By Myanmar Times, Shweproperty.com
Updated at 1 September 2015
လူဦးရေ တိုးတက်များပြားလာသော မြို့ပြဒေသများအတွက် ယင်းနှင့်ကိုက်ညီသော အခြေခံ အဆောက်အအုံများ၊ အများပြည်သူနှင့်ဆိုင်သော နေရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် မြို့ပြစီမံကိန်းပုံစံသစ်များကို ရေးဆွဲလျက်ရှိရာ လက်ရှိအချိန်အထိ မြို့ပေါင်း ၅၆ မြို့၏ မြို့ပြစီမံကိန်းပုံစံသစ်များကို ပြန်လည်ရေးဆွဲပြီးဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က ပြောသည်။
မြို့ပြဒေသများသို့ ပြောင်းရွှေ့အခြေချမှု များပြားနေသည့်အတွက် ရှိရင်းစွဲမြို့များ၏ မြို့ကွက်ပုံစံများ အတွင်း နေအိမ် အဆောက် အအုံများကို စနစ်တကျ နေရာချထားပေးနိုင် ရန်နှင့် တိုးပွားလာသော လူဦးရေအချိုးအဆအရ လိုအပ်နေသော အခြေခံအဆောက်အအုံများကို တိုးချဲ့ တည်ဆောက်နိုင်စေရန် မြို့ပြပုံစံသစ်များကို ပြန်လည်ရေးဆွဲနေခြင်း ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။ ထိုသို့ မြို့ပြပုံစံသစ်များပြန်လည် ရေးဆွဲခြင်းကို ၂၀၁၂ ခုနှစ်က စတင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် မြို့ပေါင်း ၂၀ အတွက် စီမံကိန်းပုံစံများကို ပြီးစီးအောင်ရေးဆွဲသွားမည်ဖြစ်ကြောင်း မြို့ပြစီမံကိန်းရေးဆွဲလျက်ရှိသော ဆောက်လုပ်ရေးဝန်ကြီးဌာန ပညာရှင်များက ပြောသည်။
"မြို့ပြစီမံကိန်းရေးဆွဲခြင်းကို မြို့ပေါင်း ၅၆ မြို့မှာ ရေးဆွဲပြီးပါပြီ။ ဒီနှစ်ထဲမှာ နောက်ထပ် မြို့ပေါင်း ၂၀ လောက်ကို ထပ်ပြီးရေးဆွဲသွား မှာ ဖြစ်ပါတယ်။ တစ်နှစ်ကို မြို့ပေါင်း နှစ်ဆယ်လောက် စီမံကိန်းရေးဆွဲနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ပုံမှန်မြို့တွေအတွက် စီမံကိန်းရေးဆွဲတာအပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေက တချို့မြို့တွေကို မြို့ပြ စီမံကိန်း ရေးဆွဲဖို့ တင်ပြလာရင် လည်း သူတို့တင်ပြ လာတဲ့မြို့တွေကို ဦးစားပေးရေးဆွဲပေးနေပါ တယ်" ဟု ဒေါ်အေးအေးမြင့်က ပြောသည်။ မြန်မာနိုင်ငံတွင် မြို့ပေါင်း ၃၇၆ မြို့နှင့် ကျေးရွာပေါင်း ၆၄,၈၁၇ ရှိကာ မြို့ပြစီမံကိန်း ပုံစံရေးဆွဲခြင်းကို လူဦးရေ ၁၀၀,၀၀၀ နှင့် အထက်ရှိသော ခရိုင်မြို့ကြီးများအတွက် ဦးစား ပေးရေးဆွဲနေပြီး အခြားမြို့နယ်များ အတွက်လည်း အဆင့်လိုက် ပြန်လည်ရေးဆွဲသွားမည်ဖြစ်ပြီး စနစ်ကျသည့် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများနှင့် စီးပွားရေး၊ လူမှုရေး ပိုမိုဖွံ့ဖြိုး တိုးတက်စေရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည့် အဆောက်အအုံ များ၊ မြို့ပြနေသူများ အပန်းဖြေနိုင်မည့် ပန်းခြံ များ၊ ရုပ်ရှင်ရုံများအပြင် အခြေခံအဆောက်အအုံများအတွက်ပါ စနစ်တကျနေရာချထားပေးနိုင်မည့် မြို့ကွက်ပုံစံ သစ်များဖြစ်ပေါ်လာ စေရန် ပြန်လည်ရေး ဆွဲခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
အာရှဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၃ ခုနှစ်အတွင်း ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ နှစ်စဉ် လူဦးရေ ၁ ဒသမ ၃ ရာခိုင်နှုန်း တိုးတက် လျက်ရှိသည့်အပြင် အလုပ်အကိုင်အခွင့် အလမ်းများကြောင့် မြို့ပြဒေသသို့ ပြောင်းရွှေ့ အခြေချမှု တဖြည်းဖြည်းများပြားနေသည့် အတွက် မြို့များ၏တည်ဆောက်မှုပုံသဏ္ဌာန် များကို ပြန်လည်ပြုပြင်ရေးဆွဲရန် လိုအပ်လျက် ရှိသည်။
နယ်မြို့များတွင် ယခင်က အများပြည်သူ အပန်းဖြေပန်းခြံများ၊ ရုပ်ရှင်ရုံများအဖြစ် တည်ရှိသော အများနှင့်သက်ဆိုင်သောနေရာ များ တဖြည်းဖြည်း ကွယ်ပျောက်ကာ စီးပွား ရေးဆိုင်ရာ အဆောက်အအုံများအဖြစ် ပြောင်းလဲလုပ်ကိုင်လာခဲ့ကြသည့်အတွက် ယခုပြန်လည် ရေးဆွဲနေသည့် မြို့ပြစီမံကိန်းပုံစံသစ်များတွင် ပန်းခြံများ၊ ရုပ်ရှင်ရုံများနှင့် ဇာတ်စင်များအပြင် အများပြည်သူအပန်းဖြေနိုင်မည့် ကစားကွင်းများကိုပါ ထည့်သွင်းရေးဆွဲရန် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ညွှန်ကြားထားကြောင်း နိုင်ငံတော်သမ္မတနှင့် အနုပညာရှင်များ တွေ့ဆုံပွဲတွင် သမ္မတ ဦးသိန်းစိန်က ပြောသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties