By Ei Moe Cho, Shweproperty.com
Updated at 15 September 2015
နေအိမ်တိုက်ခန်းထဲမှာ နေထိုင်နေရပေမယ့် အိမ်ပေါ်တက်လုယက်တဲ့ အဖြစ်အပျက်တွေ၊ တိုက်ခန်း လှေကားအတွင်း စောင့်စိုင်းပြီး လုယက်တာတွေ၊ လမ်းသွားရင်း လုယက်တာတွေ ရှိနေတာကြောင့် ရန်ကုန်မှာ နေထိုင်သူတချို့ မလုံခြုံသလို ခံစားနေရပါတယ်။
"အိမ်ထဲမှာ အသတ်ခံရတာတွေ၊ အိမ်ထဲအထိဝင်ပြီး အနုကြမ်းစီးတာတွေ မကြာမကြာဖြစ်နေတော့ က်ုယ့်အိမ်ထဲမှာတောင် ကိုယ်နေရတာ မလံခြုံသလို ဖြစ်နေတယ်၊ ရန်ကုန်မှာနေထိုင်ရတာ စိတ်မချမ်းသာရတော့ဘူး၊ ကိုယ်လုံခြုံရေး ကိုယ်တာဝန်ယူနေရပြီ"လို့ ကမာရွတ်မှာ နေထိုင်တဲ့ ဒေါ်နွယ်နွယ်မြင့်က ပြောပါတယ်။
နေအိမ်တွေထဲ၊ လမ်းတွေထဲ ခြိမ်းခြောက် ငွေတောင်းတာတွေအထိ ရှိနေတာကြောင့် ရန်ကုန်မြို့နေထိုင်သူ တချို့ အခက်တွေ့နေကြပါသည်။
သည်လပိုင်းမှာ အိမ်ပေါ်တက်ပြီး မျက်နှာဖုံးစွပ် ခြိမ်းခြောက် ငွေတောင်းတာမျိုးတွေလည်း ဖြစ်ပေါ်ခဲ့ပါသေးတယ်။ ရန်ကင်းမြို့နယ်က နေအိမ်တစ်အိမ်ကို မျက်နှာဖုံးစွပ်ပြီး ခြိမ်းခြောက်ကာ ငွေတောင်းယူတာမျိုးတွေ ဖြစ်ပွားခဲ့ပါသေးတယ်။ ငွေတောင်းယူသူတွေကို သက်ဆိုင်ရာက ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှုးရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လူလိမ်တွေ
" မိန်းမတွေကပါ လိုက်လိမ်နေကြတာ၊ အိမ်ထဲအထိဝင်လာပြီး လိမ်တာတဲ့၊ အဖြစ်အပျက်တွေက များတော့ ကိုယ်ဘယ်အချိန် အလိမ်ခံရတဲ့ အလှည့်ရောက်လာမလဲ စိုးရိမ်နေရတယ်" လို့ လသာမြို့နယ်မှာ နေထိုင်တဲ့ မစုစုက ပြောပါတယ်။
တချို့အိမ်တွေမှာ အိမ်ထဲအထိအလိမ်ခံရတာမျိုးတွေ၊ အနုကြမ်းစီးတာမျိုးတွေ မဖြစ်အောင် နေ့စဉ်အိမ်တံခါးတွေကို နှစ်ထပ်သုံးထပ်ပိတ် နေထိုင်နေရပါတယ်။
"အိမ်တံခါးကို သံပန်းနှစ်ထပ် သစ်သားတံခါး တစ်ထပ်လုပ်ထားရတယ်၊ အရေးအကြောင်း ဖြစ်မှာ ကြောက်နေရတယ်၊ ဒါတောင် တစ်ခါ အိမ်ဖောက်ခံရမလို ဖြစ်သွားသေးတယ်၊ အိမ်အထဲမှာ လူရှိတော့ အော်ဟစ်ပြီး အကူအညီတောင်းလိုက်လို့ ထွက်ပြေးသွားတာ၊ မလွယ်ဘူး၊ ရန်ကုန်မှာ နေရာတာ၊ ရှိလဲ စိတ်ပူရ၊ မရှိလဲ ဖြစ်နေပြီ"လို့ တာမွေမှာ နေထိုင်တဲ့ ဦးသန်းထွန်းက ပြောပါသည်။
တချို့ကျတော့လဲ အိမ်ကိုလာလည်တဲ့ အသိလို ပုံစံမျိုးလုပ်ကာ အနုကြမ်းစီးတဲ့ အဖြစ်အပျက်တွေလဲ ရှိလာတာကြောင့် တိုက်ခန်းနေသူတွေ စိုးရိမ်လာကြတာဖြစ်ပါတယ်။
" ရေတစ်ခွက်လောက်တိုက်ပါ ဆိုပြီးအကူအညီတောင်းလို့ ရေတိုက်ဖို့ သွားခပ်တုန်း အိမ်ရှေ့မှာရှိတဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ခိုးသွားတာလဲ ကြုံဖူးတယ်၊ အစ်မဝမ်းကွဲ တစ်ယောက်ဆို အိမ်ထဲမှာ အဝတ်အထည် လာရောင်းရင်း ဓားထောက်လုယက်တာမျိုး အလုပ်ခံလိုက်ရသေးတော့ အိမ်ထဲမှာ စိတ်မချရ ဖြစ်နေတာ"လို့ အသက် (၂၅) နှစ်အရွယ် မရွှန်းလဲ့က ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦးက "ရန်ကုန်တမြို့လုံးရဲ့ (၁၀) ရာခိုင်နှုန်းလောက်က လှိုင်သာယာမှာ နေကြတယ်၊ လှိုင်သာယာမှကြ လူဦးရေ ခုနစ်သိန်းလောက် ရှိတယ်၊ ခိုးမှု၊ လုယက်မှုတွေကလဲ မဖြစ်ချင်မှ အဆုံးပဲ၊ အခုုဆိုရင် လှည့်ကင်း၊ ပတ်ကင်း၊ ဝပ်ကင်းတွေနဲ့ လုပ်ဆောင်နေကြတယ်"လို့ ပြောပါတယ်။
Credit : ကုမုဒြာဂျာနယ်ပါ ဆောင်းပါးကို Shweproperty.com မှ ထုတ်နှုတ်ရေးသား ဖော်ပြခြင်း ဖြစ်သည်။
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties