By emg, Shweproperty.com
Updated at 31 October 2012
ရန်ကုန်မြို့တော်၏ အနာဂတ် စီမံကိန်းအရ တိုးပွားလာမည့် လူဦးရေအတွက် မြို့ဧရိယာကို တိုးချဲ့ရန် လျာထားကြောင်း၊ ယင်းကဲ့သို့ လျာထားသည့်နေရာများတွင် ပုဂ္ဂလိကပိုင်မြေနှင့် စိုက်ပျိုးမြေများ ပါဝင်ခြင်းကြောင့် ဆွေးနွေးညှိနှိုင်း နေဆဲပင်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ရန်ကုန်မြို့တော်ကို ချဲ့ထွင်ရန်အတွက် ရန်ကုန်မြို့ နယ်နိမိတ်ဧရိယာပတ်လည်ရှိ လွတ်နေသည့်နေရာ အားလုံးတွင် လျာထားပြီး ယင်းကဲ့သို့ မြို့ဧရိယာချဲ့ထွင်ရန်အတွက် ပြည်တွင်းကုမ္ပဏီများနှင့်အတူ ပြည်ပရှိကုမ္ပဏီအချို့ကလည်း လုပ်ကိုင်လိုကြောင်း လာရောက်ဆွေးနွေးမှုများ ရှိနေကြောင်း၊ သို့သော် လာရောက်ဆွေးနွေးသည့် အဆင့်သာရှိသေးပြီး ကုမ္ပဏီများဘက်မှ Proposal တိတိကျကျ တင်ပြလာခြင်း မရှိကြောင်း သိရသည်။ ယင်းကဲ့သို့ တင်ပြနိုင်ခြင်း မရှိခြင်းမှာ တိုးချဲ့ရန်လျာထားသည့် မြေဧရိယာ အများစုတွင် မူလမြေပိုင်ဆိုင်သူများ ရှိနေခြင်းနှင့် အချို့မှာ စိုက်ပျိုးမြေဖြစ်နေခြင်းကြောင့် ကုမ္ပဏီများမှ ချင့်ချိန်နေခြင်းကြောင့် ဖြစ်သည်ဟုလည်း သိရှိရသည်။
“ရန်ကုန်မြို့ရဲ့ အနာဂတ်စီမံကိန်း ရေးဆွဲရေးမှာ မြို့ဧရိယာကိုချဲ့ဖို့တော့ လျာထားပါတယ်။ လျာထားတဲ့နေရာတွေမှာတော့ ဒလ၊ ကျောက်တန်းစတဲ့ နေရာတွေမှ မဟုတ်ဘူး။ ရန်ကုန်မြို့ရဲ့ လွတ်နေတဲ့ နေရာတွေအားလုံးပါတယ်။ အဲဒီအတွက် Plan တွေ ရှိပါတယ်။ တိတိကျကျ၊ ပြတ်ပြတ်သားသား ဘာမှမလုပ်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ချဲ့ဖို့လျာထားတဲ့ မြေနေရာတွေမှာ မူလပိုင်ဆိုင်သူတွေ ရှိတယ်။ စိုက်ပျိုးမြေတွေရှိတယ်။ လက်ရှိ မြေဈေးကြီးမြင့်မှုတွေကြောင့် မူလပိုင်ဆိုင်သူတွေလည်း လွယ်လွယ်ဖယ်ပေးနိုင်ကြမှာ မဟုတ်ဘူး။ ဒီအခြေအနေတွေကိုလည်း ကြည့်ရတာဖြစ်တဲ့အတွက် မြို့ချဲ့ဖို့အတွက်က ဆွေးနွေးညှိနှိုင်းနေဆဲပဲ ဖြစ်ပါတယ်။ အဲဒီထဲမှာမှ မြေဧက လေးသောင်းတို့၊ ဘာ တို့က ပါသွားမှာပေါ့” ဟု ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲရေးဌာနမှ ဒါရိုက်တာဦးတိုးအောင်က ပြောပြခဲ့သည်။
ရန်ကုန်မြို့တော် နယ်နိမိတ်သည် လက်ရှိတွင် ၃၀၆ ဒသမ ၇၀၃ စတုရန်းမိုင် ကျယ်ဝန်းကြောင်း သိရှိရသည်။
ရန်ကုန်မြို့တော်၏ အနာဂတ် စီမံကိန်းအတွက် ‘မဟာရန်ကုန်မြို့ ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း’ အား JICA နှင့် ပူးပေါင်းရေးဆွဲလျက်ရှိပြီး လာမည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် အပြီးရေးဆွဲရန် လျာထားကြောင်း၊ စီမံကိန်းတွင် အဓိကလိုအပ်နေသော လျှပ်စစ်မီး၊ ရေရှိရေး၊ မိလ္လာ၊ မြို့ပြသယ်ယူပို့ဆောင်ရေး၊ အိမ်ရာလိုအပ်ချက်၊ အမှိုက်သိမ်းစနစ် စသည်တို့ကို ထည့်သွင်းရေးဆွဲသွားမည်ဟု သိရသည်။
Source : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties