By News Watch, Shweproperty.com
Updated at 17 October 2016
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် ရန်ကင်းအိမ်ရာတိုက်ဟောင်းများကို ဖျက်ပြီးအသစ်ပြန်လည် တည်ဆောက်မည်ဖြစ်ကြောင်း အောက်တိုဘာ ၁၂ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တတိယပုံမှန်အစည်းအဝေးတွင် တိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှု၊ ဆောက်လုပ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
ရန်ကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာမောင်က သက်တမ်းလွန် ပြည်သူ့အိမ်ရာများ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်းများအရ စည်းကမ်းတကျနှင့် တိုးခဲျ့ပြင်ဆင်မှုမျိုး မဖြစ်ပေါ်စေသည့် ဒီဇိုင်းပုံစံများဖြင့် တည်ဆောက်နိုင်ရေးကို လေ့လာစီမံလျက် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေရေးဆွဲပြဋ္ဌာန်းပြီး စုပေါင်းအိမ်ရာများ၏ အခင်းအကျင်းများကို ပြောင်းလဲသင့်ပြီဖြစ်၍ ရန်ကင်းမြို့နယ်ရှိ အိုမင်းဟောင်းနွမ်းပျက်စီးနေသော အိုးအိမ်ပိုင်တိုက်ခန်းများကို ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းမှုအပေါ် ဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
''ရန်ကုန်မြို့နယ်ရဲ့ မြို့ပြဖွံ့ဖြိုးမှု အခြေအနေကိုသုံးသပ်ပြီး ရန်ကင်းအိမ်ရာနေထိုင်သူများအတွက် လူနေမှု ပတ်ဝန်းကျင်ကောင်း အဆင့်မြှင့်တင်ပေး ရန် ရည်မှန်းချက်နဲ့ ရန်ကင်းအိမ်ရာအဆောက်အဦဟောင်းများကို အဆောက်အဦသစ် ပြန်လည်ဖွံ့ဖြိုးစေရေး စီမံကိန်း master plan ရေး ဆွဲခြင်းလုပ်ငန်းကို ဆောက်ရွက်နေ ပါတယ်။ ရန်ကင်းအိမ်ရာတိုက်ဟောင်းများကို လက်ရှိအိမ်ရာအကျယ်အဝန်းထက် ပိုမိုကျယ်ဝန်းပြီး သဘာ၀ အလင်းရောင်နဲ့ လေဝင်လေထွက်ကောင်းမွန်တဲ့ ဗိသုကာဒီဇိုင်းပုံစံများဖြင့် အသစ်ပြန်လည်ဆောင်လုပ်ပြီး လက်ရှိနေထိုင်သူများကို တိုက်ခန်းသစ် များတွင် ပြန်လည်နေရာချထားပေးဖို့ တိုက်သစ်ဆောက်လုပ်ခြင်း၊ တိုက်သစ်တွင် နေရာပြန်လည်ချထားပေးခြင်း၊ တိုက်ဟောင်းဖျက် သိမ်းခြင်း လုပ်ငန်း စဉ်များကို ရပ်ကွက်အလိုက် နှစ်ရှည်စီမံကိန်းပုံစံဖြင့် ဆောင်ရွက်သွားနိုင်ဖို့ ဗိသုကာပညာရှင်များက အဆိုပြုပုံစံများ ရေးဆွဲတင်ပြတဲ့ အဆင့်သို့ ရောက်ရှိနေပါပြီဖြစ်ပါတယ်''ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောသည်။
ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှလည်း ရန်ကင်းအိမ်ရာအဆောက်အဦ ဟောင်းများကို အဆောက်အဦး သစ်ပြန်လည်ဖွံ့ဖြိုးစေရေး စီမံကိန်း master plan အား လက်ရှိနေထိုင်သူများ အပါအဝင် သက်ဆိုင်သူများအားလုံးနှင့် ပွင့်လင်းမြင်သာစွာချပြ ရှင်းလင်းညှိနှိုင်းသွားရန် ရည်မှန်းချက်ထားရှိပြီး လက်ရှိအချိန်တွင် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း ဆောင်ရွက်နေဆဲကာလဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
ရန်ကင်းအိမ်ရာရှိတိုက်ခန်းများသည် နှစ်ကာလကြာမြင့်နေပြီဖြစ်၍ အဆောက်အဦများ၏ အမိုး၊ ပြတင်း၊ အကာ၊ မျက်နှာကြက်၊ ရေဆင်းပိုက်၊ မိလ္လာပိုက်၊ ရေပေးဝေပိုက်၊ လျှပ်စစ်သွယ်တန်းမှုများ ယိုယွင်းပျက်စီးမှုများပြား လာသည့်အတွက် နှစ်စဉ်ခွင့်ပြုချထားပေးနိုင်သော ပုံမှန်ပြင်ဆင်ထိန်း သိမ်းရေးရန်ပုံငွေဖြင့် တိုက်အားလုံးကို ပြင်ဆင်ပေးရန် လုံလောက်မှုမရှိသည့်အတွက် ဥပဓိရုပ်ကောင်းစေရန် ဆေးသုတ်ခြင်း၊ ပြုပြင်မွမ်းမံခြင်း လုပ်ငန်း များကို နှစ်စဉ်ခွဲဝေချထားပေးသော ပုံမှန်ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေခွင့်ပြုချက် ဘောင်အတွင်းမှ ဆောင် ရွက်ရသည့်အတွက် တိုက်အလုံးရေအနည်းငယ်ကိုသာ ဆောင်ရွက်နိုင်ကြောင်း ဝန်ကြီးဒေါ်နီလာကျော်က ရှင်းပြသည်။
ရန်ကင်းမြို့နယ်ရှိ အမှတ် (၁)ရပ်ကွက် မှ ၆ ရပ်ကွက်အထိ မြေဧရိယာ ၁၆၂ ဧကပေါ်တွင် ရန်ကင်းအိမ်ရာစခန်းတည်ရှိပြီး တိုက်အလုံးပေါင်း ၂၀၆ လုံး၊ တိုက်ခန်းယူနစ်ပေါင်း ၃၀၆၀၄ ခန်းရှိကြောင်း၊ ယင်းရန်ကင်းအိမ်ရာစခန်းသည် ၁၉၅၃ ခုနှစ်မှ ၁၉၇၂ ခုနှစ်ကာလအတွင်း ပြည်သူ့အိုးအိမ်အဖွဲ့မှ ထူထောင် သော အငှားအိမ်ရာဖြစ်ကြောင်း သိရသည်။
''ဝန်ကြီးကတော့ လွှတ်တော်မှာ အချိန်ကာလ ထည့်ပြောမသွားဘူး။ အိုးအိမ်တို့ကတဆင့် သိရတာ။ အပြင်ကနေကြားနေရတာက ၂၀၁၇-၁၈ မှာ အကောင်အထည်ဖော်မယ်လို့ သိရတယ်။ ၂၀၁၇ နဲ့ ၂၀၁၈ ကြားပေါ့။ အခု ကျွန်မတို့ အမှတ်(၁)ရပ်ကွက်ကို ကွင်းဆင်းနေတယ်။ ရပ်ကွက်က ရပ်မိရပ်ဖတွေနဲ့တွေ့ပြီး ပြည်သူရဲ့အသံနားထောင်နေပါတယ်။ ဒီအဆောက်အဦဖျက်ပြီး အသစ်ဆောက်ဖို့ ဝန်ကြီးကလည်း လွှတ်တော်မှာ တရားဝင်ပြောလိုက်ပြီဆိုတော့ အမှတ်(၆)ရပ်ကွက်အထိ ကွင်းဆင်းပြီး ပြည်သူ့အသံ နားထောင်သွားမှာပါ''ဟု ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာမောင်က ပြောသည်။
Ref : News Watch
Photo Credit : WordPress.com
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties