By Myanmar Builders Guide, Shweproperty.com
Updated at 8 February 2019
အပြန်အလှန်ယုံကြည်မှုရှိစေမည့် အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းပေါ်ပေါက်လာစေရန်နှင့် ယင်းလုပ်ငန်းမှ နိုင်ငံတော်အတွက် အခွန်ဝင်ငွေများ ရရှိလာစေရန် အိမ်ခြံမြေ ဝန်ဆောင်မှုဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ဇန်နဝါရီ (၂၉)ရက်နေ့က တင်သွင်းခဲ့ပါသည်။
အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီက တင်သွင်းခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးတွင် စနစ်တကျမရှိဘဲ ပျံ့နှံ့နေသောအိမ်ခြံ မြေဝန်ဆောင်မှုလုပ်ငန်းများကို စနစ်တကျရှိ လာစေရန်ဖြစ်ပါသည်။
နိုင်ငံတော်အတွက်လည်း ရသင့်ရထိုက်သော အခွန်ဝင်ငွေများ ရရှိလာစေရန်အတွက် ဥပဒေကြမ်းကို တင်သွင်း ရခြင်းဖြစ်ကြောင်း ကော်မတီအတွင်းရေးမှူးဖြစ်သူ၊ ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေဖူးဗဆွေကပြောကြားထားပါသည်။
" ရည်ရွယ်ချက်ကတော့ တစ်ပြည်လုံးပျံ့ပြီးတော့ စနစ်တကျလည်းမရှိ၊ အာမခံချက်လည်းမရှိဘဲဖြစ်နေတဲ့ ဒီဈေးကွက်မှာ စနစ်တကျနဲ့အသင်းအဖွဲ့တွေ၊ လိုင်စင်တွေ၊ သင်တန်းတွေနဲ့ဖြစ်လာဖို့ ဖရိန်(မူဘောင်)တစ်ခုချပေးလိုက်တဲ့သဘောပါ " ဟု ၎င်းကပြောကြားသည်။
ထို့ပြင် ဒုတိယရည်ရွယ်ချက်အဖြစ် အဆိုပါဝန်ဆောင်မှုဈေးကွက်မှ လစ်ဟင်းနေသော အခွန်များလည်း ရရှိလာရန်မျှော်လင့်ထားသည်။ " အိမ်ခြံမြေဘက်က အခွန်တွေရသင့်တာမရဘဲနဲ့ လစ်ဟင်းနေတာပေါ့လေ။ ဒါကိုလည်း စနစ်တကျကြီးကြပ်ဖို့ရည်ရွယ်ပါတယ် " ဟု ထပ်မံပြောကြားခဲ့သည်။
အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေပြဌာန်းလာနိုင်ခြင်းဖြင့် အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းများကို အသင်းအဖွဲ့များ၊ လိုင်စင်များဖြင့် စနစ်တကျရှိလာစေရန် ရည်မှန်းထားသည်။ ထိုမှတစ်ဆင့် ရောင်းသူရော ဝယ်သူဘက်တွင်ပါ နှစ်ဘက်အာမခံချက်ရှိသည့် ဝန်ဆောင်မှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။
လက်ရှိတွင် ထိုကဲ့သို့စနစ်တကျမရှိသောကြောင့် ရောင်းသူနှင့်ဝယ်သူ များအကြား ပြဿနာများလည်း ဖြစ်ပွားနေသည်။ " ကွန်ဒိုဝယ်နိုင်တဲ့သူက နည်းပါတယ်။ တကယ်တန်းဝယ်နိုင်တာက Flat(တိုက်ခန်း)ပေါ့။ အိမ်ခြံမြေအောက်က Flat က တစ်ပြည်လုံးဈေးကွက်လည်းရှိတယ်။ ပြဿနာတွေ၊ မှုခင်းတွေကလည်း အများဆုံးဖြစ်နေတော့ ဒါကိုစနစ်တစ်ခုတည်း ဝင်အောင် မူဘောင်တစ်ခုချပေးလိုက်တာပါပဲ " ဟု ၎င်းက ရှင်းလင်းပြောကြားသည်။
သို့သော်လည်း ယခုမှပြည်သူ့လွှတ်တော်သို့ စတင်တင်သွင်းခြင်းဖြစ်ပြီး လွှတ်တော်နှစ်ခုတွင် အပြန်အလှန်ဆွေးနွေးခြင်း၊ ပြင်ဆင်ခြင်းများလည်း ရှိလာနိုင်သေးသည်။
ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့က ရေးဆွဲထားသော အဆိုပါဥပဒေကြမ်းတွင် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းကို နိုင်ငံခြားသားများအားလည်း ဖက်စပ်လုပ်ကိုင်ခွင့်ပြုရန် ပြဌာန်းချက်ပါရှိကြောင်း အသင်းဥက္ကဌ ဦးအောင်ထွန်းက နေပြည်တော်တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
သို့သော်လည်း ယနေ့တင်သွင်းသည့်ဥပဒေကြမ်းတွင်မူ အဆိုပါအချက် ပါဝင်ခြင်းရှိမရှိ မသိရသေးပေ။ " အခုတော့ ဥပဒေကြမ်းတင်သွင်းတဲ့အဆင့်ပဲရှိသေးတော့ ဒီလောက်ပဲပြောနိုင်ပါသေးတယ်။ လွှတ်တော်မှာ ဆွေးနွေးကြဦးမှာဆိုတော့ လုပ်ငန်းစဉ်က အချိန်ယူရဦးမှာပါ " ဟု ဦးနေဖူးဗဆွေက ပြောသည်။
လက်ရှိတွင် ဥပဒေမရှိသေးသောကြောင့် နိုင်ငံခြားသားများက ၎င်းတို့အချင်းချင်းအကြား အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသော်လည်း အရေးမယူနိုင်သေးကြောင်း အိမ်ခြံမြေလုပ် ငန်းဖွံ့ဖြိုးရေးအသင်းက ပြောဆိုထားသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties