By Myanmar Times, Shweproperty.com
Updated at 25 April 2019
မရမ်းကုန်းမြို့နယ်အတွင်းရှိ မီးဘေးသင့်အိမ်ထောင်စုများအတွက် ပြန်လည်နေရာချထား ပေးရန် ဆောက်လုပ်နေသည့် သုခိတာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှာ ယခုနှစ်ကုန်တွင် အပြီးသတ်ရန်ဆောင်ရွက်မည်ဖြစ်ကြောင်း ဆန်းမြတ်ထွန်း ဆောက်လုပ်ရေးကုမ္ပဏီမှ စီမံကိန်း အင်ဂျင်နီယာမအေးမိုးသူက မြန်မာတိုင်း(မ်)ကို ပြောသည်။
စီမံကိန်းကို ခန့်မှန်းမြေ ဧက ဝ ဒသမ ၆ ဧက (၂၉ဝဝဝ စတုရန်းပေ) ပေါ်တွင် ဆောက်လုပ်နေခြင်းဖြစ်ပြီး စုစုပေါင်းငွေကျပ် ၁ ဒသမ ၅ ဘီလျံသုံးစွဲမည်ဖြစ်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဆန်းမြတ်ထွန်း ဆောက်လုပ်ရေးကုမ္ပဏီတို့မှ အကျိုးတူပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။
သုခိတာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို မရမ်းကုန်းမြို့နယ် အမှတ် (၆) ရပ်ကွက်၊ ဇေယျာခေမာ လမ်းသွယ်(၅)၌ ဆောက်လုပ်အကောင်အထည်ဖော်လျက်ရှိပြီး ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက မီးဘေးသင့်ခဲ့ရသော အိမ်ထောင်စု ၃၈ စုအတွက် ပြန်လည်နေရာချထားပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
အဆိုပါစီမံကိန်းတွင် တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာ အဆောက်အအုံခုနစ်လုံး ပါဝင်ပြီး လူနေအိမ်ခန်း စုစုပေါင်း ၉၀ ပါဝင်သည်။ ယင်းလူနေအိမ်ခန်းများအနက် မီးဘေးသင့် အိမ်ထောင်စုများအတွက် အိမ်ခန်း ၃၈ ခန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီသို့ အိမ်ခန်း ငါးခန်း ပြန်လည်ပေးအပ်ရမည်ဖြစ်ပြီး ကျန်အခန်းများမှာ ကုမ္ပဏီမှ ရောင်းချခွင့်ရှိသော အခန်းများဖြစ်ကြောင်း မအေးမိုးသူက ပြောသည်။
အဆောက်အအုံ ခုနစ်လုံးရှိသည့်အနက် လက်ရှိတွင် တန်ဖိုးနည်းအဆောက်အအုံ သုံးလုံးမှာ ပြီးစီးပြီဖြစ်ကာ မေလတွင် လူနေထိုင်နိုင်ရန် အခန်းအပ်နှံသွားမည်ဖြစ်ကြောင်း၊ နောက်ထပ် အဆောက်အအုံသုံးလုံးမှာ ဇူလိုင်လကုန်တွင် ၈၀ ရာခိုင်နှုန်း ပြီးစီးမည်ဖြစ် သည့်အတွက် သြဂုတ်လခန့်တွင် စတင်နေထိုင်နိုင်ပြီဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
နောက်ဆုံးကျန်ရှိသည့် လမ်းမမျက်နှာစာရှိ အကြီးဆုံးအဆောက်အအုံကို မေလဆန်း ပိုင်းတွင် စတင်တည်ဆောက်တော့မည်ဖြစ်ကာ အောက်တိုဘာလကုန်ခန့်တွင် ပြီးစီးနိုင်ရန် ဆောင်ရွက်နေသည်။
အခန်းအကျယ်အဝန်းများမှာ အနည်းဆုံး စတုရန်းပေ ၃၀ဝ မှ အများဆုံး စတုရန်းပေ ၆၂၉ ထိ ရှိပြီး ကုမ္ပဏီ မှရောင်းချခွင့်ရှိသောအခန်းများကို အနည်းဆုံး ငွေကျပ် သိန်း ၂၀ဝ မှစတင်ကာ အများဆုံး ငွေကျပ် သိန်း ၆၀ဝ အထိ အလွှာအလိုက် ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
Ref : Myanmar Times
Photo Credit : Mmbiztoday
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties