By Sint Sint, Shweproperty.com
Updated at 5 October 2020
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ လမ်းဦးစီးဌာနသည် ကရင်ပြည်နယ်အတွင်းရှိပင်မလမ်း (၄၇)လမ်းနှင့် တံတားများအား အသစ်တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း စသည့်လုပ်ငန်းများကို ပြည်နယ်အစိုးရ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိရာ သက္ကော(သံဖြူဇရပ်) - ဘုရားသုံးဆူလမ်းသည် အသစ်တည်ဆောက်သည့် လမ်းတစ်လမ်း ဖြစ်ပါသည်။
သက္ကော(သံဖြူဇရပ်) - ဘုရားသုံးဆူလမ်းသည် လမ်းဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်၏ လမ်းအမျိုးအစား သတ်မှတ်ချက် Road Numbering System တွင် National Highway (NH4)၊ Main Arterial (A6) လမ်းအမျိုးအစား ဖြစ်ပါသည်။လမ်းအရှည်အားဖြင့် (၆၃မိုင်၂ဖာလုံ)ရှိပြီး၊မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ သက္ကောရွာမှ မိုင်တိုင်အမှတ်(၀/၀)ဖြင့် စတင်ကာ ထိုင်းနိုင်ငံ၊ကံချနာပူရိခရိုင်၊စံခရပူရိမြို့၊ ကြယ်ဒီစံအုန်းရွာနှင့် နယ်နမိတ်ချင်း ထိစပ်နေသော ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ မိုင်တိုင်(၆၃/၂)တွင် နယ်ဆုံးပါသည်။ ထို့ကြောင့် အဆိုပါလမ်းသည် နောင်တွင်နိုင်ငံတကာ ဆက်သွယ်သော လမ်းမကြီး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လာမည် ဖြစ်ပါသည်။
သက္ကော(သံဖြူဇရပ်) - ဘုရားသုံးဆူ လမ်းသည် ယခင်က ရွာအချင်းချင်းကိုဆက်သွယ်သွားလာနိုင်သေ ာ(၁၂ပေ)အကျယ်ရှိ မြေသားလမ်းဖြစ်ပြီး နွေရာသီတွင် ယာဉ်အားဖြင့် ဆိုင်ကယ်များ၊ ပြုပြင်ဖန်တီထားသောဘီးအကြီးတပ် 4 W ကားများသာ ရောင်းဝယ်ဖောက်ကား သွားလာရေးအတွက်အသုံးပြုနိုင်ပါသည်။ အဆိုပါလမ်းပေါ်တွင် သက္ကောရွာ၊ တညင်ရွာ၊ အနန်းကွင်းရွာ၊ သံပုရာရွာ၊ တောင်စွန်းရွာ၊ ဇမိရွာ၊ မဲဇလီရွာ၊ ဇီးပင်ကြီး(လမ်းဆုံ)ရွာ၊ ချောင်းဆုံရွာ၊ မက္ကသာရွာများ အပါအဝင် စုစုပေါင်းရွာ(၂၀)ကျော်ရှိပြီး ဒေသခံပြည်သူများ အဓိက အားထားအသုံးပြုနေရသောလမ်း ဖြစ်ပါသည်။
မိုးရာသီအချိန်တွင် တောင်ကျရေများကြောင့် အနန်းကွင်းချောင်း၊ ခုံခံချောင်း၊ ဇမိချောင်း၊ ဆင်ပြေးချောင်း၊ မဲဇလီချောင်း၊ မက္ကသာချောင်းတို့မှာ ရေကြီးရေလျှံမှုများဖြစ်ကာ တစ်ရွာနှင့် တစ်ရွာ ကူးလူးဆက်ဆံသွားလာနိုင်ခြင်း မရှိတော့ဘဲ လမ်းပြတ်တောက်ခြင်းများ နှစ်စဉ် ကြုံကြိုက်ခဲ့ရသဖြင့် ဒေသခံပြည်သူများအနေဖြင့် ကျန်းမာရေး၊ ပညာရေး၊ စီးပွါးရေးများ ဖွံဖြိုးမှု နောက်ကျခဲ့ရပါသည်။
နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ (၂၀၁၃-၂၀၁၄ )ဘဏ္ဍာရေးနှစ် မှစတင်၍ အဆိုပါလမ်းအား စီမံကိန်းတစ်ရပ်အနေဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကရင်ပြည်နယ် အခြေစိုက် လမ်းဆောက်လုပ်ရေးအထူးအဖွဲ့(၂၂) ယခင် လမ်းအထူးအဖွဲ့(၉)၊ကော့ကရိတ်ခရိုင်၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်တို့အား တာဝန်များ ခွဲဝေကာ ဆောင်ရွက်စေခဲ့ပါသည်။
လမ်းဦးစီးဌာန(ရုံးချုပ်)၊ လမ်းပုံထုတ်အဖွဲ့များသည် အဆိုပါ လမ်းအူကြောင်းကို အခြေခံကာ လမ်းအူကြောင်းအသစ် ရှာဖွေတိုင်းတာပေးခဲ့ပြီး တာဝန်ပေးအပ်ခံရသော ဌာနများသည် (၂၀၁၃-၂၀၁၄)ဘဏ္ဍာရေးနှစ်မှစ၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
သက္ကော(သံဖြူဇရပ်) - ဘုရားသုံးဆူလမ်းကို စတင်ဆောင်ရွက်စဉ် အချိန်သည် ကရင်ပြည်နယ်ဘက်အပိုင်းတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပါသည်။ နောင်တွင် ငြိမ်းချမ်းရေးအဖွဲ့များ၏ ကူညီမှုများကြောင့် လုပ်ငန်းများ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုအခါတွင် ငြိမ်းချမ်းရေး၏ အသီးအပွင့်များကြောင့် လုပ်ငန်းများကို အရှန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိပါသည်။
စီမံကိန်းအနေဖြင့်ပေ(၄၀)အကျယ် မြေသားတာပေါင်တင်ခြင်းလုပ်ငန်း (၆၁ မိုင် ၂ ဖာလုံ)ကို (၂၀၁၃-၂၀၁၄)ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ရာ (၂၀၁၅-၂၀၁၆)ဘဏ္ဍာနှစ်တွင် အပြီးဆောင်ရွက်နိုင်ခဲ့ပါသည်။ ရာသီမရွေး သွားလာနိုင်ရန်အတွက် အမာခံ ချောင်းကျောက်ခင်းခြင်းလုပ်ငန်းကို (၂၀၁၅-၂၀၁၆)ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ စီမံကိန်း စတင်သည်မှ ယနေ့အထိ (၅၀)ပေ အောက် တံတား (၁၇၄)စင်း၊ (၅၀)ပေနှင့် (၁၀၀)ပေအောက် တံတား (၁၀)စင်း၊ (၁၀၀)ပေနှင့် (၁၈၀)ပေ အောက် တံတား(၃)စင်းနှင့် (၁၈၀)ပေအထက် တံတား(၃)စင်း၊ စုစုပေါင်း တံတား(၁၉၀)စင်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါသည်။ (၅၀)ပေ အထက် တံတားများအား တံတားအထူးအဖွဲ့(၁၄)မှ တာဝန်ယူ တည်ဆောက်ပါသည်။
လမ်းသား(Pavement)အနေဖြင့် အကျယ်(၇)မီတာ ကတ္တရာခင်းခြင်းလုပ်ငန်း (၁၇ မိုင် ၁ ဖာလုံ)အား (၂၀၁၇-၂၀၁၈)ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပြီးစီးပြီး၊ (၇)မီတာအကျယ် (၉)လက္မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို (၂၀၁၈-၂၀၁၉)ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ (၂၀၁၉-၂၀၂၀)ဘဏ္ဍာနှစ်တွင် (၂၀ မိုင် ၃ ဖာလုံ) ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါသဖြင့်
ယနေ့အထိ စုစုပေါင်း လမ်းအရှည်(၃၇ မိုင် ၄ ဖာလုံ)ပြီးစီးပြီ ဖြစ်ပါသည်။ ဆောင်ရွက်ရန် ကျန်ရှိသည့် လမ်းအရှည် (၂၅ မိုင် ၆ ဖာလုံ)အား လျာထားချက်အရ (၂၀၂၀-၂၀၂၁)ဘဏ္ဍာနှစ်တွင် (၁၀ မိုင် ၇ ဖာလုံ)နှင့် (၄၀၀)ပေအရှည် ခုံခံချောင်းတံတား၊ (၁၅၀)ပေအရှည် သံပုရာချောင်းတံတားတို့အား ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ကရင်ပြည်နယ်အစိုးရ အနေဖြင့် အဆိုပါလမ်းအား (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန်ကျန်ရှိသည့် (၁၄ မိုင် ၇ ဖာလုံ)နှင့် (၁၀၀ ပေနှင့် ၁၈၀ ပေအောက်)တံတား (၄)စင်းတို့အား (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ ထည့်သွင်းလျာထားသွားမည် ဖြစ်ပါသည်။
သက္ကော(သံဖြူဇရပ်) - ဘုရားသုံးဆူလမ်းသည် ယခင်က သက္ကောရွာ(၀/၀)မိုင်မှ သံဖြူဇရပ် အထိ ယာဉ်မောင်းရန်ကြာချိန် (၁၅)နာရီ ရှိပြီး၊ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ယာဉ်မောင်းရန်ကြာချိန် (၃)နာရီသာကြာမြင့်တော့မည် ဖြစ်ပါသဖြင့် အဆိုပါလမ်းပေါ်ရှိ ကျေးရွာပေါင်း(၂၀)ကျော်တွင် နေထိုင်ကြသည့် ဒေသခံပြည်သူများနှင့် လမ်းကိုအသုံးပြည့်မည့် ပြည်သူများအနေဖြင့် ကျန်းမာရေး၊ ပညာရေး၊ စီးပွါးရေးနှင့် ကုန်စည်မှုများကို အချိန်တိုတိုဖြင့် လုံခြုံချောမွေ့စွာ သွားလာနိုင်တော့မည် ဖြစ်ပါသည်။
ထို့အပြင် သက္ကော(သံဖြူဇရပ်) - ဘုရားသုံးဆူ လမ်းးသည် နောင်တွင်နိုင်ငံတကာ ဆက်သွယ်ရေးလမ်းမကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်လာမည်ဖြစ်ပြီး ဘားအံ - မော်လမြိုင် - မုဒုံ - ချောင်းနှစ်ခွ - ကြာအင်းဆိပ်ကြီး - ချောင်းဆုံ (ဘုရားသုံဆူ)လမ်းနှင့် ဘားအံ - မော်လမြိုင် - မုဒုံ - နောင်တဲ - လှကဆိုင် - ဘုရားငါးဆူ - တောင်ဒီး - ဘာပြ - အနန်းကွင်း လမ်းတို့ လာရောက်ချိတ်ဆက်ထားပြီး မော်လမြိုင် - သံဖြုဇရပ် - ရေး - ထားဝယ်လမ်းမကြီးနှင့်လည်း ဆုံသောလမ်း ဖြစ်သဖြင့် လမ်းကွန်ယက်အနေဖြင့် အဓိကအရေးပါသောလမ်းတစ်လမ်းဖြစ်ပါသည်။
နောက်ဆုံးရ သတင်းများ
အစိုးရ၏ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကုမ္ပဏီ ၁,၀၀၀ ကျော်ကို ကန်ထရိုက်မှတ်ပုံတင်ထုတ်ပေး
ကုန်ထုတ်လုပ်မှုကဏ္ဍ၊ အိမ်ရာအဆောက်အအုံကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ ဒေါ်လာ ၃၄၇ သန်းကျော်နှင့် ကျပ်သန်း ၂၃၄၀၀ ကျော်ရှိသည့် လုပ်ငန်းအသစ်ခုနစ်ခု MIC ထပ်မံခွင့်ပြု
ရန်ကုန်မြို့ကအိမ်ရာစီမံကိန်းတွေနဲ့ အိမ်ရာလိုအပ်ချက်အခြေအနေ
ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်ဘဏ်က အိမ်ရာချေးငွေများကို ခုနစ်လတိတိ နောက်ကျကြေး ကင်းလွတ်ခွင့်ပြု
Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties