By Eleven Media Group, Shweproperty.com
Updated at 15 May 2017
ရန်ကုန်မြို့တွင် နှစ်ရှည် အရစ်ကျစနစ်ဖြင့် တန်ဖိုးနည်းအိမ်ရာများ ရောင်းချပေးရာ၌ ချေးငွေသက်တမ်း ကာလကို လက်ရှိတွင် ၁၀ နှစ် ပေးထားရာမှ နှစ် ၃၀ အထိ တိုးမြှင့်ချေးပေးနိုင်ရေးအတွက် ဂျပန်နိုင်ငံနှင့် ဆွေးနွေးနေကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၊ Managing Director (Banking & Finance) ဖြစ်သူ ဒေါ်မြင့် မြင့်မူက မေ ၁၃ ရက်တွင် ရန်ကုန်မြို့ အလုံလမ်းရှိ Yangon International Hotel တွင် ကျင်းပသည့် Private MEGA Housing Sales 2017 ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည်။
“ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က နှစ်ရှည်ချေးငွေကို နှစ် ၃၀ အထိ တိုးပေးနိုင်ဖို့ ဆောင်ရွက်နေတာ ရှိပါတယ်။ ရတဲ့ Fund ကို အခြေခံပြီးတော့ အရစ်ကျ ချေးငွေကို အတိုးနှုန်း သက်သက်သာသာ ပေးနိုင်အောင် လုပ်ပေးနိုင်ဖို့ပေါ့။ ပြည်တွင်းမှာတော့ အတိုးနှုန်းမြင့်တယ်လေ။ အဲဒီတော့ နိုင်ငံတကာကနေပြီးတော့ G to G နဲ့ Soft Loan တွေ ရဖို့ကြိုးစားနေတယ်။ ရမယ်ဆိုရင် နှစ်ရှည်တွေ ဖြစ်တဲ့အတွက် အတိုးနှုန်းကလည်း သက်သာတဲ့ အတွက်ကြောင့်မို့ လစဉ် ပေးအပ်တဲ့ အရစ်ကျစနစ်ကလည်း နည်းသွားမယ်။ တစ်လ ၆၀၀၀၀၊ ၇၀၀၀၀ ပဲ ပေးရတော့မယ်ဆိုရင် မိသားစုဝင်ငွေ နှစ်သိန်း လောက်ရှိရင်ပဲ အိမ်ဝယ်နိုင်တဲ့ အနေအထား ဖြစ်သွားမယ်။ အခု လောလောဆယ်က တစ်လကို အနည်းဆုံး လေးသိန်းလောက် ဝင်ငွေရှိတဲ့ မိသားစုတွေမှ ဝယ်နိုင်တာ၊ အဲဒီတော့ အဲလောက်မရှိတဲ့သူတွေ ဝယ်ယူနိုင်အောင် စဉ်းစားပေးရတာပေါ့။ နှစ် ၃၀ အထိ တိုးမြှင့်ပေးနိုင်ဖို့ လုပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။
ဝင်ငွေနည်း ပြည်သူများအတွက် နှစ်ရှည် အိမ်ရာချေးငွေစနစ်ဖြင့် ကျပ်သိန်း ၁၀၀ ဝန်းကျင်ရှိ တန်ဖိုးနည်းအိမ်ရာများ ဝယ်ယူခွင့်ရသူများ အတွက် အိမ်ခန်း တန်ဖိုးချေးငွေ ပြန်ဆပ်ရမည့် ကာလကို ယခင်က ရှစ်နှစ်အထိသာ ပေးထားသော်လည်း လက်ရှိအချိန်၌ ၁၀ နှစ်အထိ တိုးမြှင့်ပေးထားခြင်း ဖြစ်သည်။
လက်ရှိအချိန်၌ အစိုးရမှ ဆောက်လုပ်ရောင်းချသည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်နှင့် တန်ဖိုးမျှတအိမ်ရာများတွင်သာ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ကာ နှစ်ရှည်အိမ်ရာ ချေးငွေစနစ်ဖြင့် အိမ်ရာတိုက်ခန်းများ ဝယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရောင်းချမည့် တန်ဖိုးသင့်၊ တန်ဖိုးနည်းတိုက်ခန်း ဝယ်ယူခွင့်ရရှိ သူများသည် ငါးနှစ်အတွင်း လွှဲပြောင်း ရောင်းချခြင်း မပြုလုပ်ရဘဲ ငါးနှစ်ပြည့်ပြီး ရောင်းချလိုပါက မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေဦးစီးဌာနမှ သတ်မှတ်သော ဈေးနှုန်းဖြင့် ပြန်လည်ရောင်းချရမည် ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါ တန်ဖိုးသင့်နှင့် တန်ဖိုးနည်း တိုက်ခန်း ဝယ်ယူရန် လျှောက်ထားသူသည် အသက် ၂၅ နှစ်ပြည့်ပြီးသူ၊ အိမ်ပိုင်မရှိသူ ဖြစ်ရမည်ဖြစ်ကြောင်း၊ အိမ်ပိုင်ရှိသူများ တိုက်ခန်းရရှိပြီးသူများအား စိစစ်တွေ့ရှိပါက ဝယ်ယူခွင့် ပယ်ဖျက်၍ ပေးသွင်းထားသော တိုက်ခန်း တန်ဖိုး၏ ငါးရာခိုင်နှုန်းအား ဒဏ်ကြေးအဖြစ် ခုနှိမ်မည်ဖြစ်ပြီး ဝယ်ယူထားသော တိုက်ခန်းအား ပြန်လည်သိမ်းယူမည်ဟု သိရသည်။
Ref & Photo Credit : Eleven Media Group
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties