By The Voice Weekly, Shweproperty.com
Updated at 21 March 2014
ပြည်ထောင်စုလွှတ်တော်က အခွန်ဥပဒေများကို အတည်ပြုလိုက်ပြီး ဝင်ငွေရလမ်း မဖော်ပြနိုင်သော အခွန် (စည်းကြပ်မှုမှ ကင်းလွတ်နေသော အခွန်) ပမာဏများကို လျှော့ချလိုက်သဖြင့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ မြင့်တက်နိုင်ကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် အချို့က ပြောကြားသည်။
ဝင်ငွေရလမ်း မဖော်ပြနိုင်သော (စည်းကြပ်မှုမှ ကင်းလွတ်နေသော အခွန်) ဥပဒေ ပြင်ဆင်ချက်တွင် ယခင် ပေးဆောင်ရသည့် ၃၀ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ လျှော့ချပေးလိုက်ခြင်းကြောင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် တိုးလာမည် ဖြစ်ပြီး ဈေးနှုန်းလည်း လိုက်ပါ မြင့်တက်နိုင်ဖွယ် ရှိကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောဆိုသည်။
“ဈေးက ကျဖို့တော့ မဖြစ်နိုင်ပါဘူး။ အခွန်နှုန်းထားက လျှော့ပေးလိုက်တာ ဖြစ်တဲ့အတွက် အတက်ဘက်ကိုသာ သွားမှာပါ။ ပြီးတော့ အထူးကိုယ်စားလှယ် လွှဲစာတွေနဲ့ အရောင်းအဝယ် လုပ်တာတွေလည်း လျော့ကျသွားမှာပါ” ဟု ၎င်းကဆိုသည်။
အခွန်နှုန်းထား လျှော့ချ ပေးလိုက်သဖြင့် လတ်တလော အရောင်းအဝယ် အေးစက်လျက် ရှိသော အိမ်၊ ခြံ၊ မြေဈေးကွက် ကောင်းမွန်လာမည် ဖြစ်ပြီး အခွန်ဆောင်သူ ပမာဏလည်း များပြားလာမည် ဖြစ်ကြောင်း အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဦးနေမျိုးအောင်က ပြောဆိုသည်။
အဆိုပါ အခွန်နှုန်းထားများကို ပြည်ထောင်စုလွှတ်တော်မှ မတ်လ ၁၁ ရက်နေ့တွင် ပြောင်းလဲခဲ့ခြင်း ဖြစ်ပြီး ဝင်ငွေခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအရ “ဝင်ငွေရလမ်း မဖော်ပြနိုင်သော အခွန်နှုန်း” ဆိုသည့် စကားရပ်အစား “စည်းကြပ်မှုမှ ကင်းလွတ်နေသော အခွန်” ဟူ၍ လည်းကောင်း၊ နှုန်းထား ပြင်ဆင်ချက်များမှာ တစ်ကျပ်မှ ကျပ်သိန်း ၅၀၀ အထိကို အခွန် ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၁၅၀၀ အထိကို ၁၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁၅၀၀ မှ ကျပ်သိန်း ၃၀၀၀ အထိကို ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ကာ တံဆိပ်ခေါင်းခွန်မှာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် တို့တွင် ၅ ရာခိုင်နှုန်းနှင့် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ၃ ရာခိုင်နှုန်းသာ ပေးဆောင်ရမည် ဖြစ်သည်။
ယခင် ဝင်ငွေရလမ်း မဖော်ပြနိုင်သော အခွန် (စည်းကြပ်မှုမှ ကင်းလွတ်နေသော အခွန်) နှုန်းထားများကို ၃၀ ရာခိုင်နှုန်းအထိ သတ်မှတ် ကောက်ခံလျက် ရှိပြီး တံဆိပ်ခေါင်းခွန်ကိုမူ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ခုနစ် ရာခိုင်နှုန်းနှင့် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ငါးရာခိုင်နှုန်း အထိ ပေးဆောင်ခဲ့ရခြင်း ဖြစ်သည်။
Ref : The Voice Weekly
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties