By Eleven Media Group, Shweproperty.com
Updated at 26 May 2016
ရန်ကုန်တိုင်းဒေသကြီးအတွင်း မင်းမဲ့စရိုက်ဆန်ဆန် မြေကွက်များကို အတင်းဝင်လုကာ စီးပွားရှာနေမှုများကို တည်ဆဲဥပဒေအရ အရေးယူမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေ ၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးတွင် ပြုလုပ်သည့် ကျူးကျော်စာရင်းကောက်ယူရေးဆိုင်ရာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
“မင်းမဲ့စရိုက်ဆန်ဆန် မြေကွက်တွေကို အတင်းဝင်လုပြီး စီးပွားရှာနေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို တည်ဆဲ ဥပဒေအရ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အများပြည်သူပိုင် မြေကွက်တွေကို ဒီလို အလွယ်တကူ ရောင်းစားနေမယ်ဆိုရင် ဘယ်လိုထိန်းချုပ်မလဲ။ ဒီအခြေအနေတွေအတွက် ကျွန်တော်တို့ ပြင်ဆင်ကြရမယ့်ကာလ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က နေထိုင်သူများကို ရွှေ့ပြောင်းခိုင်းစေခဲ့ပြီး ရွာအား ဖျက်သိမ်းခဲ့သည့် လှည်းကူးမြို့နယ်ရှိ သမီးလေးကျေးရွာနှင့် ပတ်သက်၍လည်း ယင်းနေရာသည် ကျူးကျော်များ မဟုတ်ကြောင်း၊ အဆိုပါနေရာရှိ မြေကွက်များကို လူအချို့က ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းပြောကြားသည်။
“ဒါကျူးကျော် မဟုတ်ပါဘူး။ ဒါဟာ မြေကွက်နေရာ ဝင်လုတဲ့ပွဲပါ။ ကျူးကျော်နဲ့ မှားပါမယ်။ အချို့က နေရာစရာမရှိလို့ အခက်အခဲ ဖြစ်လို့ လာပြီးနေတာပါ။ ဒါ ကျူးကျော် မဟုတ်ပါဘူး။ မြေကွက်ရရင် စီးပွားရှာမယ်။ ဒီကနေ အလုပ်လုပ်မယ်။ ဒီအပြင် ရွေးကောက်ပွဲကြီး အပြီးမဲပေးလို့ အပြီးမဲပေးလို့ နောက်တစ်ရက်မှာပဲ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သားဖြစ်တဲ့ ဦးထွန်းနိုင်ရွှေရဲ့ မြေကွက်ကို ဝင်ကျူးကျော်ပါတယ်။ NLD အလံထောင်ဖို့ လုပ်ပါတယ်။ ပြည်သူ့အစိုးရပေါ်ပြီး ဒီလူတွေဆီက မြေကွက်ကို အတင်းဝင်ကျူးကျော်ပါတယ်။ ဒီအခြေအနေတွေက နောက်ကွယ်က ပါဝင်ပတ်သက်နေမှုတွေ ရှိပါတယ်။ နိုင်ငံရေးပါတီအချို့ကလည်း ဒီအလုပ်တွေကို ဝင်လုပ်ပါတယ်” ဟု ၎င်းက ဆိုသည်။
]]သမီးလေးကျေးရွာ ပေါ်ပေါက်လာတဲ့အခါမှာ ပြည်သူလူထု ဖြစ်တဲ့ ဆင်းရဲတဲ့ တောင်သူလယ်သမားတွေဟာ တော်တော့်ကို ဒုက္ခရောက်သွား ရှာပါတယ်။ သူတို့ ဒီမှာ လာနေပါတယ်။ အဲဒီနေရာ ဘာကြောင့် တည်မြဲသလဲဆိုရင် အဲဒီနေရာမှာ ဧက ၁၀၀၀၀ ကျော်လောက်ရှိတဲ့ ကွက်လပ်ကြီး ဖြစ်ပါတယ်။ အဲဒီနေရာအားလုံးကို လက်ညှိုးထိုးပြီး ရောင်းကြပါတယ်။ အပြိုင်အဆိုင် အလုအယက် ရောင်းကြပါတယ်။
ဘယ်လောက် အခြေအနေဆိုးလဲဆိုရင် မင်းလွင်ကုန်း ဦးကြည်စိုးလို့ ခေါ်တဲ့လူ ၊ ဖရဲ ကိုသိန်းထွန်းဆိုတဲ့သူက လက်ညှိုး ထိုးရောင်းတယ်။ ဝယ်သူက ဒေါ်ချယ်ရီ ဖြစ်ပါတယ်။ ဒီတစ်ကွက်တည်းကိုပဲ ငါပိုင်တယ်၊ သူပိုင်တယ် ဆိုပြီး ရန်ဖြစ်ရင်းနဲ့ အဓိကရုဏ်း ဖြစ်မလို ဖြစ်ပါတယ်။ မင်းလွင်ကုန်း ဦးကြည်လှက NLD အလံကို ထောင်ဖို့ ကြိုးစားပါတယ်။ တစ်ဖက်ကလည်း ကိုကျော်ကျော်ကို တိုင်ပြီး ဖရဲ ကိုသိန်းထွန်းကလည်း ဒီနယ်မြေမှာ ဦးကြည်လှက လာလူလည် လုပ်တယ်။ ရန်တွေဖြစ်ကြမလို အဓိကရုဏ်း ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။
“အခုကျူးကျော်တွေကို ရောင်းခဲ့တဲ့ ဧက ၁၀၀၀၀ လောက်၊ ကျူးကျော်သမားတွေကို အဲဒီနေရာမှာ ခေါ်သွင်းပြီး လူသားတိုင်းကို လာနှိမ်နင်းတဲ့အချိန်မှာ အဲဒီရောင်းစားသွားတဲ့သူ ဘယ်သူမှမရှိတော့ပါဘူး။ အဲဒီမှာ ပြည်သူတွေကတော့ အထုပ်ကလေးတွေ ပိုက်ပြီး ဒုက္ခသည်စခန်းမှာ တကယ့်ကို မီဒီယာဖော်ပြရင် ရင်နာဖွယ် မြင်ကွင်းတွေ မြင်တွေ့ခဲ့ ရပါတယ်။ ပြည်သူတွေခမျာလည်း သနားပါတယ်။ အလုပ်ပြုတ်သွားတယ်။ ဟိုဘက်က ရာဘာခြံမှာ အလုပ်လုပ်နေတုန်း မြေကွက်ရမယ်ဆိုပြီး ဒီဘက်ကို ရောက်လာတာပါ။ ဒါပေမဲ့ မြေကွက်လည်း မရဘူး။ အလုပ်လည်း မရဘူး။ ဘုန်းကြီးကျောင်းမှာ ဒုက္ခသည်အဖြစ် ဖြစ်သွားတဲ့ ဘဝရောက်သွားပါတယ်။ ဒီအခြေအနေတွေကို သတင်းမီဒီယာတွေကနေ ဖော်ပြတယ်။ အဲဒီကျူးကျော်ခဲ့တဲ့ ဧကတစ်သောင်းကို ၁၀ သိန်းနဲ့ တွက်ကြည့်ပါ။ သိန်း တစ်သိန်းလောက် လုပ်စားသွားနိုင်ခဲ့တဲ့ လူပုဂ္ဂိုလ်တစ်ယောက် ဒီလောက်ပိုက်ဆံနဲ့ သူ လွယ်လွယ်မရနိုင်ဘူး။ အဲဒီပိုက်ဆံ ရခဲ့တဲ့သူတွေ အခုအချိန်အထိ ပန်းပန်လျက်ပါပဲ။ အေးအေးဆေးဆေးပါ။ ဟိုတယ်တွေ ပိုင်တယ်။ လုပ်ငန်းတွေ လုပ်တယ်”ဟု ၎င်းက ဆိုသည်။
ဥပဒေချိုးဖောက်လုပ်ကိုင်ခဲ့မှုအပေါ်တွင် မည်သည့်သက်ရောက်မှုမျှ မရှိဆိုသည့် အခြေအနေမျိုး မဖြစ်အောင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းသို့ လုပ်ဆောင်သွားခဲ့သည့် လုပ်ငန်းရှင်၏ အမည်ကိုမူ ၎င်းက ဖြေကြားခဲ့ခြင်း မရှိပေ။
Ref : Eleven Media Group
Photo Credit : social
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties