နေ့စဉ်ရက်ဆက် မိုးတွေရွာပြီဆိုရင် အဝတ်တွေ မခြောက်မှာအပြင် နောက်ထပ် စိုးရိမ်စရာက အခန်းထဲ အစိုတွေပြန်ပြီး အနံ့အသက် မကောင်း၊ ကျန်းမာရေးထိမှာကိုပါပဲ။ အထူးသဖြင့် အိပ်ခန်းဆိုရင် လူတွေရဲ့ ကိုယ်ငွေ့အများဆုံးရှိတဲ့ နေရာဖြစ်လို့ မိုးတွေရွာပြီး နေရောင်မမြင်ရတဲ့ နေ့တွေဆိုရင် ကြမ်းခင်းမှာ စိုထိုင်းထိုင်းနဲ့ နောက်ဆုံး အိပ်ရာ၊ မွေ့ရာ၊ ခေါင်းအုံးတွေမှာပါ စိုထိုင်းစတွေ ရှိနေတတ်ပါတယ်။ အခြေအနေဆိုးရင် အိပ်ရာခင်းတွေမှာ ရေစွတ်ထားသလို စိုထိုင်းစတွေ များများတွေ့လာရပါတယ်။ အဲ့ဒီစိုထိုင်းစတွေကနေ မှိုစွဲတာ၊ အနံ့အသက် မကောင်းတာတွေ၊ အအေးမိတာ၊ မောပန်းလွယ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ အိမ်ထဲ အစိုတွေပြန်လာပြီဆိုရင် ဖြေရှင်းဖို့ ဒီနည်းလမ်းကို မျှဝေလိုက်ပါတယ်။ 

- အဲကွန်းကို အားမကိုးပါနဲ့

အဲကွန်းက အခန်းထဲက အပူချိန်ကိုထိန်း၊ ရေငွေ့တွေကိုခြောက်သွားစေနိုင်ပေမယ့် အဲကွန်းပိတ်ထားတဲ့အချိန်တွေမှာတော့ ၂ ဆ လောက် အစိုပြန်တတ်ပါတယ်။ မိုးတွေရွာလို့ ရာသီဥတုအေးတဲ့အခါ အဲကွန်းကိုလည်း လျှော့ဖွင့်ဖို့ အကြံပေးချင်ပါတယ်။ 

- Exhaust Fan ကို အသုံးပြုပါ

အိမ်ရဲ့ ရေချိုးခန်းနဲ့ မီးဖိုချောင်တွေမှာ exhaust fan တပ်ဆင်ထားတာက အညှော်နံ့ကို သက်သာစေသလို အခုလိုမိုးရာသီမှာလည်း အလွန်အသုံးဝင်ပါတယ်။ Exhaust fan ဖွင့်ထားမယ်ဆိုရင် အိမ်တွင်း၊ အခန်းတွင်း အနံ့အသက်ဆိုးတွေကို ဖယ်ရှားပေးနိုင်ပြီး အခန်းထဲ အစိုပြန်ခြင်းကိုလည်း သက်သာစေပါတယ်။ 



- အဝတ်တွေကို ဝရံတာမှာသာ လှန်းပါ

မိုးကနေ့တိုင်းရွာနေတော့ အဝတ်တွေ ခြောက်ဖို့ ကြာတတ်ပါတယ်။ အဲဒီအခါ စိတ်မရှည်တဲ့ အိမ်ရှင်မတွေ လုပ်လေ့ရှိတာကတော့ အဝတ်တွေကို အခန်းထဲမှာ လှန်းပြီး အဲကွန်းဖွင့် အခြောက်ခံလိုက်တာပါပဲ။ ဒီနည်းဟာ အဝတ်တွေတော့ အခြောက်မြန်စေပေမယ့် အခန်းတွင်း ပတ်ဝန်းကျင်အတွက်တော့စိုထိုင်းစတွေ ပိုများလာစေပါတယ်။ ဒါကြောင့် ဝရံတာတွေမှာသာ အဝတ်လှန်းဖို့ အကြံပြုပါတယ်နော်။ 

- တံခါးပေါက်တွေ ဖွင့်ထားပေးပါ

မိုးဆက်တိုက် ရွာတဲ့နေ့တွေမှာ တံခါးပြတင်းပေါက်တွေ ဖွင့်ထားဖို့ ခက်ပေမယ့် မိုးတိတ်သွားတဲ့ အချိန် ခဏဆို ခဏ တံခါးလေးဖွင့်ထားသင့်ပါတယ်။ ဒါမှ အခန်းထဲက အနံ့အသက်တွေ အပြင်ကို လွင့်ထွက်ပြီး အခန်းတွင်း စိုထိုင်းစတွေကို သက်သာစေမှာပါ။

- ကြမ်းပြင်မှာ ရေတွေ မစိုစေပါနဲ့

တခါတလေ ရေချိုးခန်းထဲကထွက် အိပ်ခန်းထဲဝင်လိုက်တဲ့အခါ ခန္ဓာကိုယ်မှာ စိုစွတ်နေတဲ့ ရေတွေက ကြမ်းပြင်ပေါ်ကျနေတတ်တာ ရှိပါတယ်။ အဲဒီရေစက်လေးတွေကလည်း အခန်းတွင်း စိုထိုင်းစကို ပိုဆိုးရွားစေလို့ ကြမ်းပြင်ကိုရေခြောက်အောင်ပြန်သုတ်တာမျိုး၊ ခြေထောက်ကို သေချာအဝတ်စနဲ့ သုတ်ပြီးမှအိပ်ခန်းထဲဝင်တာမျိုး လုပ်ပေးသင့်ပါတယ်နော်။

ဒီနည်းလမ်းတွေနဲ့ဆိုရင် အခန်းတွင်း စိုထိုင်းဆတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ စာဖတ်သူ မိတ်ဆွေများအားလုံး မိုးရာသီမှာ နွေးထွေးပြီး အနံ့အသက်ကင်းတဲ့ အိပ်ခန်းလေးတွေ ကိုယ်စီပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ 

Wirtten By : Lily ( ShweProperty.com )