By EMG, Shweproperty.com
Updated at 31 March 2013
ရန်ကုန်မြို့၏ တိုးတက်လာသည့် လူဦးရေအတွက် မြို့ပြချဲ့ထွင်ရန် လိုအပ်နေသည့်အပေါ် ရန်ကုန်မြို့ပြ ချဲ့ထွင်မှု စီမံကိန်းတစ်ရပ်အဖြစ် ဝေဠုဝန်အိမ်ရာ၊ ရန်ကင်းအိမ်ရာ စသည့် အိမ်ရာစီမံကိန်း ၁၁ ခုနေရာ၌ မူလတိုက်ခန်းများထက် အခန်းများ တိုးချဲ့နိုင်ရေးအတွက် အထပ်မြင့် အဆောက်အအုံများ အဖြစ် ပြောင်းလဲတည်ဆောက် သွားမည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
“ရန်ကုန်မြို့က ရွှေဂုံအိမ်ရာ စီမံကိန်းကို အဆင့်မြှင့် တည်ဆောက်ဖို့အတွက် အခုဆိုရင် တင်ဒါခေါ်ထားပါပြီ။ ရွှေဂုံအိမ်ရာအပြင် ရန်ကုန်မှာရှိတဲ့ ဝေဠုဝန်၊ ရန်ကင်း စတဲ့အိမ်ရာ စီမံကိန်းတွေကိုလည်း အဆင့်မြှင့် တည်ဆောက်သွားမှာပါ။ ရွှေဂုံအိမ်ရာဆိုရင် မြေဧရိယာ၂ ဒသမ ၂၀၇ ဧက ကျယ်တယ်။ တိုက်လေးလုံး၊ တိုက်ခန်း ၄၀ ပါဝင်တယ်။ အဲဒီနေရာမှာ အထပ်မြင့် အဆောက်အအုံအဖြစ် တည်ဆောက်သွားမှာပါ။
ဒါပေမယ့် ရွှေဂုံအိမ်ရာက ရွှေတိဂုံဘုရားနဲ့နီးတော့ အထပ်မြင့် ဆိုပေမယ့် ခြောက်ထပ်ထက်ပိုပြီး တည်ဆောက်ခွင့်ပြုမှာ မဟုတ်ပါဘူး။ တခြားနေရာတွေမှာတော့ အထပ်မြင့်ကို ဘယ်လောက်အထိဆိုတာ မသတ်မှတ်ရသေးပေမယ့် အထပ်မြင့်တွေတော့ တည်ဆောက်မှာပါ။ အဲဒီအိမ်ရာတွေမှာ လက်ရှိနေထိုင်တဲ့ သူတွေအပြင် နောက်ထပ်မိသားစု ၁၀၀ လောက် နေထိုင်လို့ရတဲ့ အနေအထားဖြစ်အောင် ဆောင်ရွက်သွားမှာပါ” ဟုမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်နိုင်က ပြောသည်။
အဆိုပါ အိမ်ရာစီမံကိန်း ၁၁ ခုမှာ ဝေဠုဝန်အိမ်ရာ၊ ရန်ကင်းအိမ်ရာ၊ သုဝဏ္ဏအိမ်ရာ၊ ပျဉ်းမပင်၊ ပုစွန်တောင် ပြည်တော်သစ်၊ ရွှေဂုံ၊ ၅၁ လမ်းအိမ်ရာ၊ လမ်းသစ်၊ ကြို့ကုန်း၊ ဦးဝိစာရနှင့် ဖဆပလအိမ်ရာတို့ ဖြစ်သည်။
မြန်မာနိုင်ငံ၏ မြို့ပြဒေသ လူဦးရေတိုးနှုန်း မြင့်တက်လာမှုကြောင့် အခြေခံ အဆောက်အအုံနှင့် ပြည်သူ့အိမ်ရာ လိုအပ်ချက်မှာ တိုးမြှင့်လာ လျက်ရှိကြောင်း မြန်မာနိုင်ငံ အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အိမ်ရာကဏ္ဍ ဘဏ္ဍာငွေ စီမံခန့်ခွဲမှုစနစ် အလုပ်ရုံဆွေးနွေးပွဲတွင် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
“ရန်ကုန်မြို့ရဲ့ တိုးတက်လာနေတဲ့ လူဦးရေအတွက် အိမ်ရာလိုအပ်ချက်ကလည်း များလာတယ်။ မြို့ကို ချဲ့ဖို့လိုသလို အပေါ်ကိုလည်း ချဲ့ဖို့လိုပါတယ်။ ဘေးကိုချဲ့မယ်ဆိုရင် သယ်ယူပို့ဆောင်ရေး ကိစ္စ၊ Infrastructure တွေလည်း လုပ်ရမယ်။ အပေါ်ကို ချဲ့မယ်ဆိုရင်တော့ လက်ရှိပြန်လည် တည်ဆောက်ဖို့လိုနေတဲ့ အိမ်ရာတွေကိုလည်း အထပ်မြင့် အဆောက်အအုံတွေ ပြောင်းလဲတည်ဆောက် သင့်ပါတယ်” ဟု မြို့ပြစီမံကိန်းဆိုင်ရာ ပညာရှင်တစ်ဦးက သုံးသပ်သည်။
ထို့ပြင် ရန်ကုန်မြို့၏ တိုးပွားလာနေသည့် လူဦးရေအတွက် Yangon City Concept Plan-2040 ကို ရေးဆွဲလျက်ရှိကြောင်း သိရသည်။
Ref: EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties