By Eleven Media Group, Shweproperty.com
Updated at 24 December 2015
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စစ်မှုထမ်းဟောင်းများ၊ ပင်စင်စားများအား မြေကွက်များ၊ တိုက်ခန်းများချပေးမည်ဟု ဆို၍ ယင်းအတွက် လျှောက်ထားသူ သောင်းဂဏန်းအထိ ရှိနေကြောင်း စုံစမ်းသိရသည်။
ယင်းသို့ လျှောက်ထားသူအနက် စစ်မှုထမ်းဟောင်းများ အများဆုံးဖြစ်ပြီး ပင်စင်စားများလည်း ပါဝင်နေကြောင်း၊ ဒီဇင်ဘာ ၁၄ ရက်မှ စတင်ကာ လျှောက်ထားခဲ့ကြခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၂ ရက်အထိ လျှောက်ထားသူ သောင်းဂဏန်းအထိ ရှိနေခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၃ ရက်တွင်မူ စာတိုက်မှတစ်ဆင့် လျှောက်ထားသူများလည်း ရှိခဲ့ကြောင်း သိရသည်။
“ဒီနေ့ လာလျှောက်တာ လျှောက်လွှာလက်မခံတော့ဘူး ပြောတယ်။ လျှောက်လွှာက မနေ့က နောက်ဆုံးတဲ့။ သက်ဆိုင်ရာမြို့နယ် စာတိုက်ကနေတစ်ဆင့် ပို့ပါတဲ့။ အငြိမ်းစားဆိုတော့ အစိုးရက ချပေးတဲ့ မြေကွက်လေး ဈေးနည်းနည်းနဲ့ ရသော်ရငြား လာလျှောက်တာပါ။ အခြားသူတွေလည်း လာလျှောက်ကြတော့ ကိုယ်လည်း လျှောက်ဖြစ်တာ” ဟု ဒီဇင်ဘာ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ လာရောက် လျှောက်ထားခဲ့သူ အငြိမ်းစားဝန်ထမ်းတစ်ဦးက ပြောကြားသည်။
ယင်းသို့ မြေကွက်များချပေးမည့် အစီအစဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဆက်သွယ်ခဲ့ရာတွင် ယင်းသို့ မြေကွက်များ ရောင်းချပေးရန် ကြေညာခဲ့ခြင်း မရှိကြောင်း၊ ရွှေပြည်သာရှိ တန်ဖိုးနည်းအိမ်ရာအခန်းများကို အနည်းဆုံး ကျပ် ၁၀၉ သိန်းဖြင့် ရောင်းချမည်ဟုသာ အစိုးရသတင်းစာများမှ တစ်ဆင့် ကြေညာခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့နောက် ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြေကွက်များ၊ တိုက်ခန်းများကို စစ်မှုထမ်းဟောင်းများ၊ ပင်စင်စားများကို ချပေးမည်ဟုဆိုကာ သတင်းများ ပျံ့နှံ့ခဲ့ခြင်း ဖြစ်ပြီး လာရောက်လျှောက်ထားသူ သောင်းနှင့်ချီ၍ ရှိခဲ့ခြင်းကြောင့် ရှင်းပြ၍မရတော့ဘဲ လျှောက်လွှာများကို လက်ခံခဲ့ရကြောင်း သိရသည်။
“လျှောက်လွှာတွေ လက်ခံခဲ့ပါတယ်။ အမှန်တကယ် မချပေးဘူးဆိုလည်း လက်ခံမှာ မဟုတ်ဘူးလေ”ဟု လာရောက်လျှောက်ထားသူ အငြိမ်းစားဝန်ထမ်းတစ်ဦးကလည်း ဆိုသည်။ ယင်းသို့ လက်ခံထားသည့် လျှောက်လွှာများကို မည်သို့လုပ်ရမည်ကို မသိရှိရသေးဘဲ အထက်သို့သာ ဆက်လက်တင်ပြသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆောက်လုပ်သည့် ရွှေပြည်သာမြို့နယ် စက်မှုလမ်းနှင့် ပိတောက်လမ်းထောင့်ရှိ ရှစ်ခန်းတွဲ ခြောက်ထပ်တိုက် RC အဆောက်အအုံ လေးလုံး စတုရန်းပေ ၄၉၀ (၁၄ ပေ x ၃၅ ပေ) ရှိ သည့် အခန်း ၁၉၂ ခန်းအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ရောင်းချရန် ကြေညာခဲ့ခြင်းဖြစ်ပြီး ခြောက်လွှာတစ်ခန်းအား ခြောက်လွှာအခန်း တစ်ခန်းလျှင် ကျပ် ၁၀၉ သိန်း၊ ငါးလွှာတစ်ခန်းလျှင် ကျပ် ၁၂၂ သိန်း၊ လေးလွှာတစ်ခန်း လျှင် ကျပ် ၁၃၃ သိန်း၊ သုံးလွှာ တစ်ခန်းလျှင် ၁၄၄ သိန်း၊ နှစ်လွှာတစ်ခန်းလျှင် ၁၅၄ သိန်း နှင့် မြေညီထပ် တစ်ခန်းလျှင် ကျပ် ၁၇၄ သိန်းဖြင့် ရောင်းချမည်ဟု ကြေညာခဲ့သည်။
ယင်းအခန်းများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် မဲနှိုက်ရောင်းချမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ စာပေးစာယူဌာနသို့ နောက်ဆုံးထား၍ လျှောက်ထား တင်သွင်းရမည်ဖြစ်ကြောင်း၊ အဆိုပါတိုက်ခန်းများကို နိုင်ငံတော်မှ တိုက်ခန်း၊ မြေကွက်ရရှိပြီးသူများ လျှောက်ထားခွင့်မရှိကြောင်းနှင့် ရောင်းချမည့် တိုက်ခန်းအရေအတွက်ထက် လျှောက်ထားသူ အရေအတွက် များပြားပါက မဲစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
Ref : Eleven Media Group
Photo Credit : EMG
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties