By Eleven Media Group, Shweproperty.com
Updated at 6 January 2016
ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ခွင့် တင်ဒါများအား စိစစ်မှုနောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး မကြာမီ ထုတ်ပြန်နိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ရန်ကုန်မြို့သစ် စီမံကိန်းကို လက်ရှိ ရန်ကုန်မြို့၏ အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းအကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေး ကားလမ်းအကြား မြေနေရာများကို လျာထားပြီး ကြည့်မြင်တိုင် တစ်ဖက်ကမ်း တွံတေးမြို့နယ်ရှိ မြေနေရာများ ပါဝင်ကြောင်း သိရသည်။
ယင်းစီမံကိန်းအတွက် တင်ဒါများကို ၂၀၁၅ ခုနှစ် ဇူလိုင် ၁၂ ရက်မှ စတင်၍ ခေါ်ယူခဲ့ရာ တင်ဒါ လျှောက်လွှာ ဝယ်ယူခဲ့သည့် ကုမ္ပဏီ ၅၀ ကျော်အနက် ကုမ္ပဏီသုံးခုက တင်ဒါ တင်သွင်းခဲ့ကြခြင်းဖြစ်သည်။ တင်ဒါ တင်သွင်းခဲ့သည့် ကုမ္ပဏီသုံးခုမှာ ရန်ကုန် အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သောကုမ္ပဏီ၊ Business Capital City Developmentနှင့် ရွှေသံလွင်ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သည့် ရွှေပုပ္ပါး အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်တို့ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါကုမ္ပဏီများအနက် လုပ်ကိုင်နိုင်သည့် ကုမ္ပဏီကို လုပ်ကိုင်ခွင့် ချပေးရန် စိစစ်နေမှုမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး မကြာမီ ထုတ်ပြန်ပေးနိုင်တော့မည်ဟု ဆိုသည်။
"ဒီစီမံကိန်းကို အားလုံးစိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။ အခု တင်ဒါစိစစ်မှု နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ မကြာမီ ထုတ်ပြန်ပေးနိုင်မှာပါ"ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့သစ် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ရန်ကုန် အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သောကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ၊ Business Capitay City Development Ltd မှ ပြည်တွင်းပြည်ပဘဏ်များမှ ချေးငွေရယူခြင်းနှင့် ရှယ်ယာခေါ်ယူခြင်း၊ ဒါရိုက်တာများ ပိုင်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှုများဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ရွှေသံလွင်ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သည့် ရွှေပုပ္ပါး အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီလိမိတက်က ကျပ်ငွေ ၅၀၀ ဘီလျံနှင့် ပြည်တွင်းပြည်ပဘဏ် များမှ ချေးငွေရယူမည်ဖြစ်ကြောင်း တင်ပြထားသည်။
ရန်ကုန်မြို့သစ် စီမံကိန်းတွင် မြစ်ကူးတံတားများ၊ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ အငှားအိမ်ရာ စီမံကိန်းများ၊ ဘိုးဘွားရိပ်သာ၊ အဝေးပြေး ယာဉ်ရပ်နားစခန်း၊ စာကြည့်တိုက်၊ ပြတိုက်များ၊ လေယာဉ်ကွင်းအပြင် သာသနာ့ တက္ကသိုလ်များလည်း ပါဝင်မည်ဖြစ်ပြီး ဒေသခံ ပြည်သူများအတွက် အလုပ်အကိုင်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့သစ် စီမံကိန်းအား ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က တရားဝင် ရုပ်သိမ်းခဲ့ပြီး ဖြစ်သော်လည်း ၂၀၁၅ ခုနှစ် ဇွန်လအတွင်း ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေးတွင် ကြည့်မြင်တိုင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က "ရန်ကုန်မြို့သစ်စီမံကိန်း အမြန်အကောင်အထည် ဖော်ပေးရေး"အဆိုကို ပြန်လည်တင်သွင်းလာမှုကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့က ကန့်ကွက်သော်လည်း ထောက်ခံသူ များပြားခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့၍ တစ်ကျော့ပြန် အကောင်အထည်ဖော်ရန် ဖြစ်လာခဲ့သည်။
သို့ဖြစ်ရာ ရန်ကုန်မြို့သစ် စီမံကိန်းအား အစိုးရ၏ ကျန်ရှိသက်တမ်း လအနည်းငယ်အတွင်း မည်သည့်အတွက်ကြောင့် အလျင်စလို အကောင်အထည် ဖော်လိုသနည်းဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မေးခွန်းထုတ်မှုများလည်း ရှိခဲ့သည်။
ယင်းစီမံကိန်းတွင် တရားမဝင် ငွေမည်းများ စီးဝင်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေပြီး ရင်းနှီးမြှုပ်နှံမည့်ငွေကြေးများနှင့် ပတ်သက်၍ တရားဝင်ငွေကြေးများ ဟုတ်မဟုတ် သက်ဆိုင်ရာဌာနများက ဥပဒေနှင့်အညီ စိစစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောကြားထားသည်။
Ref : Eleven Media Group
Photo Credit : EMG
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties