By MOI Webportal Myanmar, Shweproperty.com
Updated at 16 September 2015
ရန်ကုန်မြို့၏ လူနေမှုစရိတ်စက ကြီးမြင့်မှုကြောင့် ဆောက်လုပ်ရေး အင်ဂျင်နီယာအဖြစ် အသက်မွေးဝမ်း ကျောင်းပြုနေသည့် မခိုင်ချိုတစ်ယောက် တရားမဝင် ကန်ထရိုက်တိုက်များ အများအပြားရှိရာ သင်္ဃန်းကျွန်းမြို့ နယ်တွင် နေထိုင်နေရသည်။
''ဘုရားစာရွတ်ပြီးနေနေရတယ်။ ကိုယ်လည်း အင်ဂျင်နီယာဆိုတော့ သိနေတယ်။ သိနေတော့ ပိုဆိုးတယ်။ မနေချင်ဘူး။ ဒါပေမယ့် အခြေအနေနဲ့ အချိန် အခါအရနေရတာပဲ။ အစ်မနေတဲ့နားမှာဆို ကားတွေ ဖြတ်သွား ရင်တောင် အိမ်လှုပ်တယ်''
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေ အများဆုံးနေထိုင်သည့် စီးပွားရေးမြို့တော်ရန်ကုန်သည် မြို့ပြတွင် နေထိုင်သည့်လူဦးရေအချိုးအစားမြင့်မားသည့် နေရာတစ်ခုဖြစ်လာနေသည်။ ကန်ထရိုက်တိုက် အများစုသည် ကြံ့ခိုင်မှုစနစ်နည်းပါးခြင်းကြောင့် မြို့ပေါ်နေ လူတန်းစားတို့ အတွက် အန္တရာယ်နှင့် စိန်ခေါ်မှုများကို စတင်ကြုံတွေ့နေရပြီဖြစ်သည်။
မြို့ပြတွင်နေထိုင်သူ လူဦးရေငါးသန်းကျော်ရှိခဲ့နေသည့် ရန်ကုန်သည် ၂ဝ၁၁ နောက်ပိုင်း ငါးနှစ်တာ ကာလအတွင်း တရားဝင်လျှောက် ထားပြီး ဆောက်လုပ်သည့် အဆောက်အအုံပေါင်းနှစ်သောင်းနီးပါးအထိ ရှိခဲ့သည်။ စည်ပင်သာယာ(အင်ဂျင်နီယာဌာန)ရှိ စာရင်းများအား တွက်ချက်ကြည့်ရာတွင် တရားဝင်အဆောက်အအုံ အလုံး ၁ဝဝ ဆောက်လျှင် တရားမဝင် စည်းကမ်းမဲ့ အဆောက်အအုံများဆောက်လုပ်မှုသည် ၁၂ လုံး အထိ ရှိလာနေသည်။
အခန်းပေး၊ အခန်းယူ ကန်ထရိုက်စနစ်သည် ယခင်ကရန်ကုန်မြို့တွင် များပြားစွာတွင်ကျယ်မှု မရှိသေးသော်လည်း ယခုအခါတွင်မူ ပြင်းထန်သော ပြိုင်ဆိုင်မှုများနှင့်အတူစီးပွားလုပ်ငန်းဈေးကွက်တစ်ခုဖြစ်လာခဲ့ပြီဖြစ်သည်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ ဒုတိယ ဥက္ကဋ္ဌ ဦးသာအေးက''ဒါဟာအဂတိတွေအရမ်းထွန်းကားလာတဲ့အချိန်မှာအားလုံးကအဂတိအောက် ရောက်သွားတယ်ဆိုတဲ့သဘောပဲ'' ဟု ပြောသည်။
နာဂစ်ကာလအပြီး ၂ဝဝ၈ နောက်ပိုင်းတွင် နေအိမ်များအား အရင်းအနှီးလုပ်၍ကန်ထရိုက်တိုက် ဆောက်သည့်ဈေးကွက်ပိုမိုကျယ်ပြန့်စွာပေါ်ပေါက်လာသည်။ကန်ထရိုက်တာများသည် ဈေးကွက်နှင့် အပြိုင် တိုက်ခန်း များရောင်းကောင်းစေရန်အတွက် တိုက်ခန်းဈေးနှုန်းကို အပြိုင်အဆိုင် လျှော့ရောင်းလာကြသည်ဟု မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ဦးကိုကိုကြီးက ရန်ကုန်ကန်ထရိုက်တိုက်များအကြောင်း ပြောသည်။
''ဆောက်လုပ်ရေး ကန်ထရိုက်တာတွေက မြတ်တယ်ဆိုပြီး ဝင်လုပ်ကြတယ်။ တိုက်ခန်းဈေးနှုန်းနဲ့အတူ ကန်ထရိုက်တိုက်ဆောက်ရင် တကယ်တမ်းထည့်သုံးရ မယ့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေကိုပါ လျှော့လိုက်ကြတာတော့ အဆိုးဆုံးပဲ''
ဆောက်လုပ်ရေးလုပ်ငန်းအတွေ့အကြုံ ခြောက်နှစ် ရှိပြီဖြစ်သည့် အင်ဂျင်နီယာ မခိုင်ချိုကတော့ ဆောက်လုပ် ပြီးစီးသည့် ကန်ထရိုက်တိုက်များ အရည်အသွေးညံ့ရခြင်း မှာ ဆောက်လုပ်သောကန်ထရိုက် က ငွေအမြတ်များရန် အသုံးပြုရမည့် ဆောက်လုပ်ရေးပစ္စည်းများ ကို လျှော့ချခြင်း (ပစ္စည်းခိုခြင်း)၊ အမြန်ပြီးရန် စံချိန်စံညွှန်းများအတိုင်း မဆောက်လုပ်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်သားများက ပစ္စည်းခိုးခြင်း၊ အဆောက်အအုံ အရည်အသွေးစစ်ဆေးသူတို့ အဂတိလိုက်စားခြင်း၊ လုပ်ငန်းခွင်ရှိ အင်ဂျင်နီယာနှင့် ဆောက်လုပ်ရေး လုပ်သားတို့၏အရည်အသွေးနိမ့်ပါးခြင်းတို့ကြောင့်ဖြစ်သည်ဟု ဆိုသည်။
''ကျွန်မဆိုလိုတာက ကန်ထရိုက်တိုင်းတော့မဟုတ် ပါဘူး'' ကန်ထရိုက်တိုက်တစ်လုံးဆောက်လုပ်တော့မည်ဆိုပါက မြေသားစစ်ဆေးမှု၊ဗိသုကာပုံထုတ်မှုများစတင် ပြုလုပ်ရန်လို အပ်ပြီး ဗိသုကာပုံအားကြည့်၍ အဆောက်အအုံ တည်ဆောက်ရာတွင် ဆောက်လုပ်ရေးသုံးပစ္စည်းများအား မည်မျှသုံးမည်၊ မည်သည့်ဆိုဒ်သုံးမည်၊ ဖောင်ဒေးရှင်း အနက်၊ ကျောက်ပြားထု ဘယ်လောက် စသည်တို့ကို စနစ်တကျတွက်ချက်ရန် လိုအပ်သည် ဟုဆောက်လုပ်ရေး အင်ဂျင်နီယာ မခိုင်ချိုက ရှင်းပြသည်။
ရန်ကုန်မြို့တွင် ကန်ထရိုက်တိုက် ဆောက်လုပ်မှု အများဆုံးနှင့် တရားမဝင်ကန်ထရိုက်တိုက်ဆောက်လုပ် မှုအများဆုံးမှာ သင်္ဃန်းကျွန်း မြို့နယ်ဖြစ်ပြီး မရမ်းကုန်း၊ အင်းစိန်၊ လှိုင်နှင့် တောင်ဥက္ကလာပ တို့သည်လည်း တရားမဝင် ကန်ထရိုက်တိုက်ဆောက်လုပ်မှု အများဆုံးဖြစ်နေ ကြောင်းရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ (အဆောက်အုံနှင့် အင်ဂျင်နီယာဌာန)မှ သိရသည်။
အင်ဂျင်နီယာမခိုင်ချိုက ''ကန်ထရိုက်တိုက်တွေက ခိုရမဲ့နေရမှာခိုတာ မဟုတ်ဘဲနဲ့ အားလုံးကိုခိုလိုက်တာ။ ခိုသင့်တဲ့နေရာဆိုတာဆေး၊ အမိုးသွပ်ပြား၊ တံခါးတို့ ခိုတာက အန္တရာယ်မရှိဘူး။structure (အဆောက်အုံ) မှာ ခိုတာကတော့ တော့်တော့်ကို အန္တရာယ်များပါတယ်'' ဟု ပြောပြသည်။
အင်ဂျင်နီယာများ၏အရည်အသွေးမြင့်လာစေရန် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာနောက်ဆုံးပတ်ကအင်ဂျင်နီယာ ကောင်စီ ဥပဒေ ကို ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းခဲ့သည်။
''မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေအရ အင်ဂျင်နီယာရဲ့အရည်အသွေး ကို ကျွန်တော်တို့က သတ်မှတ်ခွင့်ရှိတယ်။ ကန်ထရိုက်အဆောက်အအုံတွေ များလာတာတော့ သက်ဆိုင်ရာစည်ပင်သာယာနဲ့ဆိုင်တယ်။ စည်ပင်သာယာရဲ့အလုပ်ပါ''
ကန်ထရိုက်အဆောက်အအုံများ ရန်ကုန်မြို့တွင် အမြောက် အမြား ဆောက်လုပ်လာခြင်းမှာ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် မသက်ဆိုင်ကြောင်း အင်ဂျင် နီယာကောင်စီဗဟိုကော်မတီဝင် ဦးကိုကိုကြီးက ဆိုသည်။
အင်ဂျင်နီယာကောင်စီမှဦးဆောင်ပြီး ပြည်သူ့ ဆောက်လုပ်ရေး၊ UN Habitat တို့နှင့် ပူးပေါင်းကာ ၂ဝ၁၂ ခုနှစ်က စတင်ရေးဆွဲခဲ့သည့် အခန်း (၇)ခန်းပါBuilding Code (အဆောက်အအုံများဆောက်လုပ်ရာတွင် လိုက်နာရမည့် အရည်အသွေးဆိုင်ရာစည်းမျဉ်း)ကို ၂ဝ၁၄ တွင်ရေးဆွဲခဲ့ပြီးဖြစ်သည်။
ပြည်သူ့ဆောက်လုပ်ရေးအနေဖြင့် Building Code ကို စမ်းသပ်ကာလတစ်နှစ်သုံးစွဲခွင့်ပြုထားပြီး ၂ဝ၁၅ နှစ်ကုန်ပိုင်းတွင် အတည်ပြုနိုင်မည်ဟု ဦးကိုကိုကြီးက ခန့်မှန်းသည်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးသာအေးက building code ပေါ်ရင် ကောင်းပေမယ့် ခုနကပြောသလို မလုပ်ဘဲ ဘေးမှာချထား ရင် အလကားပါပဲ။ ဆောက်လုပ်ရေး လုပ်ငန်းမှာတစ်ခု တည်းအားနည်းလို့ မဟုတ်ဘူး။ ကဏ္ဍစုံမှာယိုယွင်းမှုဖြစ် တာပါ'' ဟု building code ရေးဆွဲထားရှိမှုအပေါ် မှတ်ချက်ပြုသည်။
ရန်ကုန်ရှိ ကန်ထရိုက်တိုက်ဆောက်လုပ်သည့် လောကတွင် လက်တစ်လုံးခြား လိမ်လည်မှုများလည်းရှိ နေသေးသည်။ မြို့နယ်အချို့ရှိလမ်းကြားများတွင်ကန်ထရိုက်တိုက်ဆောက် ရန်အတွက် အဆောက် အအုံ ဆောက်လုပ်ခွင့်တင်ရာတွင် သုံးထပ်တိုက်သာဆောက်လုပ်မည်ဟုစည်ပင်သာယာ အဆောက်အအုံဌာနသို့ အဆောက် အအုံ ပုံစံတင်သွင်းကြသော်လည်း စည်းကမ်းနှင့်ဥပဒေ အားမျက်ကွယ်ပြု ၍ ခြောက်ထပ်၊ ခုနစ်ထပ်အထိ ဆောက် လုပ်လျက်ရှိလာကြသည်။
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ဦးကိုကိုကြီးက ''အိမ်ရှေ့မှာကျောက်ပုံလေးပုံတာတောင် သက်ဆိုင်ရာ အနေနဲ့သိခဲ့ပြီးအိမ်ကြီးတစ်လုံးလုံးလမ်းကျဉ်းတွေထဲမှာ ဆောက်တာတွေ ဖြစ်သွား တယ်ဆိုတော့ ကျွန်တော် နားမလည်ဘူး။ လက်လှမ်းမမီဘူး''
''စည်းကမ်းမှာလမ်းအကျယ်ရဲ့ နှစ်ဆထက်ပိုပြီး ဆောက်လုပ်ခွင့်မရှိဘူး။ အဲ့ဒီထက်ပိုဆောက်ရင် ဥပဒေ ချိုးဖောက်တာပဲ။ အဲ့ဒီလိုတွေ အများကြီးရှိတယ်လို့ ကျွန်တော်ယူဆတယ်''
၂ဝ၁၄ခုနှစ် သန်းခေါင်စာရင်းစစ်တမ်းများအရ သင်္ဃန်းကျွန်း၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင်နှင့် တောင်ဥက္ကလာပမြို့နယ်တို့တွင် အိမ်ခြေစုစုပေါင်း သုံးသိန်းနီးပါး ရှိသည့်အနက် လေးပုံတစ်ပုံမှာ ကွန်ဒို၊ ကန်ထရိုက်တိုက်၊တိုက်ခန်းတွဲများဖြင့် နေထိုင်ကြသူများ ဖြစ်နေကြသည်။
ဆောက်ထားသည်မှာ ငါးလခန့်သာ ရှိသေးပြီး အစိမ်းနုရောင်ဆေးသားဖြင့်သစ်လွင်လျက်ရှိနေသော သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီးရှိ ကန်ထရိုက် တိုက် ငါးလွှာသို့ ပြောင်းရွှေ့ခဲ့သည်မှာ ရှစ်ရက်သာရှိသေးသည့် မအိချယ်ရီအောင်က သူငှားရမ်းနေထိုင်သည့် ကန်ထရိုက်တိုက် တွင် နေထိုင်နေရသည့်စိုးရိမ်ပူပန်မှုကို ခုလိုပြောသည်။
''ကျွန်မတစ်ယောက်တည်း နေရတာမကြောက်ပါ ဘူး။ ဒါပေမယ့် တိုက်ခန်းအမြင့်မှာနေရတော့ ပြိုကျမှာ ကြောက်တယ်''ကန်ထရိုက်တိုက်ဆောက်လုပ်ခွင့်ရရှိစေရန်တင်ရမည့် ဆောက်လုပ်ခွင့်လိုင်စင် အင်ဂျင်နီယာလက်မှတ် ရထားသူအချို့ကတော့ ကြီးကြပ်မှုမရှိဘဲ အဆောက် အအုံပုံစံအား လက်မှတ်ထိုးပေးမှုများရှိလာနေသည်။
သားကောင်အား အမဲလိုက်သလို လိုက်နေသော် လည်း ရန်ကုန်မြို့၏ ကန်ထရိုက်လုပ်ငန်းတွင် အဂတိ လိုက်စားမှုနှင့် ဥပဒေအရပြဋ္ဌာန်းထားသော မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများအား လက်တစ်လုံးခြား လိမ်လည် နေသ၍ရန်ကုန်မြို့ရှိကန်ထရိုက်တိုက်ခန်းနေ ပြည်သူ များမှာ အန္တရာယ် အငွေ့အသက်များ ခံစားနေရပေ လိမ့်မည်။
မြန်မာနိုင်ငံ ငလျင်ကော်မတီ၏ ဒုတိယဥက္ကဋ္ဌဖြစ် သူ ဦးစိုးသူရထွန်းက ရန်ကုန်မြို့သည် ငလျင် ပြတ်ရွေ့ထဲတွင် မပါဝင်သော် လည်း ဒေးဒရဲပြတ်ရွေ့နှင့် နီးကပ်နေသောကြောင့် ငလျင်ဒဏ်ကိုအနည်းနဲ့ အများ ခံရနိုင်သည်။
တိုးပွားလျက်ရှိသည့် ရန်ကုန်လူဦးရေ၊ အဆောက်အအုံအရေအတွက်များကြောင့် ရန်ကုန်သည် အခြားမြို့များထက် ငလျင်ဒဏ်ကို ပိုခံရနိုင်သည်ဟု ရန်ကုန်ငလျင်အခြေအနေနှင့် ပတ်သက်၍ ပြောထားသည်။
၁၉၃ဝ ခုနှစ်က လှုပ်ခဲ့သည့် အင်အား ၇ ဒသမ ၃ အဆင့်ရှိ ပဲခူးငလျင်(ဖြူးငလျင်)တွင် ပဲခူး၌ လူပေါင်း ၅ဝဝ ခန့် အသက်ဆုံးရှုံး ခဲ့ပြီးရန်ကုန်တွင်လည်း လူပေါင်း ၅ဝခန့် အသက်ဆုံးရှုံးဆုံးခဲ့သည်ဟုဦးစိုးသူရထွန်းက ထောက်ပြထားသည်။
ကန်ထရိုက်တိုက်များ ဆောက်လုပ်ရာတွင် တာဝန်ခံ အင်ဂျင်နီယာ သည် ဆောက်လုပ်ရေးဆိုင်ရာ ဥပဒေအရ အဆောက်အအုံနှင့် ပတ်သက်သည့် စံချိန် စံညွှန်းများအား တာဝန်ယူပါကြောင်း ခံဝန်လက်မှတ်ရေး ထိုးပြီး မိမိဆောက်လုပ်မည့် အဆောက်အအုံအား သွား ရောက်ကြီးကြပ်ရန် လိုအပ်သည်။
ယင်းသို့မဟုတ်ဘဲလက်မှတ်ထိုးပြီးနောက် သွားရောက်ကြီးကြပ်မှုမရှိဘဲ ဆောက်လုပ်နေမှုများသည် အန္တရာယ်တစ်ခုဖြစ်လာနိုင်သည်ဟု ဆောက်လုပ်ရေးကျွမ်းကျင် အင်ဂျင်နီယာမခိုင်ချို က ဝေဖန်သည်။
ရန်ကုန်မြို့ပေါ်တွင်ကန်ထရိုက်ဖြင့်နေထိုင်နေရသည့် ဆောက်လုပ်ရေးလုပ်ငန်းကျွမ်းကျင်အင်ဂျင်နီယာ မခိုင်ချိုတစ်ယောက်ကသူ၏ ဘဝကို ယခုကဲ့သို့ ညည်းတွား ပြောဆိုသည်။
''နေမယ့်သာနေနေရတာ။ သူများနိုင်ငံတွေမှာလို ငလျင်လှုပ်တာတွေ၊ ဘာတွေ သိပ်မရှိသေးလို့။ အဲ့ဒီလို သာရှိခဲ့မယ်ဆိုရင် ကန်ထရိုက်တိုက် က တော်တော်လေး ကြောက်ဖို့ကောင်းတယ်''
Ref : MOI Webportal Myanmar
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties