By Standard Time, Shweproperty.com
Updated at 23 October 2015
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် သုနန္ဒာလမ်းမနှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ရာဇသင်္ကြန်လမ်းတို့ကို ဆက်သွယ်ပြီး ငွေကျပ် (၆) ဘီလီယံ အကုန်အကျခံ တည်ဆောက်မည့် ငမိုးရိပ် (သုနန္ဒာ) တံတားအသစ်တည်ဆောက်ရေး စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် Myanmar V-Pile ကုမ္ပဏီလိမိတက်က စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
အရှည်
အဆိုပါတံတားမှာ ယာဉ်သွားလမ်းအကျယ်ဖွဲ့ စည်းထားပုံအရ နှစ်လမ်းသွား (အသွားအပြန်) မောင်းနှင်နိုင်မည် ဖြစ်ပြီး အကျယ် ၁၁ ဒသမ ၅ မီတာရှိမည်ဖြစ်ကာ တံတား၏ ဘေးလက်ရန်း (Barrier)အား ယာဉ်မတော်တခမှုများ ဖြစ်ပေါ်လာပါက လုံခြုံမှုရှိစေရေးအတွက် RCစနစ်ဖြင့် ဆောင်ရွက်ထားကြောင်း သိရသည်။ တံတားအရှည်မှာ ၁၅၆ စင်တီမီတာ ရှိမည်ဖြစ်ပြီး ချဉ်းကပ်တံတား တစ်ဖက်တစ်ချက်စီ အရှည်မီတာ (၆၀) စီရှိမည် ဖြစ်သည်။
ခံနိုင်ဝန်
တံတားသစ်၏ မော်တော်ယာဉ် တစ်စီးချင်း ခံနိုင်ဝန် အလေးချိန်မှာ (၇၅) တန် ခံနိုင်မည်ဖြစ်ပြီး တံတား၏တစ်ဖက်တစ်ချက်စီတွင် အကျယ်တစ်မီတာရှိ လူသွားလမ်း ပါဝင်မည် ဖြစ်သည်။ ထိုင်းနိုင်ငံမှ နည်းပညာဖြစ်သော Prestress Box Cross Beam ကိုအသုံးပြုကာ မြန်မာနိုင်ငံတွင် ပထမဆုံးတည်ဆောက်သွားမည်ဖြစ်သည့် သုနန္ဒာကြိုးတံတားနှင့် ကပ်လျက်တည်ဆောက်နေသော တံတားသစ်၏ အမျိုးအစားမှာ Structure အမျိုးအစားဖြစ်သည်။
ငမိုးရိပ် (သုနန္ဒာ) တံတားအသစ်တည်ဆောက်ရေး စီမံကိန်းဒါရိုက်တာ ဒေါ်စိုးစိုးတင်က "ရေလယ်တိုင်တွေ ဆောင်ရွက်ရင်တော့အခက်အခဲရှိမယ် မရှိဘူး မသိရသေးဘူး။ အဓိကကတော့ ဒီတံတားမှာ သင်္ဘောတွေ သွားရလာရ လွယ်ကူအောင် ရေလယ်ခန်းဖွင့် အကျယ်ကို မီတာ (၂၀) ရှိအောင် ဆောင်ရွက်လို့ ရပေမယ့် မီတာ (၆၀) ပုံစံဒီဇိုင်းဆွဲပြီး တည်ဆောက်ဆောင်ရွက်သွားမှာပါ။ ဒါကြောင့် Cross Bean ကိုလည်း အကြီးကြီးလုပ်ရတယ် ဆိုတာကလည်း ပုံမှန်နည်းပညာမဟုတ်ပါဘူး။ နည်းပညာအသစ်သုံးရတယ်ဆိုတာ ကလည်း ဒီခန်းဖွင့်က ကျယ်နေလို့။ ဒီလိုနည်းပညာမျိုး မြန်မာနိုင်ငံမှာ ပြန့်ပွားစေချင်တယ်။ ပြီးတော့ မြောက်ဒဂုံမြို့နယ်က လူတွေက မြောက်ဥက္ကလာပ စက်မှုဇုန်ဘက်အလုပ်သွားလုပ် ကြတာကို နေ့စဉ်နဲ့အမျှ ထောင်ချီ မြင်တွေ့နေရပါတယ်။ ကြိုးတံတားလေးကို အသုံးပြုပြီး စက်ဘီး၊ ဆိုက်ကားတွေနဲ့ ခက်ခက်ခဲခဲ သွားနေရတာပါ။ ဒီတံတားသစ် ပြီးသွားရင်တော့ ကား၊ဆိုင်ကယ်၊ ဆိုက်ကားတွေ မောင်းနှင်နိုင်ကြပြီ ဆိုတော့ သူတို့အတွက် အများကြီး အကျိုးရှိလာမှာပါ"ဟုရှင်းပြခဲ့သည်။
Ref : Standard Time
Photo Credit : Standard Time
Posted By :Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties