By Myanmar Builders Guide, Shweproperty.com
Updated at 20 May 2019
ခေတ်မီတိုးတက်တဲ့ မြို့တော်တစ်ခုဆိုတာ နိုင်ငံတကာအဆင့်မီ တိုက်တာအဆောက်အအုံတွေ၊ လမ်း၊ တံတားတွေရှိရုံနဲ့ ပြည့်စုံပြီလို့ မဆိုနိုင်ပါဘူး။
မြို့ပြနယ်နိမိတ်အတွင်း သစ်ပင်၊ ပန်းမန်တွေ ပေါက်ရောက်တည်ရှိရာ နဂိုရှိရင်းစွဲ အစိမ်းရောင် ဧရိယာတွေ လျော့နည်းမသွားအောင် ထိန်းသိမ်းဖို့သာမက တိုးချဲ့ဖို့လည်း လိုအပ်ပါတယ်။
ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ ခေတ်မီတိုက်တာအဆောက်အအုံတွေကို သစ်ပင်ပန်းမန်တွေ စိုက်ပျိုးအလှဆင်ကြတဲ့ ဓလေ့ခေတ်စားလာပြီဖြစ်ပါတယ်။ ဒါဟာ ခေတ်သစ်မြို့ပြစနစ်ရဲ့ စိမ်းလန်းစိုပြည်မှု ပြယုဂ်တစ်ခုဖြစ်လာပါတယ်။
မြန်မာနိုင်ငံအတွက် စီးပွားရေးအရ အရေးပါလှတဲ့ ရန်ကုန်ဟာ အစိမ်းရောင်မြို့တော်ဖြစ်လာဖို့ အလားအလာရှိပေမဲ့ အထပ်မြင့်တိုက်တာ အဆောက်အအုံတွေ အုံနဲ့ကျင်းနဲ့ များပြားလာတာကြောင့် အစိမ်းရောင်ဧရိယာ လျော့နည်းလာတယ်လို့ သစ်တောထိန်းသိမ်းရေး ပညာရှင်တွေက ဆိုပါတယ်။
အစိမ်းရောင်ဧရိယာ လျော့နည်းလာရတဲ့ အဓိကအကြောင်းရင်းက လူနေအိမ်၊ တိုက်တာ၊ အဆောက်အအုံတွေ များပြားလာလို့ပဲဖြစ်ပါတယ်။
စီးပွားရေးအတွက် အချက်အချာကျလို့ ဈေးဝယ်ကုန်တိုက်၊ လူနေအိမ်စတဲ့ အဆောက်အအုံတွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေ ဖော်ဆောင်ရမှာဖြစ်ပေမဲ့ ရန်ကုန်မြို့အတွင်း သစ်တော၊ သစ်ပင် လွှမ်းခြုံမှုကိုလည်း မျှမျှတတဖြစ်အောင် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ လူထုအခြေပြုသစ်တောတွေ ပေါ်ပေါက်လာဖို့ နေရာအနှံ့အပြားက ဒေသခံတွေကို သင်တန်းပို့ချနေတဲ့ RECOFTC အဖွဲ့ရဲ့မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် ဒေါက်တာမောင်မောင်သန်းက ပြောပါတယ်။
"အခုဆိုရင် အိမ်ရာတွေတိုးလာတယ်။ တကယ်တော့ မြို့တစ်မြို့မှာ Green ဧရိယာ ဘယ်လောက် ရှိသင့်တယ်ဆိုတာမျိုး ရှိသင့်တယ်။ ဒါက ရန်ကုန်မြို့ကြီးပဲဆိုပါတော့ တစ်နေရာလုံးက စိမ်းနေရင်လည်း မဖြစ်ဘူးလေ။ ဒါပေမဲ့ စိမ်းတာနဲ့ မစိမ်းတာက မျှမျှတတရှိနေမယ် ဆိုရင် လူတွေလည်း အပန်းဖြေလို့ရတယ်။ မြို့ကလည်း နေချင်စဖွယ်ဖြစ်တယ်"လို့ သူကဆိုပါတယ်။
ရန်ကုန်မှာ ယခင်က ဥယျာဉ်နဲ့ ပန်းခြံဧရိယာဟာ မြို့အကျယ်အဝန်းရဲ့ လေးပုံတစ်ပုံအထိ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ်တွေမှာ ဒီအစိမ်းရောင်ဧရိယာတွေ တဖြည်းဖြည်းကျဉ်းမြောင်းလာမယ့် လက္ခဏာတွေ မြင်တွေ့လာရပါတယ်။
ရန်ကုန်မြို့တွင် ပန်းခြံ၊ ဥယျာဉ်များ ပါဝင်သည့် အစိမ်းရောင် ဧရိယာကို ပိုမိုချဲ့ထွင်သင့်သည်ဟု သဘာဝပတ်ဝန်းကျင်ပညာရှင်များက အကြံပြုသည်။
"အင်းလျားကန်ဧရိယာတို့ဆိုရင် မပေးသင့်ဘူး။ မြကျွန်းသာတွေကို မပေးသင့်ဘူး။ အဲဒီနေရာတွေမှာ ဆောက်လုပ်တာ မှားတယ်။ ဒီနေရာမှာ အများပြည်သူအတွက် လုပ်သင့်တယ်။ တနင်္ဂနွေနေ့ဆိုရင် လူတွေတိုးလာမယ်။ အပန်းဖြေမယ်ပေါ့လေ။ သင့်တင့်လျောက် ပတ်တဲ့ အစိမ်းရောင်ဧရိယာတွေ ထားရှိသင့်တယ်" လို့ ဒေါက်တာမောင်မောင်သန်းက ပြောပါတယ်။
ဒီလိုအစိမ်းရောင်ဧရိယာတွေ လျော့နည်းလာခြင်းရဲ့ အကျိုးဆက်အဖြစ် ဒီနှစ်နွေရာသီ၊ အထူးသဖြင့် ဧပြီလလယ်မှာ ရန်ကုန်ရဲ့ အပူချိန်ဟာ ၄၂ ဒသမ ၂ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။
မေလဆန်းပိုင်းက ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဖန်နီဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံ ဒေသတချို့မှာ မိုးရွာသွန်းပြီး အပူချိန်အနည်းငယ်လျော့ကျခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ရန်ကုန်အနီးတစ်ဝိုက်မှာ အပူချိန်ပြန်တက်လာတာကို ကြည့် မယ်ဆိုရင် အပူချိန်ကို တန်ပြန်ထိန်းညှိမယ့် သစ်တောတွေ၊ ဥယျာဉ်တွေ အလုံအလောက်မရှိတာ သိသာထင်ရှားနေပါတယ်။
'အစိုးရကလည်း ကွက်လပ်မှန်သမျှကို အဆောက်အအုံဆောက်ဖို့ပဲ မကြိုးစားသင့်ဘူး။ မြို့တစ်မြို့မှာ အစိမ်းရောင်ဧရိယာ ၃၀ ရာခိုင်နှုန်းလောက်တော့ ရှိသင့်တယ်'
ပွင့်လင်းရာသီရောက်တိုင်း ရန်ကုန်မြို့မှာ စည်ပင်သာယာရေးကော်မတီက လျှပ်စစ်ဓာတ်ကြိုးတွေနဲ့ မလွတ်ကင်းလို့ဆိုပြီး နှစ်ချို့သစ်ပင်၊ သစ်ကိုင်းတွေကို ခုတ်လှဲလေ့ရှိပါတယ်။ ပူပြင်းတဲ့ ရာသီမှာအရိပ်လည်း ရ၊ လေလည်း ရတာမို့ဒါကို ဝေဖန်ကန့်ကွက်သူတွေရှိပါတယ်။
မိုးရာသီမှာ လေပြင်းကျရောက်ရင် သစ်ပင်၊ သစ်ကိုင်းတွေကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်စေနိုင်တယ်ဆိုပေမဲ့ ဒီလိုခုတ်လှဲခြင်းက ရန်ကုန်မြို့ရဲ့ အစိမ်းရောင်ဧရိယာကို လျော့နည်းလာစေတာတော့ အမှန်ပါပဲ။
ဒီလိုလျော့နည်းလာတဲ့ အစိမ်းရောင်ဧရိယာကို ပြန်လည်ချဲ့ထွင်ဖို့ လိုအပ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက ဆိုပါတယ်။ဘာကြောင့်လဲဆိုတော့ သစ်တော၊ ဥယျာဉ်၊ ပန်းခြံတွေပါဝင်တဲ့ အစိမ်းရောင်ဧရိယာဟာ ပုံမှန်မဟုတ်တဲ့ ရာသီဥတု ပြောင်းလဲမှုတွေကို လူတွေ ကြံ့ကြံ့ခံနိုင်အောင် ကူညီပေးလို့ပါပဲ။
မြို့ပြအစိမ်းရောင်ဧရိယာတွေဟာ လေထုအပူချိန်ကို ထိန်းညှိဖို့ အရေးပါတဲ့အပြင် မြို့ရဲ့ရေ အရင်းအမြစ်ထိန်းသိမ်းရေး၊ ဘေးအန္တရာယ်ကာကွယ်ရေးတွေအတွက်လည်း အရေးပါတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
အရင်ကထက် အစိမ်းရောင်ဧရိယာ လျော့နည်းသွားတဲ့အတွက် အကျိုးဆက်အနေနဲ့ မြေအောက်ရေ ရင်းမြစ်ပျက်စီးလာပြီး မိုးရာသီဆို မြို့နေသူတွေ ဒုက္ခရောက်ရတယ်လို့ အမျိုးသားရေအရင်း အမြစ်ကော်မတီရဲ့ အကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးဘရွှေက ပြောပါတယ်။
"မြေအောက်ရေ ထုတ်ယူသုံးစွဲမှုများလာပြီး မြေကြီးကို ပြန်စိမ့်ဝင်မှုနည်းလာတဲ့အတွက် မြေအောက်ရေရင်းမြစ်ပျက်စီးမှုဖြစ်တယ်။ နောက်ရွာသမျှမိုးရေက မြေကြီးထဲကို စိမ့်ဖို့မရတော့ အကုန်လုံး မြောင်းထဲဆင်းသွားပြီး ရေကြီး ရေလျှံတွေဖြစ်တယ်။ မဟာဗန္ဓုလပန်းခြံ၊ ပြည်သူ့ဥယျာဉ်လိုနေရာတွေက မြေအောက်ရေ သိုလှောင်ပေးတဲ့နေရာတွေပဲ။ ဒီနေရာတွေမှာလည်း အခုအစိမ်းရောင်နေရာတွေက လျော့လျော့လာတာ တွေ့ရတယ်။ ဒါက မြေအောက်ရေရင်းမြစ်ကို ထိခိုက်နိုင်တယ်" လို့ သူက ပြောပါတယ်။
ဒါ့ပြင် အစိမ်းရောင်ဧရိယာတွေ၊ ရေကန်တွေဟာ မြို့ရဲ့ရေကြီးရေလျှံမှု လျော့ပါးရေးအတွက်လည်း အထောက်အကူပြုတယ်လို့ သြစတြေးလျအခြေစိုက် Flood Community of Practice တည်ထောင်သူ Dr Piet Filet က ပြောပါတယ်။
မိုးကြီးတဲ့အခါ ရန်ကုန်မြို့ရဲ့ လျှပ်တစ်ပြက်ရေကြီးမှုတွေကို ထိန်းချုပ်နိုင်ဖို့ ရေမြှုပ်တွေလို ရေတွေကို စုပ်ယူထိန်းသိမ်းထားနိုင်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေ ဖန်တီးထားသင့်တယ်လို့ သူက အကြုံပြုပါတယ်။
"ရုတ်တရက်များလာတဲ့ ရေတွေကို ပန်းခြံ၊ ဒါမှမဟုတ် သဘာဝနေရာတစ်ခုမှာ ခဏထိန်းသိမ်းထားတာမျိုးတွေက ဖြေရှင်းဖို့ နည်းလမ်းတစ်ခုပါပဲ။ ကန်တော်ကြီးထဲကို မိုးရေတွေစီးစေတာက လမ်းတွေပေါ်မှာ ရေကြီးရေလျှံမဖြစ်စေဖို့ သဘာဝနေရာတွေကို ရေတွေ ခဏထိန်းသိမ်းထားနိုင်မယ့် နေရာအဖြစ်ဘယ်လို အသုံးချလည်းဆိုတဲ့ ဥပမာကောင်းတစ်ခုပါပဲ" လို့ သူကဆိုပါတယ်။
ဒီလိုကောင်းကျိုးတွေ ပေးစွမ်းနိုင်တာကြောင့်မြို့ပြအစိမ်းရောင်ဧရိယာတိုးချဲ့ဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေက အကြံပြုပါတယ်။ ဒီလိုချဲ့ထွင်ဖို့ဆိုရင် အာဏာပိုင်တွေက ဆောင်ရွက်ရမယ့်အပိုင်းနဲ့ ရန်ကုန်မြို့နေလူထုက တစ်နိုင်တစ်ပိုင် လုပ်နိုင် တဲ့အပိုင်းဆိုပြီး နှစ်ပိုင်း ရှိနေပါတယ်။
ရန်ကုန်မြို့ခံတွေ ပါဝင်ပူးပေါင်းနိုင်တာက နေအိမ်၊ အဆောက်အအုံတွေမှာ တစ်နိုင်တစ်ပိုင် သစ်ပင်ငယ်တွေ၊ ပန်းအိုးတွေ စိုက်ပျိုးဖို့ ဖြစ်ပါတယ်။ ဒီလိုစိုက်ပျိုးလို့ရအောင်လည်း အဆောက်အအုံ ဆောက်လုပ်စဉ်ကတည်းက ဒီဇိုင်းအပိုင်းကို ထည့်သွင်းစဉ်းစားသင့်တယ် လို့ ဒေါက်တာမောင်မောင်သန်းက ဆိုပါတယ်။
"အိမ်တိုင်းအိမ်တိုင်းက စိမ်းနေအောင်လုပ်သင့်တယ်။ ကွန်ဒိုနဲ့ပတ်သက်တဲ့ ဥပဒေတွေမှာလည်း အဲဒီလိုမျိုးထည့်သွင်းသင့်တယ်။ တချို့နိုင်ငံက မြို့တွေမှာဆိုရင်ထည့်ပေးထားတယ်။ ကန်ထရိုက်လုပ်တာတွေဆိုရင်လည်း အစိမ်းရောင် ဧရိယာအများကြီးလျော့နည်း တယ်။ စနစ်ကောင်းဖို့ လိုအပ်တယ်" လို့ သူက ပြောပါတယ်။
နယ်မြို့တွေနဲ့ ကျေးလက်ဒေသတွေမှာဆိုရင်တော့ သစ်တောပြုန်းတီးသွားတဲ့ နေရာတွေမှာ သစ်ပင်တွေ ပြန်လည်စိုက်ပျိုးသင့်ပြီး နေရာကကျဉ်း၊ ဓာတ်ကြိုး၊ ဓာတ်တိုင်ပေါများတဲ့ မြို့ကြီးပြကြီးမှာဆိုရင်တော့ ကိုယ်နဲ့လိုက်လျောညီထွေဖြစ်မယ့် အပင်အမျိုးအစားကို စိုက်ပျိုးသင့်တယ်လို့ သူက ပြောပါတယ်။
နိုင်ငံတော်တော်များများမှာလည်း Green City (အစိမ်းရောင်မြို့တော်)၊ Eco City (သဘာဝမြို့တော်) စတဲ့ သဘာဝပတ်ဝန်းကျင်ကို ဦးစားပေးတဲ့ အယူအဆတွေ ခေတ်စားနေတာကြောင့် ရန်ကုန်မြို့တော်မှာလည်း ပန်းခြံ၊ ဥယျာဉ်တွေကို တိုးချဲ့တည်ထောင်ဖို့ အာဏာ ပိုင်တွေက စဉ်းစားသင့်တယ်လို့ သူက အကြံပြုထားပါတယ်။
"အစိုးရကလည်း ကွက်လပ်မှန်သမျှကို အဆောက်အဦးဆောက်ဖို့ပဲ မကြိုးစားသင့်ဘူး။ မြို့တစ်မြို့မှာ အစိမ်းရောင်ဧရိယာ ၃၀ ရာခိုင်နှုန်းလောက်တော့ရှိသင့်တယ်" လို့ သူက ပြောပါတယ်။
ရာသီဥတုပြောင်းလဲမှုနဲ့ အပူချိန်မြင့်တက်လာမှုကို ကာကွယ်နိုင်ဖို့ အစိမ်းရောင်ဧရိယာတွေ တည်ထောင်ရေးဟာ ရေရှည်မှာ လုပ်ဆောင်သွားဖို့ လိုအပ်ပြီး ရေတိုအနေနဲ့ လူတွေရဲ့ နေထိုင်မှု၊ အပြုအမူတွေကို ပြောင်းလဲဖို့ လိုအပ်ကြောင်း သူကဆိုပါတယ်။ ဥပမာအားဖြင့် လျှပ်စစ်မီး၊ ပန်ကာနဲ့ လေအေးပေးစက်၊ အဲကွန်းတွေကို မလိုအပ်ဘဲ ဖွင့်မထားဖို့ ဖြစ်ပါတယ်။
"ငွေကြေးအကုန်အကျများတဲ့ စက်မှုကဏ္ဍရဲ့နည်းပညာပြောင်းလဲမှုတွေလုပ်ပြီး အပူကိုလျော့ချဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ လူထုက သစ်ပင်များများစိုက်ပြီး များများထိန်းသိမ်းဖို့ လုပ်သင့်တယ်" လို့ ဒေါက်တာမောင်မောင်သန်းက ပြောပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties