By EMG, Shweproperty.com
Updated at 25 February 2013
ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းအား စည်ပင်မှ Crown Advance ကုမ္ပဏီသို့ မြေတန်ဖိုးအလွတ်ဖြင့် ချပေး ဧရိယာ ၈ ဧကကျော်ကျယ်ပြီး Yangon Car Plaza အမည်ဖြင့် အကျိုးတူဆောက်မည် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် နောက်ဆုံးထားပြောင်းရွှေ့
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်အတွင်းရှိ အကျယ်အဝန်း ၈ ဒသမ ၅၉၉ ဧကရှိသည့် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းနေရာအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက Crown Advance Construction ကုမ္ပဏီသို့ မြေတန်ဖိုးအလွတ်ဖြင့် ချထားပေးပြီး အဆိုပါ ကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း၍ Yangon Car Plaza အဖြစ် အကျိုးတူ ပူးပေါင်းဆောက်လုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းအား အဆင့်မြင့် Yangon Car Plaza အဖြစ် ပြောင်းလဲမည့် စီမံကိန်းတွင် ကားပါကင်များ၊ လက်ရှိပြုလုပ်နေသော ကားလုပ်ငန်းများနှင့် အဆင့်မြင့်အိမ်ရာများ ပါဝင်မည်ဖြစ်ပြီး အဆိုပါ စီမံကိန်းပြီးပါက လက်ရှိတရားဝင် မှတ်ပုံတင်ထားသော ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ကို ပြန်လည်နေရာ ပြန်ချထားပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအခွန်ဌာနမှ သိရှိရသည်။
"စီမံကိန်းပြီးရင် တရားဝင်မှတ်ပုံတင်ထားတဲ့ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ကို ပြန်ထည့်ပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ကားဝင်းကို အဆင့်မြှင့်ပေးလိုက်တာပါ" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနမှဌာနမှူး ဦးကျော်မင်းက ပြောကြားသည်။
ဟံသာဝတီ ယာဉ်ရပ်နားစခန်းအား အဆင့်မြင့်စီမံကိန်းများ အကျိုးတူပူးပေါင်း လုပ်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မတ် ၂၈ ရက်နှင့် ၃၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ တစ်ဆင့် တင်ဒါခေါ်ယူခဲ့ရာ Crown Advance Construction ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့သည်။ Yangon Car Plaza က စီမံကိန်းအား သုံးနှစ်အတွင်း ပြီးစီးရန် ခန့်မှန်းထားသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာနမှူး ဦးကျော်မင်းက ဆိုသည်။
စီမံကိန်းအပေါ် အကျိုးအမြတ် ခွဲဝေမှုအနေဖြင့် စည်ပင်မှ ၅၅ ရာခိုင်နှုန်း ရယူမည်ဖြစ်ပြီး ကုမ္ပဏီဘက်မှ ၄၅ ရာခိုင်နှုန်း ရယူမည်ဟု ကနဦးတွက်ချက် စီစဉ်ထားမှုများအရ သိရသည်။
"လောလောဆယ် ဒီလောက်ပေါ့။ ဒါပေမယ့် သေချာတာက စည်ပင်ကတော့ ရပိုင်ခွင့်ပိုများပါမယ်" ဟု ဦးကျော်မင်းက ပြောကြားသည်။
ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း အဆင့်မြှင့် ပြုလုပ်ရန်အတွက် လက်ရှိယာဉ်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်နေသူများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင် သိရိမင်္ဂလာဈေးဟောင်း မြေညီထပ်သို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အပြီးပြောင်းရွှေ့ပေးရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ညွှန်ကြားချက် ထုတ်ပြန်ထားပြီး ယင်းနေရာ၌ ကားအစီးရေ ၁၀၀၀ ခန့် ရပ်နားနိုင်မည်ဖြစ်ကာ လတ်တလောတွင် ယင်းနေရာ၌ ယာဉ်ဝင်ခကောက်ခံခြင်း မပြုသေးဘဲ အခမဲ့ဝင်ထွက်ခြင်းကို ခွင့်ပြုမည်ဟု ထုတ်ပြန်ထားသည်။
ယာဉ်ဝင်ခ ကောက်ခံပါက သင့်တင့်မျှတသည့် ဈေးနှုန်းထားဖြင့်သာ ကောက်ခံသွားမည်ဖြစ်ပြီး လောလောဆယ် သီရိမင်္ဂလာဈေးဟောင်း မြေညီထပ်၌ယာဉ်များကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဝင်ထွက်ခွင့် ပြုထားကြောင်း၊ ညအိပ်ရပ်နားခြင်းကို လာမည့် မတ် ၃၁ ရက်တွင် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှ ထုတ်ပြန်ထားသည်။
ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းသည် ယာဉ်ဝယ်ရောင်းခြင်း၊ ယာဉ်အကျိုးဆောင်ခြင်း၊ ယာဉ်ရေဆေး ဆီထိုးလုပ်ငန်းများ လုပ်ကိုင်နေသော နေရာဖြစ်ကာ နေ့စဉ်လူဦးရေ ၅၀၀၀ မှ ၆၅၀၀ အကြား ဝင်ရောက်လုပ်ကိုင်လျက်ရှိသည်။
ယင်းသို့ ကားရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူများကို သီရိမင်္ဂလာဈေးဟောင်းသို့ ပြောင်းရွှေ့ရန် ညွှန်ကြားချက်ကို သဘောမတူညီသူများက ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွက် လူ ၃၀၀ ခန့်က ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အပြီးပြောင်းရွှေ့ရန် ညွှန်ကြားချက်ကိုလည်း နောက်ဆုံးအခြေအနေတွင် သပိတ်စခန်းများဖွင့်၍ ဆန္ဒပြသွားမည်ဖြစ်ကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေး ကော်မတီမှ သိရှိရသည်။
ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းကိုမြင့်က "အခုထိ တစ်စုံတစ်ရာ ထူးခြားမှု မရှိသေးပါဘူး။ ကျွန်တော်တို့ ယာဉ်ရောင်းဝယ်ရေးဝယ်ရေး စခန်းကလူတွေ ဖေဖော်ဝါရီ ၂၆ ရက်မှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရှေ့မှာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ပါမယ်။ နံနက် ၁၁ နာရီကနေ မွန်းလွဲ ၂ နာရီထိ လုပ်မှာပါ။ ဖေဖော်ဝါရီ ၂၇ ရက်ကျရင် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ထပ်ပြီး ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်သွားမယ်။ အချိန်ကတော့ အတူတူပါပဲ။ အဲဒါမှ အကြောင်းမထူးဘူး၊ စည်ပင်က အတင်းအဓမ္မ ပိတ်ဆို့မှုတွေ လုပ်လာခဲ့ရင် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းကြီးကို သပိတ်စခန်းဖွင့်ပြီး ဆန္ဒထုတ်ဖော်မှုတွေ ထပ်ပြီးပြုလုပ်သွားမယ်" ဟု ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အဆင့်မြင့်စီမံကိန်းများ အကျိုးတူပူးပေါင်းရန် အလားတူ တင်ဒါခေါ်ယူခဲ့ရာတွင် ဟံသာတီ ယာဉ်ရောင်းဝယ်ရေးစခန်းအပြင် သိမ်ဖြူ ယာဉ်မောင်းလေ့ကျင့်ရေးကွင်းနှင့် ဗိုလ်ချုပ်ဈေးသစ်-လဟာပြင်ဈေး နေရာတို့လည်း ပါဝင်ခဲ့ပြီး သိမ်ဖြူယာဉ်မောင်းလေ့ကျင့်ရေးကွင်းကို Aisa Myanmar ကုမ္ပဏီနှင့် ဗိုလ်ချုပ်ဈေးသစ်-လဟာပြင်ဈေးနေရာကို ရွှေတောင်ကုမ္ပဏီတို့က ရရှိခဲ့သည်။
Ref : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties