By Sint Sint, Shweproperty.com
Updated at 21 August 2020
ထိုင်း-မြန်မာနယ်စပ်မြဝတီမြို့တွင် ဒေါ်လာ ၁၅ ဘီလီယံရင်းနှီးမြှုပ်နှံမှုဖြင့် ဖော်ဆောင်မည့် ရွှေကုက္ကိုမြို့သစ်စီမံကိန်းသည် စည်းကမ်းတကျ ခွင့်ပြုဆောင်ရွက်ခဲ့ခြင်းမရှိသဖြင့် အစကတည်းက အငြင်း ပွားဖွယ်ရာ ဖြစ်သည်။
စတုရန်းကီလိုမီတာ ၁၂ဝ ကျယ်ဝန်းသည့် ရွှေကုက္ကိုမြို့သစ်တွင် အပန်းဖြေဧရိယာများ၊ စီးပွားရေးရပ်ကွက်များ စသဖြင့် သူ့နေရာနှင့်သူ အကွက်ဖော်မည်ဖြစ်ကြောင်း ဟောင်ကောင်အခြေစိုက် Yatai International Holding Group ၏ ဝက်ဘ်ဆိုဒ်စာမျက်နှာမှ သိရသည်။သို့သော် မူလခွင့်ပြုမိန့်သည် ဝ ဒသမ ၁ စတုရန်းကီလိုမီတာသာ ကျယ်ဝန်းသော အဆင့်မြင့်အိမ်ရာတခုမျှသာ ဖြစ်သည်။
ဒေသသတင်းများအရ ၂ဝ၁၉ ခုနှစ် မှစ၍ ရွှေကုက္ကိုတွင် ကာစီနိုများဖွင့်လှစ်လာကြပြီး တရုတ်နှင့် ကမ္ဘောဒီးယားမှ နှင်ထုတ်ခံရသည့် အွန်လိုင်းလောင်းကစား လုပ်ကိုင်သူများ အခြေချဝင်ရောက်လာကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါ စီမံကိန်းကိုစုံခုံဖွဲ့၍ စစ်ဆေးမည်ဟု ပြီးခဲ့သည် ဇွန်လအတွင်းက ထုတ်ဖော်ပြောဆိုထားသည်။ မြဝတီဒေသခံများကလည်း တရုတ်လူမျိုးများ အလုံးအရင်းနှင့်ဝင် ရောက်လာသည့်အပေါ် စိုးရိမ်မကင်းဖြစ် သည့်အပြင် စီမံကိန်းလုပ်သားများမှာလည်း တရုတ်လုပ်သားအများစုဖြစ်သဖြင့် ဒေသကို အကျိုးမပြုကြောင်း ပြောဆိုကြသည်။
Yatai ဝက်ဘ်ဆိုဒ်စာမျက်နှာ၏ ဖော်ပြချက်အရ ရွှေကုက္ကိုစီမံကိန်းသည် အာရှတိုက်တခွင် ရေလမ်း၊ ကုန်းလမ်းများ ကိုဖြတ်၍ ဆက်သွယ်မည့် ၂၁ ရာစု ပိုး လမ်းမ(ခေါ်) ခါးပတ်လမ်း ကုန်သွယ်ရေး လမ်းကြောင်း စီမံကိန်းကြီး၏ အစိတ်အပိုင်းတခုဖြစ်သည်ဟု ဆိုထားသည်။
သို့သော် တရုတ်ပြည်မကြီး အစိုးရက ထိုအချက်ကို ငြင်းဆန်ထားပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးချန်ဟိုင်းကလည်း ရွှေကုက္ကိုစီမံကိန်းသည် ခါးပတ်လမ်း စီမံကိန်းနှင့်မသက်ဆိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇူလိုင်လ အတွင်းတွေ့ဆုံစဉ်တွင် ပြောကြားခဲ့သည်။
ရွှေကုက္ကိုစီမံကိန်းသည် ခွင့်ပြုဧရိယာထက် ကျော်လွန်လုပ်ဆောင်နေသည် ဆိုသည့်အချက်ကို Yatai စီးပွားရေးလုပ် ငန်းစု၏ ကိုယ်စားလှယ်တဦးက Frontier သတင်းဌာနနှင့်အင်တာဗျူးတွင် ဝန်ခံပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် ခွင့်ပြုမိန့်အသစ်များတင်ထားကြောင်း ၎င်းကိုယ်စားလှယ်က ပြောဆိုခဲ့သည်။
ရွှေကုက္ကိုရှိရာ မြဝတီသည် လက်နက်ကိုင်အဖွဲ့စုံရှိသည့် အညိုရောင်နယ်မြေသဖွယ်ဖြစ်သဖြင့် Yatai လုပ်ငန်းစုက ရင်းနှီးမြှုပ်နှံမှုစည်းမျည်းစည်းကမ်းများကို အလေးမထားဘဲစိတ်ထင်သလို လုပ်ခဲ့ဟန်ရှိပါသည်။
Yatai ၏ ဒေသခံမိတ်ဖက် ကုမ္ပဏီ မှာ ကရင်လက်နက်ကိုင်အဖွဲ့တခုနှင့် ဆက်စပ်မှုရှိ၍ အချို့ကိစ္စရပ်များတွင် တပ်မတော်နှင့် ဗဟိုအစိုးရက ဝင်မစွက်နိုင်သည့် အနေအထားဖြစ်သည်။
မြန်မာ့တပ်မတော်နှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များအကြား မကြာလှသေး သည့်နှစ်များအတွင်း တိုက်ပွဲများ ဖြစ်ပွား ခဲ့ရာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းအနီးတွင် မြို့သစ်ကြီး ၃ ခုထွက်ပေါ်လာရန်ရှိကြောင်း၊ တရားဝင်ခွင့်ပြုထားခြင်းမရှိသော်လည်း ယနေ့ထိုနေရာတွင် ဟိုတယ်၊ ကာစီနိုနှင့် ကွန်ဒိုတိုက်ခန်းများ ပေါ်ထွန်းလာနေပြီး လုပ်ငန်းများကိုပိုင်ဆိုင် လုပ်ကိုင်နေသူများမှာ နောက်ကြောင်းမရှင်းသည့် တရုတ်စီးပွားရေးလုပ်ငန်းစုများဖြစ်ပြီး အဆိုပါဒေသကို ထိန်းချုပ်ထားသည့် ပြည်တွင်းလက်နက်ကိုင်အဖွဲ့များ၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း မကြာသေးမီကမှ ထုတ်ပြန်ခဲ့သည့် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု၏ လေ့လာချက်တွင် ဖော်ပြထားသည်။
”အပစ်ရပ်သဘောတူညီမှုမှာ အကျိုးစီးပွားအာမခံချက်ဆိုတာပါဝင်တယ်ဗျ”ဟု တပ်မတော်သတင်းရင်းမြစ် တခုက ပြောသည်။
သို့သော် ရွှေကုက္ကိုနှင့်ပတ်သက်၍ မကောင်းသတင်းများ မကြာခဏ ထွက်ပေါ်လာခြင်းကြောင့် အစိုးရအပေါ် တွန်းအားသက်ရောက်နေသည်။
မြန်မာနိုင်ငံသည် အာဏာရှင်အစိုးရက တိုင်းပြည်ဘဏ္ဍာရင်းမြစ်များကို စိတ်ထင်သလို လုယက်သိမ်းပိုက်ခဲ့သည့် ”မင်းမဲ့စရိုက်အာဏာရှင်တို့၏ အရင်းရှင်စနစ်”ကြီးစိုးခဲ့ရာမြေဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်၏ မြေးဖြစ်သူ သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက ဆိုပါသည်။ ယခုလည်း ခရိုနီများ၊ စစ်တပ် အသိုင်းအဝိုင်းနှင့် လက်နက်ကိုင်များ၏ လက်ဝယ်တွင်ရှိသည့် သဘာဝရင်းမြစ်တူး ဖော်ရေးစီမံကိန်းများ၊ အိမ်ခြံမြေဖွံ့ဖြိုးတိုး တက်မှုစီမံကိန်းလုပ်ကိုင်ခွင့်များကို ကြည့်မည်ဆိုလျှင် ထိုစရိုက်လက္ခဏာဆိုး၊ အမွေဆိုးများဆက်ရှိနေသည်ဟု ဆိုနိုင်ပါသည်။
စည်းကမ်းဥပဒေလျော့ရဲခြင်းက နိုင်ငံခြားကုမ္ပဏီများအတွက် မိတ်ဖက်လုပ်ကိုင်ရန် ပြည်တွင်းလုပ်ငန်းများကို ရှာဖွေရာတွင် ခေါင်းခဲစေသည်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်ရန်အတွက် ဥပဒေများ ခိုင်မာအားကောင်းသောစီးပွားရေးဝန်ကျင်တခု ဖန်တီးရန် အလွန်အရေးကြီးနေပါသည်။
Credit : News Watch
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties