By The Voice Weekly, Shweproperty.com
Updated at 24 August 2013
အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ အဆမတန်ကြီး မြင့်နေမှုနှင့် အခွန်အကောက်များ ဆုံးရှုံးခြင်းမှ ကာကွယ်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေရာဒေသအလိုက် တစ်ပေပတ်လည် မြေဈေးနှုန်းများကို တရားဝင် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း က ပြောကြားသည်။
ယင်းသို့ တစ်ပေပတ်လည်မြေ ပေါက်ဈေးနှုန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးကို ကာလပေါက်ဈေးနှင့်အညီ သတ်မှတ်ပေးရန် သက်ဆိုင်ရာဒေသ အစိုးရတာဝန်ရှိသူများ ပါသည့် ဈေးနှုန်းတွက်ချက်သည့် အဖွဲ့ထံမှ တောင်းခံထားခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွက် နေရာအလိုက် မြေဈေးနှုန်းများကို တွက်ချက်သတ်မှတ်ပြီး ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“နေရာအလိုက် ဝင်ဒါမီယာဆို ဘယ်ဈေး၊ မြောက်ဒဂုံဆို ဘယ်ဈေး၊ တစ်ပေပတ်လည်နှုန်းနဲ့ တွက်ချက်ထားပါတယ်” ဟု ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။
ယင်းသို့ နေရာဒေသအလိုက် ကာလပေါက်ဈေးနှင့်အညီ သတ်မှတ်ထားသည့် မြေဈေးနှုန်းများကို မကြာမီ ထုတ်ပြန်ပေးမည်ဖြစ်ပြီး ယင်းပေါက်ဈေးအတိုင်း အခွန်အခများ ပေးဆောင်ရမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“မြေဈေးတွေ တစ်ပေနှုန်းသတ်မှတ်ရင် သတ်မှတ်တဲ့အတိုင်း အခွန်တော့ရမယ်၊ မြေဈေးတော့ ကျသွားမှာ မဟုတ်ဘူး။ ကြိုက်ရောင်းကြိုက်ဝယ် မြေမှောင်ခို ဈေးကွက်သဘောတွေ ရှိလာမယ်” ဟု စိုင်းခွန်နောင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးရန်အောင်က သုံးသပ်သည်။
မြေဈေးနှုန်းကို ယင်းသို့ သတ်မှတ်ပါက စာချုပ်ပေါ်တွင်သာ သတ်မှတ်နှုန်းဖြင့် စာချုပ်ချုပ်ဆိုသော်လည်း ဈေးနှုန်း ပိုပေးဝယ်ခြင်းမျိုးကို အစိုးရက ထိန်းချုပ်နိုင်မည် မဟုတ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“ဒီလိုဈေးနှုန်း သတ်မှတ်လို့ မြေဈေး မကျနိုင်ဘူး။ ဈေးကွက် သဘောအရဈေးက ဝယ်သူရှိရင် ဆက်တက်နေမှာပဲ” ဟု ပြည်ကြီးတံခွန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးနေဇော်အောင်က ပြောကြားသည်။
အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ယင်းသို့ သုံးသပ်နေသော်လည်း ယခုဆောင်ရွက်ချက်မှာ ပြည်တွင်း အိမ်၊ ခြံ၊ မြေဈေး ကျဆင်းစေရေး အစိုးရ၏ ကနဦး ခြေလှမ်းမျှသာဖြစ်ပြီး နောက်ဆက်တွဲ ဆက်တိုက်လုပ်ဆောင်မည့် အစီအစဉ်များ ရှိသည်ဟု ယူဆရကြောင်း၊ ပြည်တွင်း အိမ်၊ ခြံ၊ မြေဈေး မြင့်တက်မှုကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပါအဝင် ပြည်တွင်း စီးပွားရေး ဖွံ့ဖြိုးစေမှုတို့တွင် ကြီးစွာသော အဟန့်အတား ဖြစ်နေသဖြင့် အစိုးရက မြေဈေးကျဆင်းစေရန် ကာလအတန်ကြာကပင် စီစဉ်ထားသည်ဖြစ်ရာ ဆင့်ကဲလုပ်ဆောင်မှုများ ဆက်လက်ဖြစ်ပေါ်လာမည် ထင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။
မြေဈေးနှုန်း ကြီးမြင့်မှုကို တားဆီးရာတွင် တဇွတ်ထိုး ဆောင်ရွက်၍ မရသည်ကို သိရှိကြောင်း၊ ယခုအခါ အခွန်အဖွဲ့ (Tax Monitoring Board) ကို ဖွဲ့စည်းထားပြီးနောက် အခွန်အခများ ပိုမို ကောက်ခံသည့် နည်းဖြင့်သာ မြေဈေးနှုန်းများကို ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။
“ရင်းနှီးမြှုပ်နှံမှုတွေနှေးတာ မြေဈေးကလည်း အဓိကအကြောင်း ဖြစ်နေတော့ အဲဒါ ပြန်စိစစ်ပြီး အခွန်နဲ့ ထိန်းမယ်” ဟု ၎င်းကဆိုသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြေယာဈေးနှုန်း တွက်ချက်သည့် လုပ်ငန်းကို သက်ဆိုင်ရာ ဒေသအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးစီ ပါဝင်သည့် ဈေးနှုန်းတွက်ချက်သည့်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေကြောင်း ဦးစိုးသိန်းက ထပ်လောင်းပြောကြားသည်။
စီမံကိန်းသတင်းများနှင့် အခြားဆက်စပ် အကြောင်းအရာ များကြောင့် မြေဈေးနှုန်းများ မြင့်တက်ရခြင်းမှာ လောင်းကစား ပြုလုပ်လိုသည့် အလေ့အထများကြောင့်ဖြစ်ပြီး ယင်းဖြစ်ရပ်များကို ထိန်းသိမ်းရန် ငွေကြေး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်မည့် နေရာတစ်ခု ဖြစ်လာရေးအတွက် ၂၀၁၅ ခုနှစ်အမီ စတော့အိတ်ချိန်းတစ်ခုကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် တည်ထောင်သွားမည် ဖြစ်ကြောင်း ဒေါက်တာ မောင်မောင်သိမ်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် အိမ်၊ ခြံ၊ မြေများကို ငွေပိုငွေလျှံ ရှိသူများက လုပ်ငန်းတစ်ခုသဖွယ် အကျိုးအမြတ်ရရှိရန် ဈေးကစားမှုကြောင့် ကာလအတန်ကြာကပင် မြေဈေးများ မြင့်တက်နေခြင်းဖြစ်ကြောင်း၊ ယင်းအပြင် အစိုးရသစ်လက်ထက်တွင် ဝင်ရောက်လာရန်ရှိသည့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဈေးကိုင်ထားနိုင်ရန် အတွက်လည်း ငွေပိုငွေလျှံ ရှိသူများက မြေကွက်များကို ဈေးမြင့်ပေးဝယ်ကာ ကိုင်ထားကြ၍ ပြည်တွင်းမြေဈေးများ ဆက်တိုက်တက်လာခြင်း ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ထားသည်။
Ref : The Voice Weekly
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties