By ဧရာဝတီ, Shweproperty.com
Updated at 28 August 2014
ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရန်ကုန်မြို့သစ် စီမံကိန်းတခုကို ပုဂ္ဂလိကပိုင် အများပိုင်ကုမ္ပဏီတခုဖြစ်တဲ့ မြန်မာ့စေတနာ မြို့သစ်ကုမ္ပဏီကို တရားဝင် လုပ်ဆောင်ခွင့် ပေးလိုက်ပြီလို့ ကြေညာလိုက်ပေမယ့် ဒီစီမံကိန်းကို လုပ်ကိုင်ခွင့်ရမယ့် မြန်မာ့ စေတနာမြို့သစ် အများပိုင်ကုမ္ပဏီအကြောင်း သေချာရှင်းလင်းစွာ ထုတ်ဖော် ပြောဆိုခြင်း မရှိသလို ဘယ်လိုစံချိန်စံညွှန်း တွေကြောင့် ရန်ကုန်မြို့သစ် စီမံကိန်းအတွက် အဲဒီကုမ္ပဏီကို ရွေးချယ်ခဲ့သလဲဆိုတာကို ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။
ရန်ကုန်မြို့သစ်စီမံကိန်းအတွက် မြန်မာ့စေတနာ မြို့သစ် ကုမ္ပဏီတခုတည်းက တာဝန်ယူမယ်ဆိုတာရယ်၊ ရင်းနှီးမြှုပ်နှံ မယ့် ငွေကြေးပမာဏဖြစ်တဲ့ အမေရိကန် ဒေါ်လာ ၈ ဘီလီယံဆိုတာက အင်မတန် မှ များပြားလှတဲ့ ငွေကြေး ပမာဏ ဖြစ်ပြီး ဒီငွေကြေး တွေကဘယ်ကလာတဲ့ ငွေကြေးတွေလဲ ဆိုတာရယ် က အင်မတန် စိတ်ဝင်စား စရာကောင်းလှပါတယ်။ ဒါကြောင့် ဧရာဝတီက ဆက်သွယ်စုံစမ်းခဲ့ပါတယ်။
မြန်မာ့စေတနာမြို့သစ်ဟာ အများပိုင်ကုမ္ပဏီ အဖြစ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ မှတ်ပုံတင်ရရှိခဲ့ပြီး မှတ်ပုံတင် အမှတ်က ၄၅၀၆/၁၃-၁၄ ဖြစ်ပါတယ်။ မြန်မာ့ စေတနာ မြို့သစ် အများပိုင်ကုမ္ပဏီရဲ့လိပ်စာအဖြစ် တိုက်အမှတ် ၂၊ ဦးရွှေပင်လမ်းနဲ့ မြတ်အိမ်ရာလမ်း သွယ်၊ ရွှေပြည်သာ စက်မှုဇုန် ၃၊ ရွှေပြည်သာမြို့နယ် လို့ အစိုးရထံမှာ တရားဝင် မှတ်ပုံတင်ထားပေမယ့် အဲဒီနေရာကို ဧရာဝတီ က သွား ရောက် ရှာဖွေရာမှာ တော့ အမှန်တကယ် ကုမ္ပဏီရုံးခန်းဖွင့်လှစ်ထား တာမျိုး မတွေ့ခဲ့ရပါဘူး။
ရန်ကုန်မြို့သစ် စီမံကိန်းကြီးတခုမှာ အမေရိ ကန် ဒေါ်လာဘီလီယံချီ ရင်းနှီးမြှုပ်နှံမယ့် မြန်မာ့ စေတနာကုမ္ပဏီက ရုံးခန်း ရယ်လို့ ထည်ထည်ဝါဝါ မရှိဘဲ အင်မတန် ဝေးလံခေါင်သီလှတဲ့ ရွှေပြည်သာ စက်မှုဇုန် ၃ လို နေရာမျိုးက လိပ်စာထည့် သွင်းပြီး ကုမ္ပဏီ မှတ်ပုံတင်ခဲ့တာက အင်မတန် အံ့ဩစရာ ပါပဲ။ မြန်မာ့စေတနာ မြို့သစ်ကုမ္ပဏီအများပိုင် ကုမ္ပဏီရဲ့ မတည်ရင်းနှီးငွေက ကျပ်သန်း ၁၀ဝ၀ ဖြစ်ပြီး ကနဦးထည့်ဝင်ငွေက ကျပ်သန်း ၇၀ ဖြစ် တယ်လို့ ဝန်ကြီးဌာနကရရှိတဲ့ အချက်အလက်တွေ အရ သိရှိရပါတယ်။ လုပ်ငန်းဆောင်ရွက်ခွင့် အမှတ် လတ်တလော မရှိသေးဘူးလို့ သိရှိရပါတယ်။
မြန်မာ့စေတနာမြို့သစ် ကုမ္ပဏီရဲ့ မန်နေဂျင်း ဒါရိုက်တာအဖြစ် ဦးသက်ဦးဆိုသူက တာဝန်ယူထား ပြီး ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည်ဖော် မယ့်နေရာမှာ ကျရောက်နေတဲ့ ကျေးရွာတွေက ဒေသခံ ၁၁ ဦးကို ကုမ္ပဏီ ဒါရိုက်တာ တွေအဖြစ် ခန့်အပ်ထားတာပါတယ်။
ဦးသက်ဦးက ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ကြည့်မြင်တိုင်မြို့နယ် အလတ်ချောင်းကျေးရွာဒေသခံ တွေနဲ့ မကြာသေး မီ က တွေ့ဆုံခဲ့ပြီးလှိုင်မြစ်နဲ့တဖက် ကမ်းဆီဖြစ်နေတဲ့ အလတ်ချောင်းကျေးရွာနဲ့ ကြည့် မြင်တိုင် ဗားကရာကို တံတားထိုးဖို့ ပထမဦးဆုံး ခြေလှမ်းလုပ်ဆောင်မယ့် အကြောင်း ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။
တံတားထိုးဖို့ မလွတ်ကင်းတဲ့ အိမ်တွေကို ဖယ်ရှားပြီး စေတနာအိမ်ရာလို့ အမည်တွင်မယ့် အိမ်ရာတွေ တည်ဆောက် ပေးမယ်လို့ ဦးသက်ဦးက ဆိုပါတယ်။ အစားပြန်ပေးမယ့် အိမ်တွေက ပေ ၄၀၊ ပေ ၆၀ မြေကွက်တွေပေါ်မှာ တည်ဆောက် ထားတဲ့ အိမ်တွေဖြစ်ပြီး ပရိဘောဂတွေနဲ့ အကောင်းဆုံးဆိုတဲ့ မစ်ဆူဘီရှီ အဲယားကွန်းတွေ ထည့်သွင်းပေးမယ်လို့ လည်း ဆိုပါတယ်။ ဒေသခံတွေရဲ့မေးမြန်းချက်တွေ ကို ဦးသက်ဦးက ဖြေကြားပေမယ့် ရင်းနှီးမြှုပ်နှံမယ့် ငွေကြေးတွေက ဘယ်က လာတယ်ဆိုတာ ဦးသက်ဦး က ပြောဆိုသွားခြင်း မရှိပါဘူး။
ဧရာဝတီသတင်းဌာနက မြန်မာ့စေတနာ ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာ ဦးသက်ဦးကိုဆက်သွယ် မေးမြန်းခဲ့ပေမယ့် မီဒီယာ တွေကို အသိပေးစရာ လတ်တလော သတင်းအချက်အလက်မရှိသေးကြောင်း၊ မြန်မာ့စေတနာကုမ္ပဏီ ဥက္ကဋ္ဌက သူသာ လျှင်ဖြစ်ကြောင်း ပြောဆိုပါတယ်။
ဒါပေမယ့် ဧရာဝတီက မေးမြန်းစုံစမ်းခဲ့တဲ့ စီးပွားရေး အသိုင်းအဝိုင်းနဲ့ လုပ်ငန်းရှင်တွေက မြန်မာ့ စေတနာကုမ္ပဏီရဲ့ နောက် ကွယ် မှာ ဆောက်လုပ် ရေးလုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက် စန်းဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေ တယ် လို့ ဆိုကြပါ တယ်။ သူတို့ဟာ အရင်စစ်အစိုးရ ဝန်ကြီးတွေ၊ ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးလှသူတွေလည်း ဖြစ်တဲ့အပြင် ရန်ကုန် တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ စစ်တပ်မှာဒုတိယ ဗိုလ်ချုပ်ကြီးအဖြစ်ရှိစဉ်ကတည်းက ဆက်ဆံရေး ပြေလည်မှု ရှိကြောင်း စုံစမ်းသိရှိရပါတယ်။ အရင် မြို့တော်ဝန် ဦးအောင်သိန်းလင်းနှင့် ရင်းနှီးသူဖြစ် တာကြောင့် အခုပြည်သူ့ရင်ပြင် အတွင်းမှာ စီးပွား ရေး လုပ်ငန်းများစွာ လုပ်ကိုင်ဖွင့်လှစ်ခွင့်ရရှိခဲ့တယ် လို့ ရန်ကုန်စီးပွားရေး လုပ်ငန်းရှင် တဦးကလည်း ပြော ဆိုပါတယ်။
ရန်ကုန်အခြေစိုက် ဟိုတယ်လုပ်ငန်းရှင်တဦး ကတော့ ရှောက်ပန်းဟာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဆောက်လုပ်ရေးဝန်ကြီးတို့နဲ့ အလွန်နီးစပ်သူဖြစ်ပြီး ယခုစီမံကိန်း လုပ်ပိုင်ခွင့်ရရှိ အောင် ဦးမြင့်ဆွေက လုပ်ပိုင်ခွင့် ပေးခဲ့ ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးချုပ် ဦးမြင့်ဆွေက ယခုစီမံကိန်း အတွက် သမ္မတ ဦးသိန်းစိန်ထံသွားပြီး စည်းရုံး ပြောဆို ဖျောင်းဖျ ခဲ့ရာမှ ယခုစီမံကိန်းကို သမ္မတက မီးစိမ်းပြခဲ့တယ်လို့ ပြောဆိုပါတယ်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရနဲ့ နီးစပ်သူ တဦးက ရန်ကုန်မြို့သစ် စီမံကိန်းနောက်ကွယ်မှာ တရုတ်လုပ်ငန်းရှင်တွေ အများ အပြား ပါဝင်ပတ်သက် နေတယ်ဆိုပြီး ပြောပါတယ်။
“အခုလုပ်ငန်းရှင် ညီအစ်ကို ၂ ယောက်လုံးက အရမ်းချမ်းသာတာ မပြောနဲ့ သူတို့နောက်မှာတရုတ် တွေ ရှိတယ်။ တရုတ်အစိုးရ အေးဂျင့်တွေလို့တောင် ပြောလို့ရတယ်” လို့ သူကပဲ မှတ်ချက်ပြုပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရန်ကုန်မြို့ သစ် စီမံကိန်းအတွက် သိုသိပ်စွာလုပ်ဆောင်ခဲ့ ကြောင်းပြောဆိုပေမယ့် သတင်းကြိုထွက်ခဲ့လို့ စစ် ဗိုလ်ချုပ်ကြီးတွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း၊ စီးပွား ရေးအသိုင်းအဝိုင်းက ၂၀၁၄ ခုနှစ် မတ်လ ကတည်း က စီမံကိန်းလုပ်ဆောင်မယ့် နေရာတွေမှာ မြေကွက် တွေ အလုအယက် ဝယ်ယူခဲ့ကြတယ်လို့ စုံစမ်းသိရှိ ရပါတယ်။ မြေကွက်ဝယ်ယူထားသူတွေထဲမှာအငြိမ်း စား ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီးတွေလည်း ပါဝင်တယ်လို့ သတင်း ထွက်ပေါ်နေပါတယ်။
ရန်ကုန်မြို့သစ်စီမံကိန်းကို ခွင့်ပြုခဲ့တဲ့ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက ဆိပ်ကြီး ခနောင်တိုမြို့နယ်က ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တဦးလည်းဖြစ်တာမို့ မြို့သစ်စီမံကိန်း ကြောင့်သူ့မဲဆန္ဒနယ်မှာ ထောက်ခံမှုနှုန်း မြင့်တက်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ဒီလို လျှို့ဝှက်ချက်တွေများနေတဲ့ ရန်ကုန်မြို့ သစ် စီမံကိန်းက မမြင်နိုင်တဲ့နိုင်ငံရေး ရည်ရွယ်ချက် နဲ့ စီးပွားရေး ခြယ်လှယ် မှုတွေ ရှိနေတာမို့ ပွင့်လင်း မြင်သာပြီး ကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ လူထုလူ တန်းစား အားလုံးပါဝင်တဲ့ ဒီမိုကရေစီ စနစ် ကို တည် ဆောက်နေပါတယ်ဆိုတဲ့ လက်ရှိနေပြည်တော် အစိုးရရဲ့ ပြောဆိုချက်များနဲ့ မိုးနဲ့မြေလို ကွာဟ လွန်း နေကြောင်း ပါ။
Ref : ဧရာဝတီ
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties