အရောင်းအဝယ်စာချုပ် ချုပ်ဆိုကြရာတွင် သဘောတူစာချုပ် ချုပ်ဆိုရသည်များ ရှိပါသည်။ သဘောတူ ကတိ စာချုပ်၏ သဘောမှာ အရောင်းအဝယ် စာချုပ်ကြီး ပြုလုပ်ချုပ်ဆိုနိုင်ရန် နှစ်ဦးနှစ်ဘက် သဘောတူကြသည့် အချက်များကို ကတိပြုချပ်ဆိုသော စာချုပ်တစ်ရပ် ဖြစ်ပါသည်။ စည်းကမ်းချက်များ၊ ဝန်ခံချက်များ ၊ သဘောတူ ချက်များအပြင် စရန်ငွေပေးသည့် အချက်များလည်း ပါဝင်တတ်ပါသည်။

   သဘောတူကတိစာချုပ်နောက်ပိုင်းတွင် အရောင်းအဝယ်စာချုပ်ကြီး ပြုလုပ်ချုပ်ဆိုကြရပါသည်။ ထိုသို့ အရောင်းအဝယ်စာချုပ်ကြီး ပြုလုပ်ချုပ်ဆိုချိန်တွင် များသောအားဖြင့် ပစ္စည်းကို ဝယ်ယူသို့ လက်ရောက် အပြီး ပေးအပ်လေ့ရှိပြီး ရောင်းသူသို့လည်း ငွေအပြေအကျေ အပြီးပေးချေလေ့ရှိပါသည်။

အရောင်းအဝယ်စာချုပ်ကြီးကို သက်ဆိုင်ရာ စာချုပ်စာတမ်းများ၊ မှတ်ပုံတင်ရုံးတွင် သွားရောက် ချုပ်ဆို မှတ်ပုံ တင်ကြရပါသည်။ အဆိုပါ မှတ်ပုံတင် စာချုပ် ပြုလုပ်ချုပ်ဆိုခြင်းကို ရေစစ္စရီ စာချုပ်ကြီး ပြုလုပ်ချုပ်ဆိုသည်ဟူ၍ ယခင်က ခေါ်ဝေါ်သုံးနှုန်းခဲ့ကြပါသည်။

   အရောင်းအဝယ်ပြုကြသူများသည် ရေစစ္စရီမှတ်ပုံတင် အရောင်းအဝယ်စာချုပ်ကြီး ပြုလုပ်ချုပ်ဆိုရာတွင် အရောင်းအဝယ် ကတိစာချုပ်တွင် ဖော်ပြချုပ်ဆိုသော ငွေတန်ဖိုးအတိုင်း ချုပ်ဆိုခြင်း မပြုကြဘဲ တန်ဖိုးလျော့ နည်း၍ ပြကာ ချုပ်ဆိုတတ်ကြပါသည်။



  ဥပမာ - အရောင်းအဝယ် သဘောတူစာချုပ်တွင် မြေကွက်ကို ကျပ်သိန်းတစ်ရာဖြင့် အမှတ်တကယ် ရောင်း ဝယ်သည်ဖြစ်ပြီး  ထိုအတိုင်း ဖော်ပြကာ သိန်းတစ်ရာ ငွေချေသော်လည်း ရေစစ္စရီ အရောင်းအဝယ်စာချုပ်ကြီး ချုပ်ဆိုသော အခါတွင် စာချုပ်တွင် ငွေကျပ် သိန်းငါးဆယ်သာ ဖော်ပြ၍ အမှန်တကယ် အရောင်းအဝယ်ပြုသော တန်ဖိုးထက် လျော့နည်းပြသ ချုပ်ဆိုတတ်ကြပါသည်။ ဤသည်မှာ ရောင်းသူနှင့်ဝယ်သူ နှစ်ဦးနှစ်ဖက် နားလည် မှုပြုကြခြင်း ဖြစ်ပါသည်။ ထိုသို့ပြုခြင်းမှာ အမြတ်တော်ကြေး သက်သာစေရန်ဟု ယူဆတတ်ကြပါသည်။

သဘောတူ ကတိစာချုပ် ချုပ်ဆိုရာတွင် တန်ဖိုး သိန်းတစ်ရာနှင့် ရောင်းဝယ်သည်ဟူ၍ ဖော်ပြပါရှိနေပြီး ရေစစ္စရီ စာချုပ်ကြီးတွင်မူ တန်ဖိုး သိန်းငါးဆယ်နှင့် ရောင်းဝယ်သည်ဟူ၍ ဖော်ပြပါရှိနေပါသည်။ အရောင်းအဝယ် တစ်ခု အတွက် စာချုပ်နှစ်မျိုး ၊ တန်ဖိုးနှစ်မျိုး ဖြစ်ပေါ်၍နေပါသည်။

    မရှင်းမလင်းပြုတတ်သော ကိစ္စများတွင် အကင်း မသေက နောက်ပိုင်း မရှင်းမရှင်း ဖြစ်တတ်လေ့ရှိပါသည်။ ရောင်းသူနှင့် ဝယ်သူကြားတွင်လည်း ပြဿနာများ ဖြစ်ပေါ်နိုင်ပြီး သက်ဆိုင်ရာ၏ ညွှန်းကြားချက်များနှင့်လည်း အငြိအစွန်းဖြစ်ကာ ပြဿနာများဖြစ်ပေါ်နိုင်သည်။ ပွဲခ မရလိုက်သော ပွဲစား၏ အတို့အထောင်ပြုမှုကြောင့် လည်း ပြဿများ ဖြစ်ပေါ်နိုင်သည်။ သို့ပါ၍ မှန်မှန်ကန်ကန် ဆင်ဆင်ခြင်ခြင် ချုပ်ဆိုကြသင့်ကြောင်း တင်ပြရပေသည်။

(စာညွှန်း - ဦးကျော်ဇေယျ၊ စာချုပ်ချုပ်ဆိုမည်ဆိုလျှင် ဆောင်ရန်နှင့်ရှောင်ရန်များ ၊ စာ ၇၉ )