာကိုယ်သေးသေးလေးတွေမို့ မျက်စိရှေ့တင် ပျောက်ပျောက်သွားတတ်ပါတယ်။ တစ်ကောင်စတွေ့ပြီဆိုတာနဲ့ သူ့ရဲ့အပေါင်းအပါတွေကို ရှာနိုင်ဖို့အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် သင်တွေ့တဲ့ တစ်ကောင်သာ ရှိနေလို့မဟုတ်ပါဘူး။ အကောင်ပေါင်းများစွာက ကြမ်းခင်းတွေ၊ ဖျာကြားတွေမှာ ပုန်းအောင်းနေတတ်တာကြောင့် အကုန်လုံးကို ရှင်းလင်းပစ်နိုင်ဖို့ အရေးကြီးပါတယ်။ မဟုတ်ရင်တော့ မကြာခဏအိမ်ရှင်းရလွန်းလို့ လူပင်ပန်းမှာပါပဲ။

ကြမ်းပိုးတွေဟာ ကားထိုင်ခုံတွေ၊ ရထားထိုင်ခုံတွေ၊ ကြမ်းပိုးရှိတဲ့ အိမ်ကို အလည်အပတ်သွားရောက်တာ၊ ကြမ်းပိုးပါလာတဲ့ လူတစ်ယောက် ကိုယ့်အိမ်မှာနေသွားတာ စတဲ့အကြောင်းရင်းတွေကြောင့် ကြမ်းပိုးတွေ ကိုယ့်အိမ်ကို ရောက်လာတတ်ပါတယ်။ သူတို့က လူရဲ့သွေးကိုစုပ်ယူပြီး အသက်ရှင်ရတာကြောင့် ခန္ဓာကိုယ်မှာ အနီကွက်တွေထတာ၊ ယားယံလို့ ကုတ်ရတာတွေအပြင် အပြင်သွားလို့ ကိုယ့်မှာကြမ်းပိုးတွေ့တယ်ဆိုရင်လည်း လူကြားထဲ မျက်နှာငယ်ရပါတယ်။ 

ဒီတော့ ဒီဆောင်းပါးလေးမှာ သင့်အိမ်က ကြမ်းပိုးတွေကို ဘယ်လိုဖယ်ရှားရှင်းလင်းပစ်မလဲဆိုတာ မျှဝေသွားမှာ ဖြစ်ပါတယ်။

Insect Killer ဖြန်းပါ။

Insect Killer အပြင်းစားနဲ့ ဖျာတွေ၊ ကြမ်းကြားတွေထဲ ခပ်ရွှဲရွှဲသာ ဖြန်းထားလိုက်ပါ။ အပေါ်ယံဆိုရင်တော့ ကြမ်းပိုးတွေသေပါတယ်။ သူတို့ကြမ်းကြားရဲ့ အတွင်းခပ်နက်နက်ထဲမှာ နေရာယူနေတယ် ဆိုရင်တော့ မသေနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ကြမ်းပိုးတွေက သင်ထင်တာထက်ပို အသက်ပြင်းပါတယ်။ 

ဆပ်ပြာအပြင်းစားနဲ့အဝတ်အထည်တွေကို လျှော်ပါ။

ကြမ်းပိုးက ဆပ်ပြာအပြင်းစားတွေကိုကြောက်ပါတယ်။ ဒါကြောင့် ကြမ်းပိုးကပ်ငြိနေတယ်လို့ သံသယရှိတဲ့ အဝတ်အထည်တွေကို ဆပ်ပြာရေနဲ့အချိန်ကြာကြာ စိမ်ထားပြီးမှ လျှော်ဖွတ်လိုက်ပါ။ 



ရေနွေးပူပူနဲ့ သုတ်သင်ပါ။

ကြမ်းပိုးတွေဟာ ရေနွေးကို သိပ်ကြောက်ပါတယ်။ ဒါကြောင့် ကြမ်းပိုးကပ်ငြိနေတဲ့ အဝတ်အစားတွေဆိုရင် ရေနွေပူပူနဲ့သာ စိမ်ထားလိုက်ပါ။

နေပူပြင်းပြင်းမှာ ထုတ်လှန်းပါ။

ဒီရက်ပိုင်းထဲ နေလေးလည်းသာလာပြီဆိုတော့ ကြမ်းပိုးတွေ ကပ်ငြိနေတတ်တဲ့ အိပ်ရာ၊ စောင်၊ ခေါင်းအုံးနဲ့ ဖျာတွေကို နေပူပူမှာ လှန်းထားလိုက်ဖို့ အကောင်းဆုံး အချိန်ပါပဲ။ ဒီနည်းလမ်းဟာ ရှေးကတည်းက မိဘတွေ သုံးနေကြနည်းလမ်းလည်းဖြစ်ပြီး အစွမ်းလည်းထက်ပါတယ်။

Insect Killer အဖွဲ့ကို ငှားရမ်းပါ။

တကယ်လို့ ပိုပြီ Deep Cleaning လုပ်ချင်တယ် ဆိုရင်တော့ Insect Killer အဖွဲ့ကိုသာ ဖုန်းဆက်ပြီး အိမ်မှာ ဆေးတွေဖြန်းကာ အခန်းပိတ်ထားလိုက်တာ အကောင်းဆုံးပါပဲ။ ဒါဆိုရင်တော့ မိတ်ဆွေတို့ ကြမ်းပိုးနှိမ်နှင်းရေးအတွက် Idea ကောင်းတွေ ရလိုက်မယ်လို့ထင်ပါတယ်။ 

ကြမ်းပိုးကင်းပြီး ကျန်းမာပျော်ရွှင်ရတဲ့ အိမ်တွေ ပိုင်ဆိုင်နိုင်ကြပါစေရှင်။

Wirtten By : Lily ( ShweProperty.com )