By Myanmar Builders Guide, Shweproperty.com
Updated at 4 April 2019
ပြည်လမ်းမကြီးပေါ်၌ မဏ္ဍပ်ဆောက်လုပ်ရန် မြေငှားခအနေနှင့် ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၁၀၀၀ ကျော်အထိ ပေါက်ဈေးရှိကြောင်း နှစ်စဉ် ရေကစားမဏ္ဍပ် ဆောက်လုပ်နေသူများထံမှ သိရသည်။
ပြည်လမ်းတွင် မဏ္ဍပ်ဆောက်လုပ်ရန် မြေငှားခ ကျပ်သိန်းတစ်ထောင်အထိ ဈေးနှုန်းများ မြင့်တက်လာသည့်အတွက် အခြားသောလမ်းများတွင်ပါ စီးပွားဖြစ်မဏ္ဍပ်များ ဆောက်ခွင့်ပေးရန်လိုကြောင်း ရေကစားမဏ္ဍပ် ဆောက်လုပ်မည့်သူများက ပြောကြားသည်။
"ပြည်လမ်းက ခြံငှားခတင်ပဲ သိန်းငါးရာကနေ တစ်ထောင်ကျော်အထိ ခေါ်နေတော့ မဏ္ဍပ်ဆောက်မယ့်သူတွေ အခက်အခဲတွေ ဖြစ်နေတယ်။ ခြံသမားတွေကလည်း သိန်းခြောက်ရာပေးတာတောင် မငှားချင်ကြဘူး။ ပိုက်ဆံရှိတဲ့သူတွေအတွက်တော့ ကိစ္စမရှိဘူး”ဟု နှစ်စဉ် ရေကစားမဏ္ဍပ် ဆောက်လုပ်နေ သူ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။ အဆိုပါ မြေငှားရမ်းခမှာ သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ လေးရက်စာအတွက် ပေးရခြင်းဖြစ်ကြောင်း၎င်းက ပြောဆိုသည်။
၂၀၁၈ သင်္ကြန်ကာလက ပြည်လမ်းရှိ မြေကွက်ကျယ်ငှားရမ်းခမှာ ကျပ်သိန်း ၄၀၀ မှ သိန်း ၁၀၀၀ အမြင့်ဆုံးဖြစ်ကြောင်း ရေကစားမဏ္ဍပ် ဆောက်လုပ်ရန် မြေနေရာ ရှာနေသူများထံမှလည်း စုံစမ်းသိရှိရသည်။
ယခင်အစိုးရလက်ထက်က ကန်တော်ကြီးပတ်လမ်း၊ အင်းလျားလမ်း၊ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် ဝေဇယန္တာလမ်းမကြီးတို့တွင် စီးပွားဖြစ်မဏ္ဍပ်များ ဆောက်လုပ်ခွင့်ပြုခဲ့သော်လည်း ယခုအစိုးရလက်ထက်တွင် ကန်တော်ကြီးပတ်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျားလမ်းမှကုက္ကိုင်းမီးပွိုင့်ကြားနေရာများတွင် မဏ္ဍပ်ဆောက်လုပ်ခွင့် မပြုသည့်အတွက် ဈေးတက်လာခြင်းဖြစ်နိုင်သည်ဟု ၎င်းတို့က ပြောဆိုသည်။
ယခုနှစ် ရန်ကုန်မြို့တော် မဟာသင်္ကြန်အတွက် သုဝဏ္ဏအားကစားကွင်းမှ စတင်ကာ ဝေဇယန္တာလမ်းမမှတဆင့် ပါရမီလမ်း၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ပြည်လမ်းမှတဆင့် လှည်းတန်းမီးပွိုင့်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလမ်းမှတဆင့် အောက်ပုဇွန်တောင်နှင့် အထက်ပုဇွန်တောင်လမ်းနှင့် သံသုမ္မာ လမ်းမကြီးတို့တွင် မဏ္ဍပ်အကြီးနှင့် အလတ် ၃၄ ခု ဆောက်လုပ်ခွင့်ပေးရန်လျာထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
ယင်းအပြင် မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီးဥယျာဉ်၊ ဦးဥတ္တမပန်းခြံ (ကန်တော်မင်ပန်းခြံ)၊ မြကျွန်းသာပန်းခြံနှင့် အင်းလျားလမ်းတို့တွင် လမ်းလျှောက်သင်္ကြန် ကျင်းပပြုပေးမည်ဟု ရန်ကုန်မြို့တော်စည်ပင်က အသိပေးထားသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties