By Kamayut Media, Shweproperty.com
Updated at 29 June 2015
ရန်ကုန်မြို့မှာ လူနေသိပ်သည်းဆများပြားလာမှု၊ ပြောင်းလဲလာတဲ့ နေထိုင်မှုစနစ်တွေနဲ့အတူ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ တိုက်ခန်းအပေးအယူစနစ်နဲ့ ကန်ထရိုက်တိုက်ဆောက်လုပ်မှုဟာလည်း နှစ်အနည်းငယ်အတွင်း ခေတ်စားလာခဲ့ပါတယ်။ ဒီလိုဆောက်လုပ်မှုတွေထဲမှာ တရားမဝင် ကန်ထရိုက်တိုက် ဆောက်လုပ်မှုတွေဟာ သင်္ဃန်းကျွန်းမြို့နယ်မှာ နေ့စဉ်နဲ့အမျှ တိုးပွားနေတယ်လို ဒေသခံတွေက ပြောဆိုပါတယ်။ မြေပိုင်ရှင်၊ ကန်ထရိုက်၊ အုပ်ချုပ်ရေးမှူးနဲ့ စည်ပင်တို့ အကျိုးတူပူးပေါင်းမှုတွေကြောင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်း တရားမဝင်ကန်ထရိုက်တိုက်ပေါင်း ၈ဝဝ ကျော်အထိရှိလာပြီး လူမိုက်ငှားရမ်း ဆောက်လုပ်မှုတွေပါ ရှိလာပေမယ့် ဖြေရှင်းပေးမှုတွေလည်း မရှိဘူးလို့ ဒေသခံ ကိုကျော်ကျော်က ပြောပါတယ်။ တိုက်တစ်လုံးဆောက်တိုင်း လမ်းတွေ၊ မြောင်းတွေ ပိတ်ဆို့ပြီး ဘေးပတ်ဝန်းကျင်ကိုလည်း ထည့်မတွက်ကြတာကြောင့် မီးရေးအတွက် မီးသတ်ကားဝင်ဖို့တောင် အဆင်မပြေတော့သလို တိုက်ခန်းပြီးဖို့သာ ခေါင်းထဲရှိတဲ့ တရားမဝင်ကန်ထရိုက်တွေဟာ စည်ပင်ရဲ့ စစ်ဆေးမှုလည်း မရှိတာမို့ လုပ်ချင်သလို လုပ်နေကြတယ်လို့ ဆိုပါတယ်။ စည်ပင်ခွင့်ပြုချက်မရှိတဲ့ တရားမဝင်ကန်ထရိုက်တွေကို စည်ပင်က တရားမဝင်ကြောင်း ဆိုင်းဘုတ်အနီတွေ လာကပ်ပေမယ့် ပြန်ဖြုတ်ချပြီး ဆက်ဆောက်နေတာတွေ လမ်းထဲမှာ အများကြီးရှိနေလို့ ခြံရှေ့မှာ လမ်းပေါက်တောင်မရှိတော့အောင် တရားမဝင် ပိတ်ဆောက်တာတွေ ခံနေရတယ်လို့ မချိုချိုစန်းက ပြောပါတယ်။ အထက်အမိန့်ကို အကြောင်းပြပြီး ကျူးကျော်ဆိုင်ခန်းတွေပါ ခြံရှေ့ပိတ်ဆို့ ဆောက်လုပ်လာတာကြောင့် စည်ပင်နဲ့ အုပ်ချုပ်ရေးမှူးကို တိုင်တန်းရင်လည်း အော်ဟစ်ပြောဆိုပြီးပြန်ခိုင်းသလို အရာရာ ငွေရှိရင် အဆင်ပြေတယ်ဆိုတဲ့ မင်းမဲ့စရိုက်တွေကို သက်ဆိုင်ရာ ဘယ်ဌာနကမှ အရေးမယူကြဘူးလို့ ဆိုလာသူကတော့ မစန္ဒာမျိုးပါ။ မြေပိုင်ရှင်တွေနဲ့ ပူးပေါင်းပြီး တစ်နှစ်အပြီး တိုက်ခန်းဆောက်လုပ်မှုတွေကို စည်ပင်ဥပဒေအရ ဒဏ်ငွေသတ်မှတ်ထားတာရှိပေမယ့် တရားမဝင်ကန်ထရိုက်တွေဟာ တစ်ရက်ကို ဒဏ်ငွေတစ်သောင်းပေးပြီး ဆောက်လုပ်နေကြတယ်လို့ ဒေသခံ ဦးညီက ပြောပြပါတယ်။ တရားမဝင်ကန်ထရိုက်တွေကို အစိုးရရဲ့ သက်ဆိုင်ရာဌာနတွေက ထိထိရောက်ရောက် အရေးယူတာမျိုးမရှိဘဲ လျော့ရဲရဲ ကိုင်တွယ်နေမယ်ဆိုရင်တော့ ရပ်ကွက်နေပြည်သူတွေရဲ့ မကျေနပ်မှုတွေဟာ ပိုမိုများပြားလာပြီး ပြဿနာတွေ တစ်စထက်တစ်စ ကြီးထွားလာဖို့ ရှိနေပြီ။ Ref : Kamayut Media Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties