By Eleven Media Group, Shweproperty.com
Updated at 19 January 2016
ရန်ကုန်မြို့သစ် စီမံကိန်းအား မည်သည့်ကုမ္ပဏီကိုမျှ လုပ်ကိုင်ခွင့်ကန်ထရိုက် ချထားပေးခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ဇန်နဝါရီ ၁၈ ရက်က အတည်ပြု ပြောကြားသည်။
ရန်ကုန်မြို့သစ် စီမံကိန်းအား ယခင်လုပ်ကိုင်ခွင့်ပေးရန် စီစဉ်ခဲ့ဖူးသည့် မြန်မာ့စေတနာ မြို့သစ်အများပိုင်ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပေးလိုက်သည်ဟု ထွက်ပေါ်ခဲ့သော သတင်းနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တောနှင့် စွမ်းအင်ဝန်ကြီးက မည်သည့်ကုမ္ပဏီကိုမျှ လုပ်ကိုင်ခွင့် ချထားပေးခြင်းမရှိသေးဟု ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
"ရန်ကုန်မြို့သစ်စီမံကိန်းက ဘယ်သူ့ကိုမှ ကန်ထရိုက်မပေးသေးပါဘူး။ စိစစ်ဆဲပါ။ သတင်းထွက်နေတာတွေ မဟုတ်ပါဘူး"ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောကြားသည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို လက်ရှိ ရန်ကုန်မြို့၏ အနောက်ဘက်၊ ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းအကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေးကားလမ်းအကြား မြေနေရာများကိုလျာထားပြီး ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ တွံတေးမြို့နယ်ရှိ မြေနေရာများ ပါဝင်ကြောင်း သိရသည်။
ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တင်ဒါများကို ၂၀၁၅ ခုနှစ် ဇူလိုင် ၁၂ ရက်မှ စတင်ခေါ်ယူခဲ့ရာ တင်ဒါလျှောက်လွှာ ဝယ်ယူခဲ့သည့် ကုမ္ပဏီ ၅၀ ကျော်အနက် ကုမ္ပဏီသုံးခုက တင်ဒါတင်သွင်းခဲ့ကြကြောင်း၊ တင်ဒါတင်သွင်းခဲ့သည့် ကုမ္ပဏီသုံးခုမှာ ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီ၊Business Capital City Development Ltdနှင့် ရွှေသံလွင်ကုမ္ပဏီ၏ ကုမ္ပဏီခွဲ ဖြစ်သည့် ရွှေပုပ္ပါး အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်တို့ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါကုမ္ပဏီများအနက် လုပ်ကိုင်နိုင်သည့်ကုမ္ပဏီကို လုပ်ကိုင်ခွင့်ချပေးရန် သုံးသပ်နေဆဲပင် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေကြီး အစိုးရအဖွဲ့က ဆိုသည်။
ရန်ကုန်မြို့သစ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ရန်ကုန် အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ၊ Business Capital City Development Ltd မှ ပြည်တွင်း ပြည်ပဘဏ်များမှ ချေးငွေရယူခြင်းနှင့် ရှယ်ယာခေါ်ယူခြင်း၊ ဒါရိုက်တာများ ပိုင်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှုများဖြင့် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ ရွှေသံလွင်ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သည့် ရွှေပုပ္ပါး အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်က ကျပ်ဘီလျံ ၅၀၀ နှင့် ပြည်တွင်းပြည်ပ ဘဏ်များမှ ချေးငွေရယူမည်ဖြစ်ကြောင်း တင်ပြထားသည်။
ရန်ကုန်မြို့သစ်စီမံကိန်းတွင် မြစ်ကူးတံတာများ၊ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ အငှားအိမ်ရာ စီမံကိန်းများ၊ ဘိုးရွားရိပ်သာ၊ အဝေးပြေးယာဉ်ရပ်နားစခန်း၊ စာကြည့်တိုက်၊ ပြတိုက်များ၊ လေယာဉ်ကွင်းအပြင် သာသနာ့တက္ကသိုလ်များလည်း ပါဝင်မည်ဖြစ်ပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့သစ်စီမံကိန်းအား ပြီးခဲ့သည့် ၂၀၁၄ တွင် မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီအား တာဝန်ပေးကာ အကောင်အထည် ဖော်မည်ဟု ၂၀၁၄ ခုနှစ် သြဂုတ် ၂၂ ရက်တွင် ပြုလုပ်ခဲ့သည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့ရာ အဘက်ဘက်မှ ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့သည်။
ထိုသို့ ဝေဖန်မှုများကြောင့် စီမံကိန်းအား ပြန်လည်သုံးသပ်မည်ဟုဆိုကာ အဆိုပါစီမံကိန်းကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က တရားဝင် ရုပ်သိမ်းခဲ့ပြီးဖြစ်သည်။ သို့သော် ၂၀၁၅ ခုနှစ် ဇွန်လအတွင်း ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် ကြည့်မြင်တိုင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က"ရန်ကုန်မြို့သစ်စီမံကိန်း အမြန ်အကောင်အထည်ဖော်ပေးရေး"အဆို ပြန်လည် တင်သွင်းလာမှုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့ ကန့်ကွက်သော်လည်း ထောက်ခံသူ များပြားခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့၍ တစ်ကျော့ပြန် အကောင်အထည်ဖော်ရန် ဖြစ်လာခဲ့သည်။
Ref : Eleven Media Group
Photo Credit : Social
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties