By The Voice Weekly, Shweproperty.com
Updated at 12 September 2013
အိမ်၊ ခြံ၊ မြေ ဈေးနှုန်း မြင့်မားခြင်းကို လျှော့ချရန် ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ်အလိုက် တစ်ပေပတ်လည် မြေဈေး စံနှုန်းများကို စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ သတ်မှတ်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး သတ်မှတ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
ဈေးနှုန်းသတ်မှတ်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြေစာရင်း ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ အရာရှိများ ပါဝင်သည့် အဖွဲ့ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း ၎င်းကပြောဆိုသည်။
အခွန်ဆောင်ရန် ဈေးနှုန်းသတ်မှတ်ခြင်းသည် ပြောင်းလဲမှုများ ရှိနိုင်ပြီး ပြင်ပပေါက်ဈေး အပြောင်းအလဲရှိပါက စံနှုန်းပြောင်းလဲမှုများ ရှိနိုင်ကြောင်း ၎င်းက ပြောကြားသည်။
ပြည်သူများ စရိတ်သက်သာစွာ အခွန်ထမ်းဆောင်ရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရေးအတွက် ယခုကဲ့သို့ နှုန်းထား သတ်မှတ်ခြင်း ဖြစ်ကြောင်း ကာလတန်ဖိုး သတ်မှတ်ရေး အဖွဲ့ထံမှ သိရသည်။
“ပွဲစားတွေအတွက်တော့ အနည်းငယ်ထိခိုက်မှု ရှိနိုင်တယ်။ ပြည်သူတွေအတွက်တော့ စရိတ်သက်သာစေပါတယ်” ဟု ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြို့နယ်အလိုက် စံနှုန်းများအား ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ရုံးတွင် စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ စံနှုန်းများ ကြေညာသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
“အခွန်နှုန်း သတ်မှတ်တယ်ဆိုတာက သတ်မှတ်တဲ့ ဈေးနှုန်း တစ်ခုထက် ကျော်လို့မရဘူးဆိုတဲ့ သဘောပဲ။ ဒီလိုသတ်မှတ်ရတယ်ဆိုတာ ရှိသင့်ရှိထိုက်တဲ့ ဈေးနှုန်းထက် ကျော်နေလို့ သတ်မှတ်ရခြင်း ဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်ထက်နိမ့်အောင် ဘယ်လိုလုပ်ရမလဲ၊ ဘာကြောင့် ဒီလိုဈေးတွေ မြင့်နေရတာလဲ ဆိုတာကို အဖြေရှာသင့်တယ်” ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်ပြောကြားသည်။
အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ အဆမတန် မြင့်မားနေခြင်းနှင့် အခွန်အကောက်များ ဆုံးရှုံးနေခြင်းကို ကာကွယ်ရန် ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ်အတွင်း မြို့နယ်အလိုက် တစ်ပေပတ်လည် ဈေးနှုန်းများ သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း သြဂုတ်လ ၂၃ ရက်နေ့တွင် ပြုလုပ်သော အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
ယင်းသို့ သတ်မှတ်မည် ဆိုခြင်းကြောင့် ရန်ကုန်မြို့တော် အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းတွင် စီပွားရေး လုပ်ငန်းရှင်များနှင့် အကျိုးဆောင်များ လက်တွန့်နေခြင်းကြောင့် အရောင်းအဝယ်မှာ အလွန် အေးစက်လျက် ရှိကြောင်း ရန်ကုန်မြို့တော် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။
ဒလမြို့နယ် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများသည်လည်း ယခင်က အလျား ပေ ၂၀၊ အနံ ပေ ၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၁၂၀၀ ခန့်မှ ယခုကျပ်သိန်း ၅၀၀ ထိ ထိုးကျသွားကြောင်း အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဦးနေမျိုးအောင်က ပြောကြားသည်။
Ref : The Voice Weekly
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties