By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 25 July 2018
ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းကျင်းပသည့် အိမ်ရာဘဏ္ဍာရေးဈေးကွက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ(၂၃)ရက်နေ့၊ နံနက်(၁၀)နာရီက ရန်ကုန်မြို့ရှိ ချာထရီယံဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်က အမှာစကားပြောရာတွင် ကမ္ဘာကြီးတွင် မြို့ပြဖွံ့ဖြိုးတိုးတက်လာမှုနှုန်းသည် အရှိန်အဟုန်နှင့် ဖြစ်လာနိုင်သည်ဟု ကုလသမဂ္ဂမှ စစ်တမ်းများရှိကြောင်း၊ နိုင်ငံ့လူဦးရေ (၃၀)ရာခိုင်နှုန်းခန့်မှာ မြို့ပြတွင် လာရောက်နေထိုင်လျှက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း မြို့ပြကို လာရောက်နေထိုင်မှုနှုန်း တိုးပွားလာကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများကြောင့် ရန်ကုန်မြို့တော်သို့ ပြောင်းရွှေ့နေထိုင်သူများပြားလာကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါကိစ္စရပ်များကြောင့် အစိုးရအဖွှဲ့မှ ရန်ကုန်မြို့တော်ကြီး၏ ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်ကဆောင်ရွက်နေသလို ရန်ကုန်မြို့ကိုပြင်ပမှ ဝိုင်းရံထားသည့် စည်ပင်သာယာနယ်နိမိတ်ပြင်ပမှ (၁၁) မြို့နယ်ကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားဖို့ စီစဉ်နေတယ်လို့ ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိရန်ကုန်မြို့ရှိအိမ်ခြံမြေဈေးကွက်နှင့်ပတ်သတ်ပြီး "တိုက်ခန်းတွေရောင်းမကောင်းဘူးလို့ လူတွေကပြောနေပေမယ့် တိုက်ခန်းလိုအပ်နေတဲ့သူတွေ သိန်းနဲ့ချီရှိနေတဲ့ ဈေးကွက်ကြီးတစ်ခု ဖြစ်ပါတယ်။
ဒီဥစ္စာကိုစနစ်တကျ တည်ဆောက်ပေးနိုင်မယ်ဆိုရင် ဒီဈေးကွက်ဟာ လာရောက်ရင်းနှီးမြုပ်နှံတဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေအတွက်ရော ပြည်တွင်းက လုပ်ငန်းရှင်တွေအတွက်ရော အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ နေထိုင်နေတဲ့ အိမ်ရာမရှိတဲ့သူတွေအတွက်လည်း အခွင့်အလမ်းကောင်းဖြစ်ပါတယ်။
ဒါကြောင့် အိမ်ရာတွေကို စီမံပေးနိုင်ဖို့ ငွေရေးကြေးရေးကဏ္ဍတစ်ခုကို စနစ်တကျလုပ်ပေးနိုင်ဖို့၊ နောက်တစ်ခုက ဥပဒေနဲ့အညီ အိမ်ရာတွေကို ထိန်းသိမ်းနိုင်ဖို့ မူဝါဒတွေနဲ့အညီ ကျွန်တော်တို့ရဲ့မြို့ပြကို တည်ဆောက်သွားနိုင်ဖို့ ဖြစ်ပါတယ်" ဟု ဝန်ကြီးချုပ်က ပြောသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အာရှဖွံ့ဖြိုးရေးဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Newin Sinsiri၊ ပြည်တွင်း၊ ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက်ခဲ့ပြီး မြန်မာ့အိမ်ရာဘဏ္ဍာရေးဈေးကွက်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ထုတ်ပြန်ထားပါသည်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Mmbiztoday
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties